အိုင်ဗရီကို့စ်တွင် ဖျက်ဆီးခံခဲ့ရသည့် မြန်မာ့ဆန် ကိစ္စသည် ဆန်တင်ပို့မည့် သူများအပေါ် ရိုက်ခတ်မှု ဖြစ်နိုင်ဟုဆို

အိုင်ဗရီကို့စ်တွင် ဖျက်ဆီးခံခဲ့ရသည့် မြန်မာ့ဆန် ကိစ္စသည် ဆန်တင်ပို့မည့် သူများအပေါ် ရိုက်ခတ်မှု ဖြစ်နိုင်ဟုဆို
Published 19 April 2019
မင်းလတ်

အာဖရိကတိုက် အိုက်ဗရီကို့နိုင်ငံတွင် မြန်မာဆန်အရေးကိစ္စသည့် တခြားဆန် တင်ပို့မည်သူများအတွက် အခက်အခဲ ဖြစ်သွားနိုင်ပြီး လက်ရှိအချိန်၌ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုက ရပ်ဆိုင်းထားပြီး အီးယူနိုင်ငံများကို ဆန်တင်ပို့မှုက အခွန်တိုးမြှင့် ကောက်ခံမှုကြောင့် တင်ပို့မှုမရှိဘဲ အာဖရိကတိုက်ကို ဆန်တင်ပို့မူ ကြိုးစားနေချိန်၌ အခုလို ဖြစ်သွားခြင်းသည် မြန်မာဆန်လောက အနည်းနှင့်အများကို ရိုက်ခတ်မှု ရှိနိုင်သည်ဟု ဆန်ကုန်သည်ကြီးများထံမှ သိရသည်။

“နည်းနည်းပါးပါးလေးတော့ အခက်အခဲတွေ ရှိသွားမယ်။ ဆန်တင်ဖို့အတွက် လမ်းကပိတ်သလို ဖြစ်သွားရင် နောက်လူတွေအတွက် အခက်အခဲ ဖြစ်သွားနိုင်တာပေါ့။ မန္တလေးဘက် ကျွန်တော်တို့ဆီက အသစ်ထွက်ဖို့ နည်းနည်းလိုသေးတယ်။ ဆန်အသစ်ထွက်မှလည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့က တရုတ်ကိုပို့တာ ပိတ်သွားသလို ဖြစ်သွားတယ်။ ဒီပြင်နိုင်ငံတွေ ထိုးဖောက်ဖို့အတွက် အာဖရိကဘက်ပဲရှိတာ အခုလို ဖြစ်သွားတော့ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်။ သူတို့ တရုတ်ကလည်း သူလိုတဲ့ ဆန်အမျိုးအစားဆိုဒ်ပဲ လိုချင်တဲ့ သဘောရှိတယ်။ နောက်ပိုင်းသူတို့ လိုချင်တဲ့ အမျိုးအစားပဲ တင်ပို့ရမယ်ထင်တယ်။ ကျွန်တော် သုံးသပ်ချက်က အခုလို ဖြစ်သွားတာ ဆန်အသစ်များ ဖြစ်သွားတာလား။ ပေါ်ပေါ်ချင်းပို့လို့လား။ ပေါ်ပေါ်ချင်းဆို ပျက်စီးတတ်တယ်လေ။ စစ်ဆေးမှုတွေမှာ ပေါ့ဆမှုပါလို့လား။ နောက်ကျွန်တော်တို့ ကြားတာက သူတို့သင်္ဘောဝမ်းခေါင်း ထည့်လိုက်တဲ့အတွက် လှိုင်းဒဏ် မိုးဒဏ်တွေကြောင့် ပျက်စီးခြင်းက ကြုံတွေ့နိုင်တာလည်း တစ်ခုပါတာပဲ။ ကျွန်တော်တို့ဘက် မန္တလေးက အခုမှတင်ပိုဖို့ စမ်းလုပ်နေတုန်း ရှိသေးတယ်။ တင်ပိုဖို့လုပ်နေချိန်မှာ အဆင်ပြေရင် ကောင်းတာပေါ့။ အခုလိုဖြစ်သွားတဲ့အတွက် ကိုယ်ပို့တဲ့ဒေသနဲ့ မတူဖို့ပဲ စဉ်းစားရမှာပေါ့” ဟု မန္တလေးဆန်ကုန်စည်ဒိုင်မှ ဦးဌေးလွင်က ပြောကြားသည်။

အာဖရိက စျေးကွက်သည် ပါကစ္စတန်၊ အိန္ဒိယတို့မှ ဆန်တင်သွင်းသည့် ကုမ္ပဏီများနှင့် မြန်မာ၊ ဗီယက်နမ် စသောနိုင်ငံများမှ တင်သွင်းသူများအကြား ပြင်းထန်စွာ ယှဉ်ပြိုင်လေ့ရှိပြီး မြန်မာနိုင်ငံက တိုက်ရိုက်တင်ပို့၍ မရဘဲ ကြားခံကုမ္ပဏီမှ တင်ပို့ရကြောင်း သိရသည်။ အာဖရိကတိုက်တွင် ဖြစ်ပေါ်သော မြန်မာ့ဆန်အရေး ကိစ္စကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းပြီး ဆန်ပို့သည့်ကုမ္ပဏီနှင့် အရည်အသွေးစစ်ဌာနများကို စစ်ဆေးနေကြောင်း သိရသည်။

 

Most Read

Most Recent