ရေးမြို့ ပင်လယ်တွင်းက ငရဲခန်းများ (သို့မဟုတ်) သေမင်းထံမှ လွတ်မြောက်ကြခြင်း

ရေးမြို့ ပင်လယ်တွင်းက ငရဲခန်းများ (သို့မဟုတ်) သေမင်းထံမှ လွတ်မြောက်ကြခြင်း
Published 6 May 2018

ရေလုပ်သားများ ပြန်လည်ရောက်ရှိရေး မိသားစုဝင်များ ဆန္ဒထုတ်ဖော်စဉ်

ကိုနေမျိုးတစ်ယောက် ငါးလအတွင်း အကြိမ်ရေ ၅၀၀ နီးပါးခန့် အနှိပ်စက်ခံခဲ့ရပြီး ရွာကိုပြန်ရောက်ချိန်မှာတော့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအမာရွတ်ပေါင်း ၁၀၀ ကျော်ရရှိခဲ့လေသည်။ တစ်ရက်လျှင် သုံးကြိမ်ခန့်ဖြင့် နေ့စဉ်ဆိုသလို ဖောင်တုပ်ကြိုးဖြင့် ရိုက်နှက်ခြင်း၊ ဝါးခြမ်းဖြင့်ရိုက်ခြင်း၊ ထိုးကြိတ်ကန်ကျောက်ခြင်းနှင့် တစ်ခါတစ်ရံတွင် ကိုက်ဆွဲသည်ကိုပါ ခံခဲ့ရသည်။ ပြင်ပဒဏ်ရာများမှာ ရေတွက်၍ရခဲ့သော်လည်း အတွင်းဒဏ်ရာများကတော့ ဆေးစစ်ကြည့်မှပင် ဘယ်လောက်ပျက်စီးနေပြီဆိုတာကို သိရတော့မည်ဖြစ်သည်။ လက်ရှိမှာတော့ ကိုနေမျိုး အားအင်ပြည့်ဝစေရန် ပုလင်းကြီး ချိတ်ဆွဲထားကြသည်။

ကိုနေမျိုးဇာတိက နေပြည်တော်အနီးတွင်ဖြစ်ပြီး အိမ်ထောင်ကျပြီးကတည်းက မိန်းမဖြစ်သူ၏ ဇာတိဖြစ်သည့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာသို့ ပြောင်းလာခဲ့သည်မှာ သားလေးအသက် လေးနှစ်ပင်ရှိခဲ့ပြီ။ ယင်းသည်ကပင် သူတို့၏ အိမ်ထောင်သက်ဖြစ်ခဲ့သည်။ ကြုံရာကျပန်း လုပ်ကိုင်စားခဲ့သူပီပီ မိန်းမဇာတိရွာကလေးတွင်လည်း ထင်းခွေ၊ ရေခပ်၊ ပေါင်းရှင်းယာခုတ်ဖြင့် ထမင်းစားသာသာဖြင့် ရုန်းကန်ခဲ့ကြသည်။ ဘဝသည်ချမ်းသာကြွယ်ဝဖို့ဝေးစွ၊ အဆင်ပြေရန်ပင် မလွယ်လှသော အခြေအနေတွင်၊ ကိုနေမျိုးတို့ နေထိုင်ရာသို့ လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရောက်လာခဲ့ကြသည်။ ထိုလူငယ်မှာလည်း ရွာသာယာရွာ ဇာတိပင်ဖြစ်သည်။ အလုပ်လုပ်လိုသူများအတွက် အလုပ်ပေးရန်အတွက် ရောက်လာခဲ့ခြင်းပင်ဖြစ်သည်။ ရွာသာယာရွာကလေးက ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိပြီး ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်ဘုရားအနီး စတုတ္ထမြစ်ကျဉ်း၊ ကမ်းနဖူးတွင်ရှိကာ ရေလမ်းသာ အဆက်အသွယ်ကောင်းကာ ကုန်းလမ်းဖြင့် ခရီးကကြမ်းသည်။ ပြည်မြို့နှင့် နီးသော်လည်း ဖွံ့ဖြိုးမှုမှာ စိတ်ဓာတ်အရရော ရုပ်ပိုင်းဆိုင်ရာအရပါ နိမ့်ကျနေသေးသည်။

“သူတို့လာခေါ်တုန်းကတော့ မန္တလေးမှာ ငါးအကြီး အသေးရွေးရမယ် ဘာမှလုပ်စရာမလိုဘူး။ တစ်သိန်းနှစ်သောင်းရမယ်ဆိုပြီး လာခေါ်ကြတာ။ ရွာကတင်မဟုတ်ဘူး ဟိုဘက်ရွှေတောင်မြို့နယ်ထဲက စာစီကုန်း၊ ပန်းတောင်းမြို့နယ် ကြာအင်းဘက်ကလည်း လိုက်သွားကြတယ်။ အားလုံးငါးယောက် လိုက်သွားတယ်။ တစ်ယောက်ကတော့ မလုပ်နိုင်ဘူးပြောလို့ အလုပ်ထဲမရောက်ခင် လိုက်ရွေးရတာ လေးသိန်းလောက်ကုန်သွားတယ်။ ကိုနေမျိုးကတော့ ပြန်ရောက်လာတယ်။ သုံးယောက်ကျန်ခဲ့တယ်လို့ ပြောတယ်” ဟု ရွာသာယာကျေးရွာသားများက သိသမျှကို တစ်ယောက်တစ်ပေါက်ဖြင့် အလုအယက်ပြောနေကြသည်။

ကိုနေမျိုး ပြန်လည်ရောက်ရှိလာခြင်းကပင် အိပ်မက်ဆန်ဆန် ကယောင်ချောက်ချားဖြစ်စေပြီး ပိန်ခြောက်မည်းနေသည့် အသားအရေနှင့် ဒဏ်ရာအနာတရများ၊ ပိန်လှီနေသည့် ခန္ဓာကိုယ်ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် အိမ်သို့ရောက်လာခဲ့ခြင်းအတွက် မိသားစုများအပါအဝင် အနီးနားရှိသူများကပါ ကြောက်လန့်တကြားဖြင့် ဝိုင်းဝန်းမေးမြန်းခဲ့ကြတော့သည်။ လူအများ၏ အမေးစကားကို ကိုနေမျိုး ကောင်းစွာခွန်းတုံ့မပြန်နိုင်ပဲ စကားလုံးတစ်လုံးနှင့် တစ်လုံးအခြား မိနစ်အနည်းငယ်ကြာအောင် အားယူကာ အသက်ကိုရှူရှိုက်နေရသည်။ ကိုနေမျိုး ပြန်လည်ရောက်ရှိလာသည့်နေ့ ၂၀၁၈ ခုနှစ် ဧပြီ ၂၃ ရက်တွင်ဖြစ်သည်။

“လာခေါ်ကတည်းက ကျွန်တော်က သိပ်လိုက်ချင်တာမဟုတ်ဘူး။ ယောက္ခမတွေက လိုက်သွားဆိုလို့ လိုက်သွားရတာ။ ကျွန်တော်သွားချင်တာက တရုတ်တို့ ထိုင်းတို့ကိုသွားချင်တာ။ အခုကတော့ ကံကောင်းလို့ ပြန်ရောက်လာတာ” ဟု ပြန်ရောက်ပြီး နောက်တစ်ရက်တွင် သတင်းမေးလာသည့် ဧည့်သည်များကို ကိုနေမျိုးက ပြောပြနေသည်။

ရေးမြို့ ကျားဖောင်ရေ လုပ်သားအဖြစ်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦး

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာမှ ကိုနေမျိုးနှင့် ကိုဌေးဇော်အောင်၊ ကြာအင်းကျေးရွာမှ ကိုမြထွန်း ရွှေတောင်မြို့နယ်၊ ကျီးသဲ၊ မြို့မ၊ စာစီကုန်းကျေးရွာမှ ကိုရန်ပိုင်ထွန်းအပါအဝင် နှစ်ဦးတို့မှာ မန္တလေးတွင် ငါးရွေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် စတင်ခရီးထွက်ခဲ့ကြပြီး မန္တလေးသို့ရောက်ရှိခဲ့ခြင်းမရှိဘဲ ရန်ကုန်တွင် ပွဲစားမှတစ်ဆင့် ရေးမြို့သို့ အပို့ခံခဲ့ကြရခြင်းဖြစ်သည်။

“ရန်ကုန်ရောက်တော့ ကိုသားကြီးဆိုတဲ့ ပွဲစားကတစ်ဆင့် Express ကားနဲ့ ရေးကိုပို့ခံရတယ်။ ရေးရောက်တော့ သူတို့က ပွဲစားခပေးရမယ်လို့ အစကမပြောဘူး။ နောက်ကျတော့ ညီလေးတို့ ပွဲစားခပေးရမယ်ပြောတယ်။ ကျွန်တော်တို့လည်း ရောက်လက်စနဲ့ အေးဗျာပေးမယ်ဆိုပြီး အလုပ်ရှင်ဆီရောက်တော့လည်း မင်းတို့တွေတစ်လကို ငါးသောင်းနဲ့ဆိုတော့ ပွဲစားကိုမလုပ်ဘူး မင်းတို့ပြောတော့ တစ်သိန်းနှစ်သောင်းနဲ့ ရန်ကုန်မှာ လက်ဖက်ရည်ဆိုင် ဝင်လုပ်ရင်တောင် ငါးသောင်းရတယ်လို့ပြောပြီး ကျွန်တော်တို့ကို လာခေါ်တော့လို့ပြောတယ်။ လာခေါ်မလားဆိုပြီး စောင့်သေးတယ်။ မလာတာနဲ့ ကျွန်တော်တို့လည်း ပင်လယ်ထဲကို လိုက်သွားကြတယ်” ဟု ပင်လယ်အတွင်း မဆင်းခင် လမ်းခရီးအကြောင်းကို ကိုနေမျိုးက ပြန်ပြောပြခဲ့သည်။

အလားတူဖြစ်စဉ်မျိုးက ယခုတစ်ကြိမ်မှ ကြုံတွေ့ရသည်တော့ မဟုတ်တော့ချေ။ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလလယ်ခန့်ကလည်း တရားမဝင် အလုပ်လုပ်ကိုင်ခဲ့ရသည့် အလုပ်သမား ၂၇ ဦးကို သွားရောက်ခေါ်ယူခဲ့ရသည့် ဖြစ်စဉ်မျိုးရှိခဲ့ဖူးသည်။ ထိုသူများကလည်း ပြည်မြို့ဗဟိုပြုကာ မြေလတ်ဒေသတစ်ဝိုက်မှ လက်လုပ်လက်စား ဆင်းရဲနွမ်းပါးသူများပင်ဖြစ်သည်။ လွယ်လွယ်ကူကူ ခေါ်ယူရခဲ့သည်တော့ မဟုတ်ပါချေ။ အဖွဲ့အစည်းအဆင့်ဆင့် ဌာနဆိုင်ရာများစွာဖြင့် ဆက်သွယ်တောင်းဆို တောင်းပန်လျှို့ဝှက် လုပ်ခဲ့ရသည်ဖြစ်စဉ်ဖြစ်သည်။

ရေးမြို့နယ် အစင်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် လုပ်ငန်းရှင်များ၏ တရားဝင်ဖြေဆိုချက်အရ ၂၀၁၆ ခုနှစ်အထိ အင်္ဂလန်ကျားဖောင်လုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ၁၀၀ ကျော်ရှိနေပြီး ကျားဖောင်ပေါင်း ၅၀၀ ကျော်ရှိသည်ဟု ဆိုသည်။ ကျားဖောင်တစ်ခုလျှင် ဖောင်ဦးစီးအပါအဝင် သုံးဦးအထိ နေထိုင်ကြကာ လပေါင်းများစွာကြာအောင် ကုန်းပေါ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပင်လယ်အတွင်း နေထိုင်လုပ်ကိုင်ကြရသည်ဟု ဆိုသည်။

“ငါးလုပ်ငန်းဦးစီးဌာနကို ကျွန်တော်တို့သွားကြည့်တယ်။ ကျွန်တော်တို့ဆီမှာ ပါလာတဲ့စာရင်းအရ ရေလုပ်သားမှတ်ပုံတင် ရှိ မရှိ တိုက်ဆိုင်စစ်ဆေးချင်တယ်လို့ပြောတော့ မှတ်မှတ်ရရ ကျန်နေတာက ကျွန်တော်ယူသွားတဲ့စာရင်း ၂၀ ကျော်မှာ သုံးဦးလောက်ပဲတွေ့တယ်။ တကယ်ငါးလုပ်ငန်းတွေကို ခင်ဗျားတို့ အလုပ်သမားလစာပေးတဲ့ စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ အတော်ကိုကွဲလွဲနေတာကို တွေ့ရတယ်” ဟု ၂၀၁၆ ခုနှစ်အတွင်းက ရေးမြို့သို့ တရားမဝင်ရေလုပ်သားများ ကယ်ထုတ်ပေးခဲ့သူ တစ်ဦးဖြစ်သည့် ကိုနေထွန်းက ပြောသည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးဖမ်းလုပ်ငန်းရှင်များကို လုပ်ငန်းခွင့်ပြုရာတွင် စည်းကမ်းချက်များကိုပါ တစ်ခါတည်း သတ်မှတ်ပေးခဲ့သော်လည်း ချိုးဖောက်မှုများအနက် ငါးလုပ်ငန်းလုပ်ကိုင်မည့် ရေယာဉ်ပေါ်တွင် ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ရေလုပ်သားကိုသာ တင်ဆောင်ရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ အများစုမှာ တရားမဝင် ရေလုပ်သားများသာဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားမှ လာရောက်ကြသည့် အမည်မဲ့များဖြစ်နေသည်။ အချို့မှာ အလုပ်ရှင် အလုပ်သမား စာချုပ်စာတမ်းများရှိသော်လည်း စာချုပ်စဉ်ကပင် စာဖတ်တတ်ခြင်းမရှိဘဲ မထူးဇာတ်ခင်းနေသူများသာ ဖြစ်နေကြသည်။

“စာချုပ်တော့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှ စာမဖတ်တတ်တာ။ ပြန်မယ်ဆိုရင်လည်း ပွဲစားကယူထားတဲ့ ငွေကိုဆတိုးနဲ့ ပြန်လျော်ရမယ်တဲ့။ ရောက်ပြီးနောက်တော့ မထူးဘူးဆိုပြီး စာချုပ်ပေါ်မှာ ဒီအတိုင်းချရေးလိုက်တာပဲ” ဟု ကိုနေမျိုးက ပြောသည်။

နှစ်ဦးသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ စာချုပ်ချုပ်ဆိုပြီးပါက ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်အတွင်းသို့ စက်လှေတစ်စင်းဖြင့် ခေါ်ဆောင်ရာသို့ လိုက်ပါသွားကြပြီး တစ်ညခန့် အိပ်စက်မောင်းနှင်ပြီးနောက် အလုပ်လုပ်ကြရမည့် ပင်လယ်ကျားဖောင်များပေါ်သို့ လူခွဲကာ ချထားခဲ့လိုက်ကြတော့သည် ယင်းသည်ကပင် ငရဲခန်းတစ်ခုသို့ စတင်ဝင်ရောက်လိုက်ခြင်းဖြစ်ပြီး သေစာရင်းနံပါတ် သွင်းထားလိုက်ခြင်း ဖြစ်တော့သည်။

“ကျားဖောင်ပေါ်ရောက်တော့ ဖောင်ဦးစီးနဲ့ အခြားတစ်ယောက်တွေ့တယ်။ ကျွန်တော်နဲ့ဆို သုံးယောက်ပေါ့။ အလုပ်လုပ်ရတာကတော့ အချိန်ရယ်လို့မရှိဘူး။ ညပိုင်းတွေလည်း လုပ်ရတယ်။ ကျန်တဲ့အချိန်တွေကြတော့ ငါး၊ ပုစွန်ရွေးရတယ်။ ဖောင်ပေါ်မှာ ပဲလှန်းတယ်။ စက်လှေနဲ့ လာလာသယ်သွားကြတယ်။ တစ်ခါတည်း ရိက္ခာတွေသယ်လာပေးတယ်။ စားချင်တာလေးတွေလည်း မှာလိုက်ရတယ်။ ရောက်ပြီးနှစ်လကျော်အထိ ဘာမှမဖြစ်သေးဘူး။ နောက်ပိုင်းကျတော့ ဆက်တိုက်နှိပ်စက်ခံရတော့တာပဲ။ ဖောင်ဦးစီးက သူ့ကိုယ်သူ လူမိုက်လို့လည်း စိန်ခေါ်သေးတယ်။ တစ်နေ့ကို သုံးခါထက်မနည်းဘူး နှိပ်စက်ရိုက်နှက်တာကတော့ နည်းမျိုးစုံပဲဗျာ။ တစ်ခါတလေ ကုန်းတောင်ကိုက်တယ် ဒဏ်ရာတွေကတော့ မြင်တဲ့အတိုင်းပဲ” ဟု ခန္ဓာကိုယ်အနှံ့ အမာရွတ်ဒဏ်ရာများကိုပြရင်း ကိုနေမျိုးက ဆိုသည်။

ပင်လယ်ပြင်အတွင်း ရှစ်လခန့်အလုပ်လုပ်ခဲ့ပြီး ဖောင်ဖျက်သည့်အခိုက်တွင် ကမ်းပေါ်သို့ပြန်လာခဲ့ကာ ငါးလုပ်ငန်းရှင်၏ အမျိုးတော်စပ်သူ စိတ်ရင်းကောင်းသူတစ်ဦးက ပြန်လွှတ်ပေးခဲ့သည်။ ထိုအချိန်တွင် ကိုနေမျိုးတစ်ယောက် ဖျားနာခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့ကြောင့် မည်းခြောက်ချည့်နဲ့နေခဲ့ပြီးဖြစ်သည်။

“ကျွန်တော်က ကံကောင်းတယ်လို့ ပြောရင်ရတယ်။ လမ်းမှာ အဲဒီလိုလျှောက်သွားနေရင် ဖမ်းပြီး ပင်လယ်ထဲပြန်ပို့ကြတယ်။ လွတ်လာဖို့မလွယ်ဘူး။ နေမကောင်းလည်း ဆေးကုမပေးဘူး။ လုံးလုံးသေသွားလည်း ရေထဲကန်ချလိုက်ကြတာပဲ။ ကျွန်တော် အလုပ်လုပ်နေတဲ့ လအတွင်းမှာကို ပင်လယ်ထဲမျောနေတဲ့ လူသေအလောင်း ငါးခါလောက်မြင်ခဲ့ရတယ်” ဟု ကိုနေမျိုးက ပြောသည်။

အဆိုပါ ရေးမြို့နယ် ငါးဖမ်းလုပ်ငန်းအတွင်း ပြန်လည်ရောက်ရှိခြင်း မရှိသေးသူများနှင့် သေဆုံးခဲ့သူအတွက် ပြည်မြို့တွင် ဆန္ဒထုတ်ဖော်တောင်းဆိုမှုများကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နှင့် ဖေဖော်ဝါရီ ၁၀ ရက်တို့တွင် ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ခဲ့ကြပြီး သေဆုံးခဲ့သူအတွက်လည်း ရေးမြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိထားကြောင်း ရေလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ရသည့် မိသားစုဝင်များထံက သိရသည်။

“ငါးဖမ်းတာမှာ ဝါးဖောင်တွေနဲ့ ကျားတွေတိုက်ရတယ်။ သုံးလခြောက်ရက် ကြာခဲ့တယ်။ ခေါ်သွားတုန်းကတော့ တစ်လကို တစ်သိန်းရှစ်သောင်းရမယ်။ ကုန်းပေါ်မှာ ငါးရွေးရမယ်ပြောပြီး ဟိုကျတော့ ရေထဲမှာ ငါးဖမ်းရတာ။ အသတ်ခံခဲ့ရတဲ့ ဦးမြင့်ခိုင်ကတော့ အဲဒီနေ့က သူ့ကိုပုစွန်ပြုတ်ခိုင်းပြီး ထမင်းအိုးတည်ခိုင်းတာ ပုစွန်ပြုတ်ပြီး ထမင်းအိုးမတည်ဘူး။ ပုစွန်လည်း ကျက်အောင်မပြုတ်ဘူးဆိုပြီး ဖောင်ဦးစီး ကိုသန်းမြင့်က ဝါးလုံးရှည်နဲ့ရိုက်တယ်၊ ရေထဲကန်ချတယ်။ ပြန်အတက်မှာ ထင်းစနဲ့ ခေါင်းကိုရိုက်ချတယ်။ အမေ အမေနဲ့ သုံးခါလောက်အော်ပြီး ပြန်ပေါ်မလာတော့ဘူး။ ဖြစ်တာကတော့ ရောက်ပြီးရက်ပိုင်းမှာပဲဖြစ်တာ။ ကျွန်တော်အပြင် အခြားသူတွေလည်းမြင်တယ်။ ကျွန်တော်တို့ကို လာခေါ်တာက ကိုဂျင်မီဆိုတဲ့လူတွေ လာခေါ်တာပါ” ဟု ၂၀၁၆ ခုနှစ်တွင် ပြန်လည်ရောက်ရှိလာသူများထဲက ကိုစိုးသူက ပြောသည်။

ပြန်လည်ရောက်ရှိလာသည့် ကိုနေမျိုးအား ကြားနာပွဲတစ်ခုကို ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေးရာကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

“အလုပ်သမားကိစ္စ လူကုန်ကူးမှုကိစ္စတွေကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုလာပြီ။ အရင်က မိန်းကလေးတွေကနေ အခုယောကျ်ားလေးတွေဘက်ကိုပါ လှည့်လာတယ်။ အခုလိုမျိုး နှိပ်စက်တာမျိုးတွေကို ပြည်ထောင်စုအဆင့်အနေနဲ့ ထိထိရောက်ရောက် လုပ်ဖို့လိုလာပြီ။ ကိုနေမျိုးကို မြင်လိုက်ရတော့ စိတ်ထဲမကောင်းဘူး။ ဒီအသက်အရွယ်နဲ့ ကျန်းမာရေးက ဒီထက်ပိုကောင်းသင့်တယ်။ ဒဏ်ရာအနာရွတ်တွေကို မြင်ရတော့ စိတ်မကောင်းဘူး” ဟု အဆိုပါကော်မတီအဖွဲ့ဝင် ပြည်မြို့နယ်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်သို့ ဆက်သွယ်ချိတ်ဆက်ခြင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ ချိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း လုပ်ဆောင်နေသည့် အခြေအနေများနှင့် ပတ်သက်၍ အားရကျေနပ်ဖွယ်မရှိသည့် အခြေအနေများရှိခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဦးကျော်ဆွေက ပြောသည်။

“အစိုးရဘက်က လူကုန်တားတွေ သူတို့တွေက လူကုန်ကူးမှုမြောက်နေတဲ့ အတိုင်းအတာကို အရေးယူဆောင်ရွက်မှု နှောင့်နှေးနေတဲ့အတွက် အပြစ်ရှိသူတွေကို အခွင့်အရေးပေးထားသလိုဖြစ်နေတယ်။ အဲဒါကြောင့် အမြန်ဆုံးလူကုန်ကူးမှုကို ပေါ်လွင်အောင် လုပ်ပေးစေချင်တယ်။ အားတက်သရော ဆောင်ရွက်စေချင်တယ်။ သေချာစုံစမ်းမှုတွေ မလုပ်တဲ့အခါကျတော့ ကာယကံရှင်တွေ နစ်နာတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ ကုန်ပစ္စည်းတစ်ခုကို ကူးသန်းရောင်းဝယ်နေသလို ကြားထဲမှာ သူတို့ပွဲစားတွေက ဖျက်ယူနေစရာမရှိဘူး။ ပြောတဲ့လစာမရဘူး။ လုပ်ခတွေ ခေါင်းပုံဖျက်တယ်။ ဒါကို လူကုန်ကူးမှု မမြောက်ဘူးလို့ပြောရင် ဘာကိုလူကုန်ကူးမှုလို့ ပြောရမှာလဲ” ဟု ၎င်းက ပြောသည်။

ကြားနာမှုအပြီး နောက်တစ်ရက်တွင် ကြာအင်းကျေးရွာမှ ကိုမြထွန်းနှင့် ရွှေတောင်မြို့နယ်အတွင်းက ကိုရန်ပိုင်ထွန်းတို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကိုမြထွန်းအား အမှတ် (၃) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုရုံး (ပြည်) တွင် ခေါ်ယူစစ်မေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်မေးမှုအခြေအနေနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် “အဲဒါက ဆောင်ရွက်နေတုန်းပဲ ပြောလို့မရသေးဘူး။ စိစစ်ဆောင်ရွက်နေတုန်းပဲ။ ရတာနဲ့ ကျွန်တော်တို့ ဆက်သွယ်ပါ့မယ်” ဟု အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုရုံး (ပြည်) မှ ရဲအုပ်ရဲဝင်းနိုင်က မေ ၅ ရက် ညနေပိုင်းကပြောသည်။

ပြန်လည်လွတ်မြောက်လာသူများအဖို့ အမှုဖွင့်တိုင်တန်းရာတွင်လည်း အကြိမ်ကြိမ်စစ်မေးနေမှုများနှင့် မမြင်နိုင်သည့် အခြားသောကြောက်လန့်မှုများ၊ ငွေကြေးမတတ်နိုင်မှုများကြောင့် မတရားနှိပ်စက်မှုများနှင့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများ၊ ငွေကြေးခေါင်းပုံဖြတ်မှုများကို တစ်ဦးတစ်ယောက်ခြင်းအနေဖြင့် ပြန်လည်တုံ့ပြန် ပြောဆိုချေပမှုများ မပြုလုပ်နိုင်ကြတော့ချေ။

“အခုဖြစ်စဉ်မှာဆိုရင်လည်း ကျွန်မတို့က သက်ဆိုင်ရာမြို့တွေကိုသွားတယ်။ အဲဒီက လူကုန်တားရဲတွေက တခြားတစ်ယောက်ကို လွှဲတယ်။ လူကုန်ကူးမှု မမြောက်သလိုလို ပြောနေတယ်။ မြောက်တယ် မမြောက်ဘူးဆိုတာက စစ်မေးပြီးမှ သိလာရမှာလေ။ အခုက သွားအမှုဖွင့်ရုံရှိသေးတယ်။ လူကုန်ကူးမှုမမြောက်ဘူးလို့ တန်းပြောတယ်။ အခုလည်း သူတို့ရဲ့စုံစမ်းစစ်ဆေးမှုကို ဘာမှမသိရသေးဘူး။ ကျွန်မတို့ အလုပ်ဆက်လုပ်ဖို့ နှောင့်နှေးနေတယ်” ဟု အလုပ်သမားများဘက်က ဥပဒေအကူညီပေးနေသူ ရှေ့နေတစ်ဦးက ပြောသည်။

ရေးမြို့ ပင်လယ်ပြင်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ပိုင်ရှင်မဲ့အလောင်းများအဖြစ် သေမှုသေခင်းဖွင့်ပေးခဲ့ရသည်မှာ အလောင်း ၄၀ ခန့်ရှိခဲ့ကြောင်း ရဲစခန်း၏မှတ်တမ်းများ ကိုးကားကာ အလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသူ ကိုနေထွန်းထံက သိရသည်။

“အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်က မလုပ်နိုင်တော့ နှိပ်စက်ခံရတယ်။ အကန်အကျောက်ခံရတယ်။ ရေထဲကိုကန်ချတာ ခဏခဏပဲ။ ကျွန်တော်တို့က နောက်ကနေလိုက်ပြီးထုတ်လို့ ပြန်လာရတာ။ ဟိုမှာကျန်ခဲ့တာ ၁၀၀ နီးပါးလောက် ကျန်သေးတယ်။ စာရင်းရှိငါးဖမ်းဖောင်တွေက ၅၀ လောက်ရှိပြီး တရားဝင်က ငါးဦးလောက်ပဲရှိတယ်” ဟု ၂၀၁၆ ခုနှစ်တွင် ပြန်လည်ရောက်ရှိလာသည့် ပြည်မြို့မှ မောင်အောင်ပြည့်မင်းက ပြောသည်။

တစ်နှစ်တွင် ခုနစ်လတာ လုပ်ကိုင်ခဲ့ရသည့် ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းများက ဧပြီလတွင် ရာသီချိန်ကုန်၍ ခေတ္တနားခိုရတော့မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပြည်ဒေသအတွင်းရှိ တရားမဝင်ရေလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ရသူ ၄၀ ခန့်တွင် လူသေဆုံးမှုနှင့် လူကုန်ကူးမှုတစ်မှုကိုသာ မော်လမြိုင်တရားရုံးတွင် အမိန့်ချနိုင်ခဲ့ပြီး ကျန်သူများမှာ အမှုဖွင့်ထားခြင်း ရှိ မရှိကိုပင် မသိရတော့ဘဲ ဆုံးရှုံးနစ်နာမှုများကတော့ ကုန်ဆုံးသွားသော နှစ်များနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

“ကျွန်တော့်ကို ရိုက်သူတွေကို မှတ်လောက်သားလောက်ဖြစ်အောင် ပညာတော့ပေးချင်တယ်။ နောက်တစ်ခေါက် သွားဦးမလားဆိုရင် အိပ်မက်မက်ရင်တောင် မျက်နှာထသစ်ပစ်မယ်” ဟု မြေစိုက်တဲတစ်လုံးအတွင်းမှ မြစ်ပြင်အတွင်းငေးနေရင်း ကိုနေမျိုးက ပြောဆိုလိုက်သည်။