တေးသံရှင် J-me နှင့် တွေ့ဆုံခြင်း

တေးသံရှင် J-me နှင့် တွေ့ဆုံခြင်း
Published 15 May 2018

‘ကျွန်တော့်အခွေသစ်ကို နားထောင်ချင်တဲ့ ပရိသတ်တွေရော၊ ကျွန်တော်ဘာတွေလုပ်နေလဲဆိုပြီး သိချင်နေကြတဲ့ ပရိသတ်တွေရော အခွေထွက်လာတဲ့အခါ နားထောင်ကြည့်ပါ။ တစ်ခုခုတော့ရသွားမယ်ဆိုတာ ကျိန်းသေပါတယ်’

ဟစ်ဟော့ပ်ဂီတ ရေစီးကြောင်းတွင် ပရိသတ်အခိုင်အမာရရှိထားသူ တေးသံရှင် J-me က အချိန်အပိုင်းအခြားတစ်ခုအထိ ဂီတအနုပညာလှုပ်ရှားမှုများ အတန်ငယ်ကျဲပါးသွားခဲ့ပြီး မေ ၂၆ ရက်တွင် တတိယမြောက် တစ်ကိုယ်တော်တေးစီးရီး ‘အမွေစားအမွေခံ’ အား ထွက်ရှိရန် စီစဉ်ထားသည်။ J-me ၏ တတိယမြောက် တစ်ကိုယ်တော်စီးရီးတွင် ၎င်းဖြတ်သန်းခဲ့သည့် လူငယ်ဘဝအတွေ့အကြုံများ၊ မှားယွင်းခဲ့မိသည်များ၊ အတွေးအမြင်များအား လူငယ်များထံ လက်ဆင့်ကမ်းသည့် အကြောင်းအရာများကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။ တေးသံရှင် J-me နှင့်တွေ့ဆုံ၍ ‘အမွေစားအမွေခံ’ တေးစီးရီးနှင့်ပတ်သက်၍ မေးမြန်းထားသည်များ၊ ဟစ်ဟော့ပ်ဂီတ ရေစီးကြောင်းအပေါ် သုံးသပ်ထားသည်များအား ဖော်ပြလိုက်ပါသည်။

■ မေး - မေ ၂၆ မှာ ထွက်ဖို့စီစဉ်ထားတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်လို့ ပြောပြပါဦး။
ဖြေ - အမွေစားအမွေခံအခွေက မေ ၂၆ မှာ ထွက်မယ်။ ကျိန်းသေတယ်။ ပွဲလုပ်ဖြစ်မလုပ်ဖြစ်ကတော့ ညှိနှိုင်းနေကြတယ်။ အဆင်ပြေရင် တစ်နေရာရာမှာပွဲလုပ်ဖြစ်မယ်။ စီဒီတစ်ချပ်ဝယ်တဲ့သူတိုင်းကိုတော့ ပိုစတာပေးဖြစ်မှာတော့ ကျိန်းသေတယ်။ ကျွန်တော့် Fan Page တစ်ခုရှိတော့ အဲဒီကနေ ကြေညာပေးသွားမယ်။

■ မေး - အခွေသစ်မထွက်တာ နည်းနည်းကြာသွားပြီဆိုတော့ ဘယ်လိုဖန်တီးမှုပုံစံအသစ်တွေ မြင်တွေ့ခွင့်ရမလဲ။
ဖြေ - အရင်နဲ့မတူတဲ့ ပုံစံမျိုးတွေပါမယ်။ မကြိုက်မချင်းလုပ်ထားတဲ့ သီချင်းတွေပါမယ်။ တီးလုံးတွေကအစ သေချာလေးတီးထားတယ်။ သီချင်းပုံစံအားလုံးကိုလည်း အချိန်ယူပြီးစိတ်တိုင်းကျတဲ့အထိ ပြင်ဆင်ပြီးမှ ထွက်ဖို့စီစဉ်ဖြစ်တာပါ။

■ မေး - သီချင်းတွေက ဘယ်နှစ်ပုဒ်လောက်ပါလဲ။
ဖြေ - ကြားထဲလည်း အချိန်တော်တော်ယူထားတယ်ဆိုတော့ သီချင်းတွေကတော့ အများကြီးရှိတယ်။ စိတ်တိုင်းကျတဲ့သီချင်းတွေ အကုန်ထည့်ရင် နှစ်ခွေစာလောက်ဖြစ်သွားမယ်။ အဲဒါကြောင့် ပြန်စိစစ်ပြီးလုပ်ထားတာ။ သီချင်း ၁၀ ပုဒ်ပါပါမယ်။ Featuring အနေနဲ့ ပိုပိုဟေသာ၊ ကျားပေါက်ပါမယ်။ ဂျောက်ဂျက်တို့၊ ကြက်ဖတို့ကလည်း ဟာမိုနီတွေ ဝင်ဆိုပေးထားတယ်။

■ မေး - ဒီအခွေထွက်ဖို့က ကြားထဲမှာ အချိန်တော်တော်လေး ခြားသွားတယ်နော်။
ဖြေ - အဓိက ဒီအခွေလုပ်ဖြစ်တာက ပရိသတ်တွေအတွက်ပါပဲ။ ပရိသတ်တွေက ကျွန်တော့်သီချင်းသစ်တွေ နားထောင်ချင်တယ်။ ပရိသတ်တွေဆိုတာလည်း ကျွန်တော့်ညီအစ်ကိုတွေ သူငယ်ချင်းတွေပဲလေ။ သူတို့နဲ့ ကျွန်တော်နဲ့အမြဲတမ်းအတူ မျှဝေခံစားလို့ရတယ်။ ဒါကြောင့် သီချင်းသစ်တွေ ဖန်တီးဖြစ်တာပါ။

■ မေး - စီးရီး Title က အမွေစားအမွေခံလို့ ပေးဖြစ်တာကရော။
ဖြေ - အဓိကတော့ အသက်မပြည့်ရင် အမွေမခံရဘူး။ ဒီအခွေကိုဆိုတဲ့သူရော ရေးတဲ့သူရော၊ နားထောင်ပြီး အားပေးမယ့်သူတွေရော စီးမျောမယ့်သူတွေအားလုံးက အမွေခံထိုက်မယ့်အရွယ်ဖြစ်လာပြီ။ အဲဒီလိုဖြစ်တယ်လို့လည်း ယုံကြည်တဲ့သဘောပဲ။ နှစ်ဦးနှစ်ဖက်လုံးကို ပြောတာပါ။ ပရိသတ်ရော၊ ဖန်တီးသူရောပေါ့။

■ မေး - Music ပုံစံတွေကရော ဘယ်လိုတွေပါမလဲ။
ဖြေ - Fusion ပုံစံတွေပါမယ်။ Electronic ဘက်ယိမ်းမလား၊ ဘယ်ဘက်ယိမ်းမလဲဆိုတာ မပြောထားဘူး။ ကျိန်းသေတာ ဟစ်ဟော့ပ်ဖရိမ်အတွင်းမှာပဲ။ အဲဒီအတွင်းထဲကပဲ ဖန်တီးထားတယ်။

■ မေး - Woofer က The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေ နှုတ်ဆက်သွားရတာနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ - ဒါက ဝါးလက်ခုပ်တီးတဲ့သူတီးမှာပဲ။ ဒီဂျေပွတ်တဲ့သူက ပွတ်မှာပဲ။ လူတိုင်းက သူ့နေရာနဲ့သူ လုပ်ကြတာပဲလေ။ အတွင်းစိတ်ထဲမှာရှိတဲ့အရာကို သူဘယ်လိုဆွဲထုတ်တင်ပြမလဲ။ အဲဒါက အနှစ်သာရပဲ။ ကျွန်တော်လည်း အဲဒါကိုသဘောကျတယ်။ ကျန်တာတော့ မပြောချင်ဘူး။ သူဆုမရပေမယ့် အခုတစ်တိုင်းပြည်လုံးက သူ့ကိုသိသွားပြီ။ အဲဒါက အဓိကပဲလေ။

■ မေး - အရင်ကလုပ်ခဲ့မိတဲ့ အမှားတွေကို ကျောခိုင်းလိုက်ပြီဆိုတာလည်း လူငယ်တွေကို ပြန်ပြီးမျှဝေပေးပါဦး။
ဖြေ - Main Theme က အဲဒါပါ။ အဲဒါကိုပေးချင်လို့ အဲဒီသီချင်းကို မရမချင်းရေးတယ်။ သုံးလဆက်တိုက် ရေးခဲ့တဲ့အခါ ကိုယ့်ဝိညာဉ်ထဲက လိုချင်တာမရမချင်းပေါ့။ ဝိညာဉ်စကားလုံးရပြီဆိုမှ စလုပ်တာ။ လူတွေကြိုက်မကြိုက်၊ လက်ခံမခံဆိုတာထက် အဲဒီသီချင်းက အချည်းနှီးတော့ မဖြစ်နိုင်ဘူး။ လေထုထဲကို စေလွှတ်လိုက်တာ အာကာသထဲရောက်သွားတယ်လို့ပဲ ပြောရမယ်။ ဒီသီချင်းက တစ်ခုခုတော့ထူးခြားမယ်လို့ ယုံကြည်တယ်။ ဝါဒဖြန့်တာ၊ မြှူစွယ်တာမျိုးတွေ ပါမှာမဟုတ်ဘူး။ ကျွန်တော်ပြောချင်တာတွေကို သီချင်းထဲကနေ ပြောထားတာပါ။

■ မေး - အခု ဒီဘက်ခေတ် ဟစ်ဟော့ပ်ရေစီးကို သုံးသပ်မယ်ဆိုရင်ရော ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ - ကျွန်တော်တို့၊ ကိုသားစိုးတို့ခေတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခုခေတ်ကရေစီး ပိုမြန်လာတယ်။ ပိုကြမ်းလာတယ်။ တချို့သူတွေကို ကျွန်တော်တကယ်သဘောကျတယ်။

■ မေး - မျိုးဆက်သစ် ဂီတဝါသနာရှင်တွေအတွက် လက်ဆင့်ကမ်းပေးချင်တာရောရှိလား။
ဖြေ - ဆင်းရဲတာချမ်းသာတာတွေနဲ့ လုံးဝမဆိုင်ဘူး။ အဓိကတော့ ကိုယ့်မှာရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ အချိန်မယူထားရင်၊ ဝမ်းစာမပြည့်ရင် ကိုယ်စင်ပေါ်တက်ရတော့မယ့်အချိန် အခွင့်အလမ်းက ကိုယ့်ဆီရောက်လာတဲ့အချိန်မှာ အမိအရ မဆုပ်ကိုင်နိုင်ဘူး။ အိပ်ရေး၀၀မအိပ်ထားရင် စင်ပေါ်ရောက်ရင် အသံမထွက်သလိုမျိုး၊ ပွဲအတွက်အဝတ်အစားကို လျှော်ဖွပ်မီးပူတိုက်ထားဖို့ လိုသလိုမျိုးပေါ့။ အဲဒီတော့ အမြဲတမ်းကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားဖို့တော့လိုတယ်။

■ မေး - Galaxy Star သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်လုပ်ခဲ့တယ်ဆိုတော့ နောက်ထပ်လုပ်ဖြစ်ဦးမလား။
ဖြေ - လောလောဆယ်တော့ မရှိသေးဘူး။ ကမ်းလှမ်းတယ်ဆိုလည်း ညှိနှိုင်းလို့အဆင်ပြေရင် လုပ်ဖြစ်လိမ့်မယ်။

■ မေး - အခုထွက်မယ့်အခွေကိုရော အားရလား။
ဖြေ - ဒီအခွေက ၂၀၁၄ လောက်ကတည်းက ပြီးနေတဲ့အခွေပါ။ ကိုယ့်အခွေ ကိုယ်စိတ်တိုင်းကျတဲ့အထိ၊ ကြိုက်တဲ့အထိ ပြန်ပြင်နေလို့သာ ဒီလောက်အထိ ကြာသွားတာပါ။ အခု မေ ၂၆ ရက်မှာ The Sun Music Production ကနေ ဖြန့်ချိပါမယ်။ နားထောင်ကြည့်တဲ့ သူတွေအတွက်တော့ တစ်ခုခုရမှာ သေချာပါတယ်။ နားထောင် ကြည့်စေချင်ပါတယ်။

■ မေး - ပရိုမိုးရှင်းရောလုပ်ဖို့ရှိလား။
ဖြေ - လောလောဆယ်တော့ နေရာညှိတုန်းပဲ။ အဆင်ပြေရင် လုပ်ဖြစ်မယ်။ လက်မှတ်ထိုးဖြစ်မှာ မဟုတ်ဘူး။ သီချင်းတွေဆိုမယ်။ အခွေရောင်းမယ်။ ပရိသတ်တွေလည်း J ကြီးရဲ့ လက်မှတ်ထက် သီချင်းတွေဆိုပြတာ ပိုကြားချင်မယ်လို့ထင်တယ်။