နိုင်ငံရေးအကြောင်းများ ပြေလည်သွားသည့်အချိန်မှသာ တပ်ဖွဲ့စည်းထားခြင်းနှင့် ပတ်သက်၍ နိုင်ငံအတွက် အကျိုးရှိအောင် မည်သို့လုပ်ဆောင်သင့်သည်ကို ပြန်စဉ်းစားမည်ဖြစ်ကြောင်း ‘၀’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြောကြားသည်။
‘၀’ အဖွဲ့၏ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်(၃၀) ပြည့် ဂုဏ်ပြုပွဲအပြီး ဧပြီ ၁၈ ရက်တွင် ပန်ဆန်းမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက နိုင်ငံတစ်နိုင်ငံတွင် တပ်မတော်တစ်ခုသာ ရှိရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့်အပေါ် မည်သို့မှတ်ချက်ပေးချင်သနည်းဟု မေးမြန်းရာ ဦးကျောက်ကော်အန်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
“ဗိုလ်ချုပ်မှူးကြီး ပြောခဲ့တဲ့စကားဟာ တစ်နိုင်ငံဟာ တပ်မတော်တစ်ခုပဲ ရှိစေရတယ်ဆိုတော့ ကျွန်တော်တို့လည်း သဘောပေါက်တယ်။ နားလည်တယ်။ ဖြစ်လည်းဖြစ်သင့်တယ်။ ဒါနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်း၊ တိုင်းရင်းသားရဲ့ ပြဿနာကြောင့် ခင်ဗျားတို့ မီဒီယာတွေက ကျွန်တော်တို့ထက်တော့ ပိုသိမယ်ထင်တယ်။ ဥပမာ တပ်အင်အား မရှိတဲ့နယ်မြေမှာ သူ့တိုင်းရင်းသားပေါ့နော်။ တပ်အင်အားမရှိတဲ့ တိုင်းရင်းသား ဒါမှမဟုတ်ရင် တပ်အင်အားနည်းတဲ့ တိုင်းရင်းသားထဲမှာကို လက်ရှိ နိုင်ငံတော်နဲ့အစိုးရနဲ့ တစ်ခုခု မပြေလည်လို့ရှိရင် သူတို့က တိုက်ခံရပြီ။ သူတို့ရဲ့ အာမခံချက် မရှိတော့ဘူး။ သူတို့ရဲ့ ပြည်သူလူထုရဲ့ အာမခံချက် မရှိတော့ဘူး။ သူတို့ရဲ့ အသက်အာမခံ မရှိတော့ဘူး။ ကျွန်တော်တို့တပ်ကို တည်ဆောက် ထားတာတော့ ကျွန်တော်တို့ကို ကိုယ့်လူထုကို ကိုယ်ကာကွယ်နိုင်ဖို့၊ ကိုယ့်လူမျိုးကို ကိုယ်ကာကွယ်နိုင်ဖို့၊ စောင့်ရှောက်နိုင်ဖို့ ကျွန်တော်တို့တပ် တည်ထောင်ထားတယ်။ ဒီတပ်ကို တည်ထောင်ထားတော့ ကျွန်တော်တို့ အစိုးရကို တိုက်မှာမဟုတ်ဘူး” ဟု ဦးကျောက်ကော်အန်းက ပြောကြားသည်။
နိုင်ငံတည်ဆောက်ရေး ဆွေးနွေးနေသည့်ကာလတွင် မပြေလည်သည့် ကိစ္စများရှိကြောင်း၊ အဆိုပါကိစ္စများ ပြေလည်သွားပါက တပ်တည်ဆောက်မှု မလိုလားကြောင်း ဦးကျောက်ကော်အန်းက ဆိုသည်။
“ဆွေးနွေးတဲ့ ကာလမှာ မပြေလည်တဲ့ ကိစ္စတွေရှိတယ်။ တကယ်လို့သာ ပြေလည်သွားလို့ရှိရင် ကျွန်တော်တို့ တပ်တည်ဆောက်မှု မလိုလားဘူး။ လက်နက်ကိုင်ဖို့ မလိုလားဘူး။ အဲဒီလက်နက်ဝယ်တဲ့ငွေနဲ့ တပ်ကိုတည်ဆောက်တဲ့ငွေကို လူထုအပေါ်မှာ မျှသုံးရင် ဒေသနဲ့ လူထုရဲ့ အကျိုးက ပိုပြီးမှကောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နယ်နိမိတ်အရနဲ့ နိုင်ငံရေးကြောင့် မီဒီယာတွေအားလုံး ပိုသိရင်သိမယ်။ ကျွန်တော်တို့ရဲ့ အခွင့်အရေးကို တန်းတူမဟုတ်သေးတဲ့ကြားမှာ ဒါကြောင့်မို့လို့ ကျွန်တော်တို့ တပ်တွေဖွဲ့စည်းထားတာ” ဟု ဦးကျောက်ကော်အန်းက ပြောကြားသည်။
‘၀’ အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် လက်နက်အင်အား၊ လူအင်အား အတောင့်တင်းဆုံး အဖွဲ့ဖြစ်ပြီး အမြဲတမ်း တပ်ဖွဲ့ဝင်အင်အား သုံးသောင်းခန့် ရှိသည့်အပြင် အရန်အင်အားများလည်း ရှိကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားသည်။
“တကယ်လို့ နိုင်ငံရေး အကြောင်းတွေအားလုံး ပြေလည်သွားလို့ရှိရင် အဲဒီအချိန်မှ ကျွန်တော်တို့ ပြန်စဉ်းစားမယ်။ ဘယ်လိုလုပ်သင့်တယ်။ နိုင်ငံရဲ့ အကျိုးရှိအောင် ဘယ်လိုလုပ်မယ်ဆိုတော့ အဲဒီအချိန်မှ ပြန်စဉ်းစားမယ်” ဟု ဦးကျောက်ကော်အန်းက ပြောကြားသည်။
လက်ရှိတွင် မည်သူ့ကိုမျှ ကိုယ့်ရန်သူအဖြစ် သဘောမထားကြောင်း၊ တပ်မတော်နှင့်လည်း ရင်းရင်းနှီးနှီး ဆက်ဆံဆဲဖြစ်ကြောင်း ဦးကျောက်ကော်အန်းက ဆိုသည်။
“အခုတော့ ကျွန်တော်တို့ မည်သူမျှ ရန်သူမထားဘူး။ အစိုးရဖြစ်ဖြစ်၊ တပ်မတော်ဖြစ်ဖြစ် တခြားအဖွဲ့အစည်း တွေဖြစ်ဖြစ် ကျွန်တော်တို့တော့ ဘယ်သူမှ ရန်သူမထားပါဘူး။ အဲဒီလို ကျွန်တော်တို့ သဘောရှိပါတယ်။ ဥပမာ ပြောမယ်ဆိုရင် အခုလည်း ကျွန်တော်တို့ တပ်မတော်ဘက်လည်း ရင်းရင်းနှီးနှီးကို ဆက်ဆံနေတုန်းပါ။ သူတို့လည်း တပ်မတော်ဘက်လည်း သုံးလတစ်ခါ တရုတ်နဲ့ အစည်းအဝေးရှိတယ်။ တပ်ပိုင်းဆိုင်ရာ အစည်းအဝေးပေါ့နော်။ သုံးလတစ်ခါ တရုတ်ပြည်ကို ကူးမယ်ဆိုရင် ကျွန်တော်တို့တောင်မှ ကြိုပို့လုပ်ပေးတယ်” ဟု ဦးကျောက်ကော်အန်းက ပြောကြားသည်။
အစိုးရ၊ တပ်မတော်နှင့် ထာဝရနိုင်ငံရေး ပြေလည်မှု မရသေးသည့် အချိန်တွင် လားရှိုးမြို့နှင့် အခြားမြို့များတွင် ရုံးများဖွင့်၍ ဆက်ဆံရေး အခြေအနေကို တည်ဆောက်ထားကြောင်း ဦးကျော်ကော်အန်းက ဆိုသည်။
‘၀’ အဖွဲ့သည် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်မူ လက်မှတ်ရေးထိုးခြင်း မရှိသေးချေ။