NCA က လွှမ်းခြုံခြင်းမရှိသော ကိစ္စရပ်များ ရှိလာပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်၍ သဘောတူညီမှု ရယူနိုင်ကြောင်း ‘၀’ လက်နက်ကိုင်အဖွဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့

NCA က လွှမ်းခြုံခြင်းမရှိသော ကိစ္စရပ်များ ရှိလာပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်၍ သဘောတူညီမှု ရယူနိုင်ကြောင်း ‘၀’ လက်နက်ကိုင်အဖွဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့
ပန်ဆန်းမြို့တွင် ဧပြီ ၁၇ ရက်က ‘၀’ အဖွဲ့၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေအား တွေ့ရစဉ် (ဓာတ်ပုံ-မောင်ထူး)
ပန်ဆန်းမြို့တွင် ဧပြီ ၁၇ ရက်က ‘၀’ အဖွဲ့၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေအား တွေ့ရစဉ် (ဓာတ်ပုံ-မောင်ထူး)
Published 17 April 2019

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးပြီးနောက် NCA က လွှမ်းခြုံခြင်းမရှိသော ကိစ္စရပ်များ ရှိလာပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်၍ သဘောတူညီမှု ရယူနိုင်ကြောင်း ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA) သို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေး ပြောကြားသည်။

ဧပြီ ၁၇ ရက်တွင်ကျရောက်သည့် ‘၀’ လက်နက်ကိုင်အဖွဲ့၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့် အခမ်းအနားသို့ ပေးပို့သည့် အမျိုးသား ပြန်လည်သင့့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ထိုသို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါသဝဏ်လွှာကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ က စတင်ခဲ့သော ငြိမ်းချမ်းရေး လမ်းစဉ်သည် နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အလေးထားမှုနှင့် အပြန်အလှန် စောင့်ထိန်းမှုတို့ဖြင့် ယနေ့အချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုတို့ကို ဆောင်ကြဉ်းပေးနိုင်နေဆဲ ဖြစ်ကြောင်း၊ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုတို့၏ အသီးအပွင့်များကို ရရှိခံစားနေသော ‘၀’ တိုင်းရင်းသား ပြည်သူများ အတွက်လည်း ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်နေရကြောင်း NRPCဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိရန်အတွက်မူ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူရေးနှင့် တိုင်းရင်းသား အခွင့်အရေးများ အပြည့်အဝ ရရှိစေမည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် အထူးပင် အရေးကြီးကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရရှိထားသော တည်ငြိမ်အေးချမ်းမှုကို ရေရှည်ခိုင်မာစွာ ထိန်းသိမ်းနိုင်စေမည့် ပဋိပက္ခလျှော့ချရေး၊ စောင့်ကြည့်ရေးနှင့် အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေးနှင့် ညီညွတ်ရေးတို့ကို ဆောင်ကြဉ်းပေးနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများမှာ NCA ရေးထိုးပြီးမှသာ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏သဝဏ်လွှာတွင် ပြောကြားထားသည်။

NCA သည် ‘၀’ လက်နက်ကိုင်အဖွဲ့ အပါအဝင် တိုင်းရင်းသားများ မျှော်လင့်တောင့်တလျက်ရှိသော အမျိုးသား တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိရေးဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် ဖြတ်သန်းရမည့် တံခါးပေါက်တစ်ခုသာဖြစ်ပြီး လမ်းဆုံးပန်းတိုင် မဟုတ်သည်ကို သတိချပ်စေချင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် နှစ်ဦးနှစ်ဖက် အပြန်အလှန် စောင့်ထိန်းမှုဖြင့် လက်ရှိတည်ဆောက်ထားသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်အဆင့်မှ ရှေ့သို့တက်လှမ်း၍ ပြည်ထောင်စုတစ်ဝန်းလုံး လွှမ်းခြုံ၍ ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်သည့် အဆင့်သို့ တက်လှမ်းကြရန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

ယနေ့အချိန်အခါတွင် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသား ညီအစ်ကိုများ အစဉ်တစိုက် တောင်းဆိုခဲ့ကြသော်လည်း အလှမ်းကွာဝေးခဲ့ရသော နိုင်ငံရေး ဆွေးနွေးပွဲများမှာ သမိုင်းကြောင်း တစ်လျှောက် ပထမဦးဆုံးအကြိမ် ဖြစ်ထွန်းပေါ်ပေါက် လာခဲ့ရုံမကသည့်အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးအထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အိပ်မက်အတွက် ဖက်ဒရယ် အခြေခံမူ အများအပြားကို သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးညီလာခံ စားပွဲဝိုင်းများတွင် ‘၀’ လက်နက်ကိုင်အဖွဲ့ အပါအဝင် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်နေခြင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်သင့် ပါဝင်ထိုက်သူ တိုင်းရင်းသား မျိုးနွယ်စုအားလုံး ပါဝင်နိုင်စေလိုသော နိုင်ငံရေး စိတ်ရင်းစေတနာကြောင့်ပင်ဖြစ်ကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု အိပ်မက်အသစ်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ပေးရန်ကိုလည်း ‘၀’ လက်နက်ကိုင်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။