ပြည်တွင်းပြည်ပ၌ မြန်မာ့ပုလဲရောင်းချပွဲ သုံးကြိမ်ပြုလုပ်ခဲ့ရာ ကျပ် ၁၃ ဘီလျံကျော်ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် ကျပ်နှစ်ဘီလျံနီးပါး ပိုမိုရရှိ

ပြည်တွင်းပြည်ပ၌ မြန်မာ့ပုလဲရောင်းချပွဲ သုံးကြိမ်ပြုလုပ်ခဲ့ရာ ကျပ် ၁၃ ဘီလျံကျော်ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် ကျပ်နှစ်ဘီလျံနီးပါး ပိုမိုရရှိ
Published 21 April 2019
ဇေယျာငြိမ်း

ပြည်တွင်းပြည်ပ၌ မြန်မာ့ပုလဲ ရောင်းချပွဲကို သုံးကြိမ်ပြုလုပ်ခဲ့ရာ တန်ဖိုးကျပ် ၁၃ ဘီလျံကျော်ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် တန်ဖိုး ကျပ်နှစ်ဘီလျံနီးပါး ပိုမိုရရှိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပြည် သူ့အတွက် တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာ့ပုလဲရောင်းချပွဲကို ပြည်တွင်းတွင် တစ်ကြိမ်နှင့် ပြည်ပတွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြပွဲများပြုလုပ်ခဲ့ရာ တွင် ရရှိရန် မျှော်မှန်းထားသည့် ပမာဏ ကျပ် ၁၁ ဒသမ ၈၆ ဘီလျံ ဖြစ်သည်။ သို့သော် ရောင်းရငွေမှာ ၁၃ ဒသမ ၇၆ ဘီလျံ ရရှိခဲ့သည့်အတွက် ခန့်မှန်းလျာထားချက်ထက် ကျပ် ၁ ဒသမ ၉ ဘီလျံ ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။

နိုင်ငံပိုင်ပုလဲစခန်းနှင့် ပြည် တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်နေသည့် ပုလဲစခန်း ငါးခုကို ၂၀၁၈ ခုနှစ် အောက်တိုဘာမှ စတင်ပြီး ပြည်တွင်းပြည်ပခရီးသွားများကို နေ့ချင်းပြန်လေ့လာကြည့်ရှု ခွင့်ပြုခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခု နှစ် မတ်အထိ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲထုတ်လုပ်မှု တို့မှ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၇၃၉ ဒသမ ၀၈၆ ဘီလျံကျော် လျာထားပြီး စုစုပေါင်းတန်ဖိုး ကျပ် ၁၀၂၇ ဒသမ ၇၇၄ ဘီလျံကျော် ရရှိခဲ့သည့်အတွက် တန်ဖိုးကျပ် ၂၈၈ ဒသမ ၆၈၇ ဘီလျံကျော် ပိုမိုရရှိခဲ့ ခြင်းဖြစ်သည်။

အဆိုပါ တစ်နှစ်အတွင်း ကျောက်မျက်ရတနာ လက်လုပ်လက်စား လုပ်ကွက်များ ချထားပေးနိုင်ရေးအတွက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်းနှင့် လက်လုပ်လက်စား လုပ်ကွက်ဧရိယာ သတ်မှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လုပ်ကွက်များ အကွက်ရိုက် သတ်မှတ်၍ လုပ်ကိုင်ခွင့်ချပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားခဲ့သည်။

မြန်မာ့ကျောက်မျက်ရတနာ ကဏ္ဍနှင့် စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ် ဇွန်တွင် ယူရိုငွေ ၃၃၃ ဒသမ ၂၈ သန်းနှင့် နိုဝင်ဘာတွင် မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲမှ ကျပ် ၄၂ ဘီလျံ ကျော်ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent