ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်းများကို ဆန့်ကျင်စရာအကြောင်း လုံးဝမရှိကြောင်း AA အဖွဲ့ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ပြောကြား

ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်းများကို ဆန့်ကျင်စရာအကြောင်း လုံးဝမရှိကြောင်း AA အဖွဲ့ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ပြောကြား
AA အဖွဲ့စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် (ယာ) သတင်းမီဒီယာများအား ပန်ဆန်းမြို့တွင် တွေ့ဆုံရှင်းလင်းနေစဉ်
AA အဖွဲ့စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် (ယာ) သတင်းမီဒီယာများအား ပန်ဆန်းမြို့တွင် တွေ့ဆုံရှင်းလင်းနေစဉ်
Published 19 April 2019

ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်းများကို ဆန့်ကျင်စရာအကြောင်း လုံးဝမရှိကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ပြောကြားသည်။

ရှမ်းပြည်နယ် ပန်ဆန်းမြို့တွင် ဧပြီ ၁၇ ရက်ကပြုလုပ်သည့် “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ “၀” လက်နက်ကိုင်အဖွဲ့ (UWSA) ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့်အခမ်းအနားသို့ တက်ရောက်သည့် AA စစ်ဦးစီးချုပ်သည် အခမ်းအနားအပြီးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရခိုင်ပြည်နယ်သည် တရုတ်နိုင်ငံအတွက် စီးပွားရေးအရ အရေးပါသည့် နေရာဖြစ်ပြီး ကျောက်ဖြူသည် အာရှ၏ အချက်အချာကျသည့်ဒေသ ဖြစ်လာမည်ဟု တရုတ်ဘက်က ပြောဆိုထားချိန်တွင် စစ်ရေးအခြေအနေများ ဖြစ်လာသောကြောင့် စိုးရိမ်မှုများ ရှိလာနိုင်သဖြင့် AA အဖွဲ့အနေဖြင့် တရုတ်နိုင်ငံအပေါ် မည်သို့သဘောထားကြောင်း မေးမြန်းခဲ့သည်။

“ကျွန်တော်တို့ကတော့ အင်အားကြီးနိုင်ငံတွေနဲ့ ပတ်သက်လာလို့ရှိရင် တတ်နိုင်သမျှတော့ အဆင်ပြေအောင် ကြိုးစားသွားမှာပဲ။ ကျွန်တော်တို့ သူ့ရဲ့စီမံကိန်းတွေကို ဆန့်ကျင်ရင် ကျွန်တော်တို့ပဲ ပိုပြီးနစ်နာစရာ ရှိတာပေ့ါ။ ကျွန်တော်တို့ တိုင်းပြည်ကို ကျွန်တော်တို့ တိုင်းပြည်တော့ ဟုတ်တယ်။ ရခိုင်နေတဲ့ တိုင်းပြည်တော့ ဟုတ်တယ်။ ဒါပေမဲ့ ဒီအချိန်မှာ ရခိုင်တွေ မပိုင်ဘူး။ ကျွန်တော်တို့ တိုင်းပြည်ကို ဒီဗဟိုအစိုးရက လက်ညှိုးထိုးပြီး ရောင်းစားနေတာပဲ။ ကျွန်တော်တို့မှာ ရစရာ ဘာမှမရှိဘူး။ တကယ်လို့ အဲ့ဒီနေရာကနေ ကျွန်တော်တို့အတွက် တချို့တစ်ဝက် ရခဲ့ရင်တောင်မှ အရှုံးထဲက အမြတ်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်တို့က တရုတ်ရဲ့ စီမံကိန်းတွေကို ဆန့်ကျင်နေစရာအကြောင်း လုံးဝမရှိဘူး။ ဒီစီမံကိန်းတွေကြောင့်ပဲ ကျွန်တော်တို့ ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ အမြင်ကို ကျွန်တော်တို့က ထားရှိပါတယ်” ဟု AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ပြောကြားသည်။

စစ်ပွဲဆိုသည်မှာ ကောင်းသည့်စစ်ပွဲ မရှိဘဲ မရှောင်လွှဲနိုင်သည့် အနေအထားတွင် တိုက်ကြရခြင်းဖြစ်ကြောင်း မိမိတို့တွင်ရှိသည့် အနေအထားဖြင့် အကောင်းဆုံး ခုခံခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် တိုက်ပွဲကြားတွင် ပြည်သူအထိနာနေသည့် ယခုတိုက်ပွဲများအား AA အနေဖြင့် မည်သည့်အချိန်တွင်မှ ရပ်ပေးမည်နည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က “ကျွန်တော်တို့ဆီကနေ ထိုးစစ်ဆင်လို့ဖြစ်တဲ့ တိုက်ပွဲမဟုတ်ဘူး။ ဟိုဘက်ကနေလာလို့ ဖြစ်ရတဲ့ တိုက်ပွဲဖြစ်တယ်။ ဒါကြောင့်ကြားထဲမှာ ပြည်သူအထိနာလို့ ဘယ်အချိန်ထိဆိုတာ ကျွန်တော်တို့က ဒီလိုတော့ရှိတယ်။ ကျွန်တော်တို့က လက်မြှောက်ပြီး အရှုံးပေးမယ့် လူတွေတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ စစ်ဆိုတာတော့ တိုက်ရမှာပဲ။ ဒါပေမဲ့ နှစ်ဦးနှစ်ဖက်ကတော့ စစ်စည်းကမ်းကို လိုက်နာဖို့ လိုတာပေါ့။ (နိုင်ငံရေး စကားဝိုင်းပေါ်ရောက်မှလား၊ NCA ထိုးပြီးမှလားဟု ထပ်ဆင့်မေးမြန်း) ကျွန်တော်တို့ကတော့ အချိန်တိုင်းမှာ ငြိမ်းချမ်းရေး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ အဆင်သင့် ဖြစ်ပါတယ်။ စကားပြောမယ်ဆိုရင် မနက်ဖြန်ပြောမလား။ ကျွန်တော်တို့ကတော့ ပြောမှာပဲ။ ကြိုဆိုပါတယ်” ဟု ပြောကြားသည်။

AA အဖွဲ့ကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဌာနချုပ်မှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ထိန်းချုပ်ဒေသဖြစ်သည့် မြန်မာ-တရုတ်နယ်စပ် လိုင်ဇာတွင် အခြေစိုက် ထားခြင်းဖြစ်သည်။

တပ်မတော်နှင့် AA အဖွဲ့အကြား ၂၀၁၈ ခုနှစ်တွင် ထိတွေ့တိုက်ပွဲ ၆၁ ကြိမ်နှင့် မိုင်းဖြစ်စဉ် ၁၉ ကြိမ် ဖြစ်ပွားခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၂၄ ရက်အထိ ထိတွေ့တိုက်ပွဲ ၉၇ ကြိမ်နှင့် မိုင်းဖြစ်စဉ် ၃၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မတ် ၂၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်မှု၊ ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများအပေါ် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အင်အားသုံး အကြမ်းဖက် တိုက်ခိုက်မှုများကို ကာကွယ်ပေးနေသော လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား AA အဖွဲ့က နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ၂၀၁၅ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်၊ မိုင်းဖြစ်စဉ်တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲ ၂၆ ကြိမ်၊ မိုင်းဖြစ်စဉ် ၁၀ ကြိမ်၊ ၂၀၁၇ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲ ၅၆ ကြိမ်၊ မိုင်းဖြစ်စဉ် ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲ၏ အချက်အလက်များအရ သိရသည်။