အစိုးရ၏ ဆောင်ရွက်ချက်များအနက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိစ္စရပ်ကို ဦးစားပေးနံပါတ် (၁) အဖြစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထည့်သွင်းပြောကြား

အစိုးရ၏ ဆောင်ရွက်ချက်များအနက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိစ္စရပ်ကို ဦးစားပေးနံပါတ် (၁) အဖြစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထည့်သွင်းပြောကြား
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားစဉ်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားစဉ်
Published 17 April 2019
ဉာဏ်လင်းထွန်း

အစိုးရ၏ ဆောင်ရွက်ချက်များအနက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စရပ်ကို ဦးစားပေးနံပါတ် (၁) အဖြစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများထဲက အကြောင်းအရာ ၁၅ ခုကို အဓိက အချက်များအဖြစ် အနှစ်ချုပ်၍ နိုင်ငံတော်သမ္မတရုံးက ဖော်ပြရာတွင် အချက်သုံးချက်ပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို နံပါတ် (၁) အချက်အဖြစ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာမှာ သိသာထင်ရှားမှုကို ပြပါဆိုရင် ခေတ်အဆက်ဆက်က အမြစ်တွယ်ပြီး ကာလရှည်ဝေဒနာ တစ်ရပ်ဖြစ်နေတဲ့ အဂတိလိုက်စားမှုကို အတိုင်းအတာ တစ်ခုအထိ ထိရောက်အောင်မြင်အောင် ကာကွယ်တိုက်ဖျက်မှုတွေ ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

၎င်းတို့အစိုးရအဖွဲ့ အနေဖြင့် အဂတိလိုက်စားခြင်းကို တရားဥပဒေနှင့်အညီ ကျောသာရင်သား မခွဲခြားဘဲ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွား တစ်ခုတည်းကိုသာ ရှေးရှုပြီး အရေးယူ ဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲများနှင့် ဝန်ကြီးဌာနတွေမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ (CPU) ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့် ပြည်ထောင်စု လွှတ်တော်တွင်၂၀၁၈ ခုနှစ် မတ် ၃၀ ရက်က ကတိသစ္စာပြု မိန့်ခွန်း ပြောကြားစဉ်ကတည်းက အဂတိလိုက်စားမှုကို စနစ်တကျ တိုက်ဖျက်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စာရိတ္တမဏ္ဍိုင် ခိုင်မာအောင် ဆောင်ရွက်သွားမည့်အကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဂတိတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်ပြီးနောက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို နံပါတ်နှစ်အဖြစ် ထည့်သွင်းပြောကြားခဲ့ပြီး ယင်းကိစ္စရပ်များနောက်တွင် ပြုပြင်ပြောင်းလဲရေး၊ တောင်သူလယ်သမားများ လူမှုဘဝမြင့်မားရေး၊ ဥပဒေ အထောက်အကူပြုရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ တရားရေးမဏ္ဍိုင်၊ လူမှုစီးပွားဘဝ တိုးတက်ရေး၊ အလုပ်သမားအရေး၊ အခြေခံ အဆောက်အအုံ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုရေး၊ နိုင်ငံဘဏ္ဍာ အလေ့အလွင့် မရှိရေး၊ ငြိမ်းချမ်းရေး စသည့် အကြောင်းအရာများကို အစဉ်လိုက် ထည့်သွင်းပြောကြားခဲ့သည်။

ယခုကဲ့သို့ တိုတောင်းသည့် ကာလအတွင်း ဖြစ်ထွန်းတိုးတက်လာသည့် လုပ်ငန်းရပ်များကို ကြည့်ပါက အစိုးရနှင့် ပြည်သူ ကြည်ဖြူစွာ လက်တွဲဆောင်ရွက်မှု၊ ယုံကြည်ချက် ခံယူချက် တူညီမှုများမှရရှိသည့် အောင်မြင်မှု အသီးအပွင့်များဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်အရေး ကိစ္စအတွက် ဖိအားပေးပြစ်တင်မှုနှင့် အရေးယူရန် ကြိုးပမ်းမှုများကို နိုင်ငံတကာ မျက်နှာစာတွင် ရင်ဆိုင်ဖြေရှင်းနေရကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုဖြစ်စဉ်၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် တိုက်ပွဲဖြစ်စဉ်များကြောင့် စစ်ဘေးရှောင်ပြည်သူများအရေး စသည့် စိန်ခေါ်မှုနှင့် အခက်အခဲများကို ဖြေရှင်းနေရသည်ဟု ၎င်းက ပြောကြားသည်။

အစိုးရအနေဖြင့် စိန်ခေါ်မှုများ၊ အခက်အခဲ၊ အကျပ်အတည်းများကို ပြည်သူလူထု၏ နားလည်စာနာမှု၊ ပူးပေါင်းပါဝင်မှု၊ ကူညီပံ့ပိုးမှုများဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုခရီးကို ကျော်လွှားအောင်မြင်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်းနှင့် ပြည်သူလူထု အနေဖြင့်လည်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခ ထောင်ချောက်ထဲသို့ မဝင်မိစေရန် ဂရုစိုက်စေလိုသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

အစိုးရ ဆောင်ရွက်ချက်များအပေါ် အားမလိုအားမရ ဖြစ်နေသည်များကိုလည်း အလေးထားပြီး ပြန်လည်သုံးသပ်ကာ ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ” နည်းလမ်းကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အသိပေး ပြောကြားသည်။

နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို နိုင်ငံတော်သမ္မတအပြင် နိုင်ငံတော်၏ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနှင့် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တို့ကလည်း အသီးသီး ပြောကြားခဲ့ကြသည်။

 

Most Read

Most Recent