သံလွင်မြစ်ရေ မြင့်တက်ပြီး စတုတ္ထအကြိမ် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းကြောင့် ဘားအံမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်

သံလွင်မြစ်ရေ မြင့်တက်ပြီး စတုတ္ထအကြိမ် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းကြောင့် ဘားအံမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်
Published 8 September 2018

သံလွင်မြစ်ရေ ရုတ်တရက်မြင့်တက်လာပြီး စတုတ္ထအကြိမ်ရေကြီးရေလွှမ်းမိုးမှု ဖြစ်ပေါ်ခြင်းကြောင့် ဘားအံမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်းများ ထပ်မံတိုးမြှင့် ဖွင့်လှစ်ရပြီး ကယ်ဆယ်ရေးအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း သိရသည်။

သံလွင်မြစ်ရေချိန်သည် စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီ တိုင်းထွာချက်အရ ၎င်း၏ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၉၁၁ စင်တီမီတာသို့ရောက်ရှိနေပြီး သံလွင်မြစ်အရှေ့၊ အနောက်နှင့် ဘားအံမြို့ မြေနိမ့် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေကာ မိုးဆက်လက်ကောင်းမွန်ပါက မြှင့်တက်လာဖွယ် အခြေအနေရှိကြောင်း သိရသည်။

“မြစ်ရေက ကျဆင်းတော့မလိုလိုနဲ့ ပြန်ပြီးမြင့်တက်နေတယ်။ နေပူတာတောင် မြစ်ရေ တိုးတိုးလာတာထူးခြားသလို တစ်ကြိမ်မှ မကြုံဖူးတဲ့ စံချိန်တင်မြစ်ရေချိန်ကာလရှည်ရေကြီးရေလွှမ်းမှုက ပိုပြီးထူးခြားလာတယ်။ မြစ်တွေထဲမှာ အပြစ်အနာအဆာအကင်းဆုံး သံလွင်မြစ်ဟာ ဘာကြောင့်ဖောက်လဲှဖောက်ပြန်ဖြစ်လာသလဲဆိုတာ ဆန်းစစ်ဖို့တော့လိုအပ်လာပြီ” ဟု အသက် ၇၀ ကျော် အငြိမ်းစားကျောင်းဆရာတစ်ဦးက ဆိုသည်။

စတုတ္ထအကြိမ် သံလွင်မြစ်ရေပြန်လည်မြင့်တက်မှုကြောင့် သံလွင်မြစ်အနောက်ခြမ်း၊ လှာကာကျေးရွာအုပ်စု၊ ကူးဆိပ်ရပ်ကွက်၊ သုဓမ္မရံသီဘုန်းကြီးကျောင်းနှင့် လှာကာဘုန်း တော်ကြီးကျောင်း၊ ကူးဆိပ်၂၊ အမကကျောင်း များတွင် အရေးပေါ်ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရကြောင်း သိရသည်။

“ဒုတိယအကြိမ် မြစ်ရေတက်စဉ်က ကလေးတွေ ပညာရေးနှောင့်နှေးမှာစိုးလို့  စာသင်ကျောင်းတချို့ကို ကယ်ဆယ်ရေးစခန်း အဖြစ်ကနေ ရုပ်သိမ်းခဲ့တဲ့အတွက် စခန်း ၁၃ ခုကနေ ရှစ်ခုအထိ လျှော့ချခဲ့ပေမယ့် တတိယအကြိမ် မြစ်ရေ ပြန်တက်လာလို့ စခန်းနှစ်ခုကို ထပ်မံတိုးချဲ့ပေးရပြီး အခုစတုတ္ထအကြိမ် ရေ အတက်မှာ နောက်ထပ်စခန်းနှစ်ခု ပြန်လည် ဖွင့်လှစ်ပေးရပါတယ်” ဟု ဘားအံမြို့နယ်အ ထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။