ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း အနာဂတ်အကြောင်း မပြောလိုဟု ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ ပြောကြား

ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း အနာဂတ်အကြောင်း မပြောလိုဟု ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ ပြောကြား
Published 17 June 2018

Photo: AFP/Getty Images

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက ၎င်းအနေဖြင့် လက်ရှိအချိန်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ်တွင်သာ အာရုံစိုက်ထားကြောင်းနှင့် အနာဂတ်အကြောင်းကို မပြောလိုကြောင်း ပြောဆိုခဲ့သည်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာက ပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းသို့ ပြန်လာစေလိုသည်ဟု ပြောဆိုခဲ့ရာ သတင်းထောက်များက ယင်းအကြောင်းနှင့် ပတ်သက်ပြီး ပေါ့ဘာအား မေးမြန်းခဲ့ကြသည်။

ပေါ့ဘာက "ကျွန်တော် ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ပြိုင်နေပါတယ်။ ဒီအချိန်မှာ ကလပ်အသင်းအကြောင်းရော အနာဂတ်အကြောင်းပါ မပြောချင်ပါဘူး။ ဒိုင်ဘာလာနဲ့ စကားပြော ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ ဒိုင်ဘာလာနဲ့ပဲ ပြောပြော၊ အမ်တီတီ(ဘာစီလိုနာနောက်ခံလူ)နဲ့ ပြောပြော ဒါက ကျွန်တော် အဲဒီအသင်းမှာ ကစားတော့မယ်လို့ မဆိုလိုပါဘူး"ဟု ဆိုခဲ့သည်။

ပေါ့ဘာသည် မန်ယူအသင်းတွင် နည်းပြ မော်ရင်ဟိုနှင့် အဆင်မပြေ ဖြစ်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်းအား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများက စောင့်ကြည့်နေကြကြောင်း သိရှိရသည်။