အရှုံးတွေနဲ့ ကျားကန်နေရတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေ ပြိုလဲသွားနိုင်သလား

အရှုံးတွေနဲ့ ကျားကန်နေရတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေ ပြိုလဲသွားနိုင်သလား
Published 11 December 2017

 

NLD အစိုးရလက်ထက်မှာ  အရင်နှစ်တွေကထက် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု တိုးတက်လာတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍဟာ ရာခိုင်နှုန်း ၂၀ ကျော် တိုးတက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါပေမဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ကဏ္ဍတွေမှာတော့ စီးပွားရေးအခြေအနေဟာ တက်ရိပ်တောင်မရှိဘဲ ကျဆင်းနေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။  အစိုးရက ခရီးသွားကဏ္ဍမှာ နိုင်ငံခြားသားခရီးသွားအဝင် တိုးတက်တယ်လို့ ပြောဆိုနေချိန်မှာ ခရီးသွားကဏ္ဍနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းအများစုဟာ ရပ်တည်နိုင်ဖို့အတွက် အတော်လေး ရုန်းကန်နေရတယ်လို့ သိရပါတယ်။ ကွဲလွဲမှုတွေရှိနိုင်ပေမယ့် ခရီးသွားလုပ်ငန်းတွေကို စုံစမ်းတဲ့အခါမှာတော့ စီးပွားရေးပိုင်းအခြေအနေ၊ ဈေးကွက်အနေအထားဟာ ယိမ်းယိုင်နေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလို့ ဆိုရမယ့် လေကြောင်းလိုင်းတွေရဲ့ လက်ရှိအခြေအနေကို လေ့လာကြည့်တဲ့အခါမှာလည်း အတော်လေး ဆိုးဆိုးရွားရွား ဖြစ်နေတယ်ဆိုတဲ့ အသံတွေ ကြားနေရပါတယ်။ အထူးသဖြင့် ပြည်တွင်းလေကြောင်းလိုင်းတွေဟာ ရပ်တည်ဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုး ဆိုက်ရောက်နေတယ်၊ လုပ်ငန်းတွေဟာ အရှုံးပေါ်နေတဲ့ အခြေအနေမျိုးကနေ ရှင်သန်ဖို့မနည်း ကြိုးစားလုပ်ဆောင်နေ ကြရတယ်၊ အခက်အခဲ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အခြေအနေမျိုး ကြုံတွေ့နေရပါတယ်။

 

ယှဉ်ပြိုင်မှုပြင်းထန်နေတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေ

မြန်မာနိုင်ငံရဲ့ လက်ရှိပြည်တွင်း လေကြောင်းလိုင်းဈေးကွက်မှာ လေကြောင်းလိုင်းအချင်းချင်း ယှဉ်ပြိုင်မှု ပြင်းထန်နေပြီး အမြတ်ကျန်ဖို့ မဆိုထားနဲ့ အတတ်နိုင်ဆုံး အရှုံးနည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ရုန်းကန်နေရတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ ပြည်တွင်းလေကြောင်းလိုင်း အသိုင်းအဝိုင်းက သိရပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့ အပတ်စဉ်၊ နေ့စဉ်ပရို မိုးရှင်းတွေ အပြိုင်အဆိုင်ပြုလုပ်ပြီး ခရီးသည်ရရှိအောင် ဆွဲဆောင်နေကြပါတယ်။ ပြည်တွင်းမှာ ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေဟာ ခရီးသည်ရရှိဖို့ ပြည်တွင်းလေကြောင်းလိုင်းအချင်းချင်း ယှဉ်ပြိုင်နေရတဲ့ နည်းတူပြည်ပကိုပျံသန်းနေတဲ့ ပြည်တွင်းလေကြောင်းလိုင်းအချို့ဟာ ဆိုရင်လည်း ပြည်ပကို တိုက်ရိုက်ပျံသန်းနေတဲ့ ပြည်တွင်းလေကြောင်းလိုင်း အချင်းချင်းအပြင် ပြည်ပက စရိတ်နည်းလေကြောင်းလိုင်းတွေ၊ အခြားနိုင်ငံတကာမှာ နာမည်ကျော်ကြားတဲ့ ပြည်ပလေကြောင်းလိုင်းကြီးတွေနဲ့ပါ ယှဉ်ပြိုင်ပြီးဈေးကွက်ဝေစုရရှိဖို့ ရုန်းကန်နေရတယ့် အခြေနေဖြစ်နေတယ်လို့ ဆိုပါတယ်။ လေကြောင်းလိုင်းတွေ အရှုံးပေါ်နေရတဲ့ အချက်တွေထဲမှာ လေယာဉ်ဆီ ဈေးနှုန်းကြီးမြင့်ခြင်းကလည်း တစ်ချက်အပါအဝင် ဖြစ်နေတယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံမှာ ပြည်တွင်းလေကြောင်းလိုင်းတွေ ဝယ်သုံးနေတဲ့ လေယာဉ်ဆီကို ရောင်းချပေးတဲ့ ကုမ္ပဏီကတစ်ခုတည်းဖြစ်နေတော့ ပြိုင်ဆိုင်မှုမရှိဘဲ ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီး ထင်တိုင်းရောင်းချခွင့်ရနေတဲ့ အချက်ဟာလည်း လေကြောင်းလိုင်းတွေရဲ့ အခက်အခဲတစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံရဲ့ လေယာဉ်ဆီဈေးနှုန်းက သုံးပုံတစ်ပုံမက များနေတယ်လို့ ပြည်တွင်းလေကြောင်းလိုင်း လုပ်ငန်းရှင်တွေက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေထဲမှာ လေယာဉ်အစီးရေအများဆုံးနဲ့ ခရီးစဉ်တွေပျံ သန်းနေတဲ့ Myanmar Airways International (MAI) နဲ့  Air KBZ လေကြောင်းလိုင်းမှ General Manager မအေးမရသာက “ပြည်ပကို ပျံသန်းနေတဲ့ MAI လေကြောင်းလိုင်း အခြေအနေကို ပြောရရင် ဈေးကွက်မှာ မနည်းကို ရုန်းကန်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ခရီးသည်ရဖို့ ဈေးတအားလျှော့ရတယ်။ အခြားနိုင်ငံတကာက လေကြောင်းလိုင်းကြီးတွေ၊ စရိတ်နည်းလေ      ကြောင်းလိုင်းတွေနဲ့ အပြိုင်ဆွဲနေရတယ်။ ကုန်ကျနေတဲ့ ကုန်ကျစရိတ်တွေကို ဘယ်လိုမှ ကာဗာမဖြစ်ဘူး။ ဒီကြားထဲအချို့ ပြည်ပကို ပျံတဲ့ ပြည်တွင်းလေကြောင်းတွေကလည်း ခရီးစဉ်လမ်းကြောင်းအသစ်တွေကို စဉ်းစားပြီး ပျံသန်းတာမျိုးမရှိဘဲ   MAI ကပျံသန်းနေတဲ့ Sector တွေကို လိုက်ပြီးပျံသန်းကြတဲ့အတွက် ဈေးကွက်ခွဲဝေပေးနေရတယ်။ အရှုံးသက်သာအောင် မနည်းကို ရုန်းကန်ပျံသန်းနေရပါတယ်” ဟု ပြောပြခဲ့သည်။

လက်ရှိတွင် ATR 72 - 600 လေယာဉ်နှစ်စင်းဖြင့် ပြည်တွင်းခရီးစဉ် ၁၁ ခုကို ပျံသန်းနေသည့် ရွှေမြန်မာလေကြောင်းလိုင်း၏  CEO ဖြစ်သူ ဦးကျော်ငြိမ်းက “လက်ရှိကတော့ အခြားလေကြောင်းလိုင်း တွေနည်းတူပါပဲ။ မြတ်ဖို့အခြေအနေ မရှိပါဘူး။ မြတ်အောင်လုပ်ဖို့ကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ပထမအချက်ကတော့ လေကြောင်းလိုင်းသေးတွေ များနေတာပေါ့။ လေယာဉ်တစ်စင်းလောက်ရှိရုံနဲ့ လေကြောင်းလိုင်းပျံသန်းနေတဲ့အခါ အခက်ခဲတွေရှိတာပေါ့။ နောက်ပြီး လေယာဉ်စီးမယ့်ခရီးသည် အရေအတွက်နဲ့ လေယာဉ်ထိုင်ခုံမမျှတာပေါ့။ စီးမယ့်သူကနည်းပြီး ထိုင်ခုံတွေက များနေတာပေါ့။ နောက်တစ်ချက်က နိုင်ငံခြားသားခရီးသည် ဝင်တာများတဲ့ ကာလနဲ့နည်းတဲ့ ကာလကွာတာပေါ့။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ” ဟု ပြောကြားသည်။

လေကြောင်းလိုင်းပိုင်ရှင်ဖြစ်ဖို့  လေယာဉ်ပိုင်ဆိုင်ဖို့လိုမလား 

လေကြောင်းလိုင်းတစ်ခု ပိုင်ဆိုင်ဖို့အတွက် လေယာဉ်တစ်စင်းပဲဖြစ်ဖြစ် ပိုင်ဆိုင်ဖို့လိုမလား မေးလာခဲ့ရင် အရင်အစိုးရလက်ထက်မှာတော့ မလိုပါဘူးလို့ပဲ ဖြေရမှာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လေကြောင်းလိုင်းပိုင်ရှင် သူဌေးကြီးတစ်ယောက် ဖြစ်ဖို့အတွက် လေယာဉ်တစ်စင်းဖြစ်ဖြစ်ဝယ်ယူဖို့၊ ပိုင်ဆိုင်ထားဖို့ မလိုအပ်ပါဘူး။ အရင်အစိုးရလက်ထက်မှာ လေကြောင်းလိုင်းတစ်ခုတည် ထောင်ပျံသန်းခွင့်ရဖို့အတွက် လေယာဉ်ပိုင်ဆိုင်ဖို့မလိုအပ်ဘဲ အခြားပြည်တွင်းလေကြောင်းလိုင်းက လေယာဉ်တစ်စင်းကို စင်းလုံးငှားပြီးဖြစ်စေ၊ အခြားနိုင်ငံက လေယာဉ်တစ်စင်းကို အချိန်အတိုင်းအတာနဲ့ ငှားရမ်းပြီးပဲဖြစ်စေ၊ ကိုယ်ပိုင်လေယာဉ်တစ်စင်းပဲဖြစ်ဖြစ် ဝယ်ယူထားနိုင်ရုံနဲ့ဖြစ်စေ လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့်ကို ရရှိခဲ့ကြပါတယ်။ အဲဒီလို အခွင့်အရေးတွေ ရရှိခဲ့ကြလို့ အစိုးရနဲ့ ပလဲနံပသင့်တဲ့ လုပ်ငန်းရှင်ကြီးတချို့က လေကြောင်းလိုင်းတွေ အသီးသီးတည်ထောင်ခဲ့ကြတာမို့ မြန်မာနိုင်ငံမှာ လေကြောင်းလိုင်းပိုင်ရှင် လုပ်ငန်းရှင်ကြီးတွေ အသီးသီးပေါ်ထွက်လာခဲ့ကြပါတယ်။

“အရင်တုန်းကလေကြောင်း လိုင်းတစ်ခု တည်ထောင်ဖို့အတွက် အစိုးရအဖွဲ့က ခွင့်ပြုလိုက်ရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို တင်ပြီးခွင့်ပြုချက်ကျလာတာနဲ့ လေကြောင်းဦးစီးဌာနက လေကြောင်းလိုင်းပျံသန်းဖို့ ခွင့်ပြုချက်တွေ ထုတ် ပေးခဲ့တာပေါ့။ လေကြောင်းကဏ္ဍဖွံ့ဖြိုးဖို့အတွက်ဆိုပြီး လေကြောင်း လိုင်းသစ်တွေ ခွင့်ပြုပေးခဲ့တော့ လေကြောင်းလောကမှာ ပြိုင်ဆိုင်မှု များလာခဲ့တယ်။ အခုတော့ လေကြောင်းလိုင်းသစ် ပျံသန်းဖို့ ခွင့် မပြုတော့ပါဘူး။ နောက်ပြီးတော့ လေကြောင်းလိုင်းသစ်တစ်ခု တည်ထောင်မယ်ဆိုရင် လိုအပ်တဲ့ စံသတ်မှတ်တွေကိုလည်း တိုးမြှင့်သွားဖို့ စီစဉ်နေပါတယ်။ ဥပမာ-လေကြောင်းလိုင်းသစ်တစ်ခု ပျံသန်းမယ်ဆိုရင် လေယာဉ်ဘယ်နှစ်စင်းအထိ ပိုင်ဆိုင်ရမယ်ဆိုတာမျိုးတွေပေါ့” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

 

ပြည်တွင်းလေကြောင်းလိုင်းတွေ များပြားလာရုံနဲ့ လေကြောင်းလောက တိုးတက်ပြီလား

ပြည်တွင်းလေကြောင်းလိုင်းတွေ များပြားလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ လေကြောင်းလောက ဖွံ့ဖြိုးတိုးတက်ပြီလို့ ယူဆလို့ရနိုင်ပါ့မလား။ အဖြေကတော့  No ပါပဲ။ လေယာဉ်တစ်စင်းနဲ့ ဈေးကွက်ဝင်ချင်တဲ့အတွက်  လေယာဉ်လက်မှတ်ဈေးတွေကို အပြိုင်အဆိုင်လျှော့ချလာကြတယ်။ ရှိတဲ့လေယာဉ်တစ်စင်းတည်းနဲ့ ပြည်တွင်းမှာ ပျံသန်းနေရုံမက ခရီးသည်ပိုမိုရရှိတဲ့ ဘန်ကောက်၊ စင်ကာပူစတဲ့ အိမ်နီးချင်းနိုင်ငံ တချို့ကိုလည်း ခရီးစဉ်ပျံသန်းချင်ကြပြန်တယ်။ အဲဒီလို ပြည်တွင်းပြည်ပ ခရီးစဉ်တွေ အပြိုင်အဆိုင် ပျံသန်းကြပြီး လေယာဉ်မတော်တဆမှု တစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါမှာတော့ ခရီးစဉ်တွေ မပျံသန်းနိုင်တော့ဘဲ လေယာဉ်ကြီးကို ရပ်ထားကြရပါလေရော။ တချို့လေ ကြောင်းလိုင်းတွေကျပြန်တော့ ငှားထားတဲ့ သက်တမ်းပြည့်လို့ လေယာဉ်ကြီးကို ပြန်အပ်လိုက်ရတော့ လေကြောင်းလိုင်းကို ရပ်နားလိုက်ကြ။ ဟောနောက်လေယာဉ်တစ်စင်း ပြန်ငှားလို့ရပြန်တော့ ခရီးစဉ်တွေ ပြန်ပြီးဆွဲနေကြတာ လက်ရှိလေကြောင်းလောက အသိုင်းဝိုင်းမှာ ဖြစ်ပျက်နေတဲ့ အခြေနေတွေပါ။ ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့ ဘယ်လောက်ထိအောင် ရုန်းကန်နေရသလဲဆိုရင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိထားတဲ့ Yangon Aerodrome Company Limited ကို လေဆိပ်အသုံးပြုခတွေဖြစ်တဲ့ Landing Fees နဲ့ Packing Fees တွေကိုတောင် မရှင်းပေးနိုင်လို့ဒေါ်လာငွေ ပမာဏ အများအပြား အကြွေးတင်နေတဲ့ လေကြောင်းလိုင်းအချို့ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်တွင်းလေကြောင်းလိုင်းကိုးခုက ပြည်တွင်းခရီးစဉ်တွေ ပျံသန်းခဲ့ကြပြီး ဈေးကွက်ဝေစုရရှိမှုကိုကြည့်ရင် လေယာဉ်အစင်းရေ များများပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းကြီးတွေက ခရီးသည်ပိုမိုရရှိပြီး ဈေးကွက်ကို ဦးဆောင်နိုင်ခဲ့ကြတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြည်တွင်းလေကြောင်းတွေဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်း၊ အဲမန္တလေး၊ အေးရှားဝင်းစ်၊ အဲကေဘီဇက်၊ ရန်ကုန်အဲဝေးစ်၊ ရွှေမြန်မာလေကြောင်းလိုင်း၊ မန်းရတနာပုံလေ ကြောင်းလိုင်း၊ APEX နဲ့ FMI စတဲ့ ပြည်တွင်းလေကြောင်းလိုင်းကိုးခုက ပြည်တွင်းခရီးစဉ်တွေ ပျံသန်းခဲ့ပါတယ်။ ဒီလေကြောင်းလိုင်းတွေထဲမှာ အရင်အစိုးရလက်ထက် နှောင်းပိုင်းကစလို့ လေယာဉ်အသစ်တွေ အများအပြားဝယ်ယူပြီး လေကြောင်းလိုင်းအမည်ကစလို့ ပြုပြင်ပြောင်းလဲမှုတွေ များစွာပြုလုပ်ခဲ့ပြီး နိုင်ငံတကာကို ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းက ၂၀၁၆ ခုနှစ်မှာ ပြည်တွင်းခရီးသွား ခြောက်သိန်းကျော်ရရှိခဲ့ပြီး ပျံသန်းမှုကြိမ်ရေ ၉၈၇၅ကြိမ်နဲ့ ဈေးကွက် ဝေစု ၃၃ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

ATR လေယာဉ်ရှစ်စင်းအထိ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံတွင် လေဆိပ်မြို့အသီးသီးက ခရီးစဉ် ၁၁ ခု ကို ပျံသန်းနေတဲ့ Air KBZ လေကြောင်းလိုင်းက ခရီးသည်ငါးသိန်းကျော်ရရှိခဲ့ပြီး ပျံသန်းမှုကြိမ်ရေ ၁၀၈၁၄ ကြိမ်နဲ့ ဈေးကွက်ဝေစုရာ ခိုင်နှုန်း ၃၀ ရရှိခဲ့ပါတယ်။ ကျန်လေကြောင်းလိုင်းတွေကတော့ ၁၀ ရာ ခိုင်နှုန်းတောင် မပြည့်တဲ့ ဈေးကွက်ဝေစု အသီးသီးရရှိခဲ့ပြီး ပြည်တွင်းခရီးစဉ်တွေ ပျံသန်းခဲ့ကြတာကို တွေ့ရပါတယ်။

လက်ရှိနိုင်ငံတကာကို ပျံသန်းနေတဲ့ ပြည်တွင်းလေကြောင်းလိုင်း အချို့အနေနဲ့ အရင်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ခရီးစဉ်ပျံသန်းခွင့်ပြုတဲ့ နိုင်ငံတကာက လေကြောင်းလိုင်းတွေထဲမှာ စရိတ်နည်းလေကြောင်းလိုင်းတွေ အများအပြားပါဝင်ခဲ့တာကြောင့် အခုလက်ရှိမှာ အားတင်းရုန်းကန် နေရပါတယ်။ လေယာဉ်စီးနင်းမယ့် သာမန်ပြည်သူတွေအနေနဲ့ ဈေးနှုန်းသက်သာတဲ့ လေကြောင်းလိုင်းသည် ကိုယ့်နိုင်ငံလေကြောင်းလိုင်း မဟုတ်ခဲ့ရင်တောင် ငွေကြေးအခြေအနေကို ကြည့်ပြီး ဈေးသက်သာတဲ့ လေကြောင်းလိုင်းကိုပဲ ရွေးချယ်စီးနင်းကြမှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ မြန်မာနိုင်ငံသားတွေ အလည်ပတ်အသွားများတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေကို ပြည်ဝင်ခွင့်ဗီဇာမလိုအပ်ဘဲ သွားခွင့်ရလိုက်လို့ မြန်မာနိုင်ငံက အဲဒီနိုင်ငံတွေကို ခရီးသွားတွေပိုပြီး သွားရောက်ကြပေမဲ့ ဈေးကွက်ဝေစုမှာတော့ ပြည်ပက စရိတ်နည်းလေကြောင်းလိုင်းတွေကသာပိုပြီး ရယူထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

ရပ်နားလိုက်ရတဲ့ ပြည်တွင်းလေကြောင်းလိုင်းအချို့

အခုလိုယှဉ်ပြိုင်မှု များပြားနေတဲ့အခြေအနေမှာ လေယာဉ်အစင်းရေ နည်းပါးတာနဲ့ လေကြောင်းလိုင်းတွေကိုယ်တိုင် အရှုံးပေါ်တာကြောင့် ခရီးစဉ်ဆက်လက်ပျံသန်းနိုင်ခြင်း မရှိလို့ ရပ်နားလိုက်တဲ့ ပြည်တွင်းလေကြောင်းလိုင်းအချို့လည်း ရှိနေပါတယ်။ Air Mandalay နှင့် Apex လေကြောင်းလိုင်းနှစ်ခုဟာ လက်ရှိမှာ ခရီးစဉ် ပျံသန်းနိုင်ခြင်းမရှိတဲ့အတွက် ယာယီရပ်နားထားပါတယ်။ အခုလို လေကြောင်းခရီးစဉ်ပျံသန်းတာကို ရပ်နားထားခြင်းဟာ ယာယီသာဖြစ်ပြီး ခရီးစဉ်တွေ ပြန်လည်ပျံသန်းနိုင်ဖို့ စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။ ယာယီရပ်နားထားတဲ့ လေကြောင်းလိုင်းတွေကို ကုမ္ပဏီက ပျံသန်းခွင့် ပြန်လည်လျှောက်ထားခြင်း မရှိသေးခင် အချိန်အထိ ရပ်နားထားမှာဖြစ်ပြီး လေယာဉ်စီးရေဖြည့်တင်းခြင်း အခွင့်အရေးအားပေးထားတယ်လို့ သိရပါတယ်။

“Apex လေကြောင်းလိုင်းက သူတို့ငှားထားတဲ့လေယာဉ် သက်တမ်းပြည့်သွားလို့ ပြန်အပ်လိုက်ရပြီးနောက် လေယာဉ်တစ်စီးနဲ့ ခရီးစဉ်တွေ ပြန်လည်ပျံ သန်းဖို့လုပ်နေတယ်။ Air Mandalay လေကြောင်းလိုင်းကလည်း နောက်ထပ် လေယာဉ်နှစ်စင်း ထပ်မံဖြည့်တင်းပြီး ခရီးစဉ်တွေ ပြန်လည်ပျံသန်းနိုင်ဖို့ စီစဉ်နေတယ်” ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဆိုပါတယ်။

ရန်ကုန်လေဆိပ် Domestic Terminal အဆောက်အအုံအား တွေ့ရစဉ်

ဘယ်လိုအဖြေရှာကြမလဲ

မကြာသေးခင်ကပဲ ဂျပန် ANA Holdings Inc (All Nippon Airways) နဲ့ ရွှေသံလွင်တို့ ပူးပေါင်းတည်ထောင်ထားတဲ့ Asian Blue လေကြောင်းလိုင်းသစ်က မြန်မာအစိုးရဆီက လေကြောင်းလိုင်း တည်ထောင်ပျံသန်းခွင့်လက်မှတ် (Air Operator's Certificate AOC) မရလို့ မြန်မာနိုင်ငံမှာ အကျိုးတူ ဖက်စပ်တည်ထောင်ခဲ့တဲ့ လေကြောင်းလိုင်းလုပ်ငန်းကို ရပ်နားခဲ့ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂျပန် ANA Holdings Inc နဲ့ ရွှေသံလွင်တို့ ပူးပေါင်းတည်ထောင်ထားတဲ့ Asian Blue လေကြောင်းလိုင်းသစ်ရဲ့ လေကြောင်းလိုင်း လုပ်ကိုင်ခွင့်ကို အရင်အစိုးရ လက်ထက်က ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ပြည်တွင်းလေကြောင်းလိုင်း ဈေးကွက်မှာ ယှဉ်ပြိုင်မှု ပြင်းထန်နေတဲ့ အခြေအနေ ဖြစ်နေလို့ ပို့ဆောင်ရေးဝန်ကြီးဌာနက Asian Blue လေကြောင်းလိုင်းသစ်ရဲ့ လေကြောင်းလိုင်းသစ် တည်ထောင်ပျံသန်းခွင့်ကို ထောက်ခံပေးခဲ့ခြင်း မရှိဘူးလို့ လေကြောင်းလိုင်း အသိုင်းအဝိုင်းက ကြားသိရပါတယ်။ လက်ရှိ ပြည်တွင်းလေကြောင်းလိုင်း ဈေးကွက်မှာ ယှဉ်ပြိုင်မှုတွေများနေတာကြောင့် လေကြောင်းလိုင်းသစ်တွေ ထပ်မံတည်ထောင်ပျံသန်းခွင့် မပြုဖို့မူအားဖြင့် ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။

“အခုလက်ရှိတော့ လေကြောင်းလိုင်းသစ်တွေ တည်ထောင်ပျံသန်းတာကို ခွင့်မပြုဖို့ ဆုံးဖြတ်ထားပါတယ်။ လက်ရှိအပြိုင်ဆိုင်များနေတဲ့ လေကြောင်းလိုင်းတွေ အရှုံးသက်သာအောင် ဌာနအနေနဲ့တိုက်တွန်းနိုင်တဲ့ အချက်ကတော့ ပူးပေါင်းနိုင်တဲ့ လေကြောင်းလိုင်း အချင်းချင်း ပူးပေါင်းကြဖို့ပဲ ရှိပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ပူးပေါင်းနေကြတာပါပဲ။ ဒီမှာကတော့ ခရီးစဉ်တွေ အတူပူးပေါင်းပျံသန်းတဲ့ Code Share သဘောမျိုး ပူးပေါင်းတာမျိုးပဲ ရှိသေးတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်မျိုးက ပြောကြားခဲ့သည်။

ပြည်တွင်းလေကြောင်းလိုင်း အသီးသီးက တာဝန်ရှိသူတွေကလည်း ပြီးဆုံးခဲ့တဲ့ အခြေနေတွေကို ပြန်လည်အပြစ်တင် ပြောဆိုမနေကြတော့ဘဲ လာမယ့်အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ လေကြောင်းလောက ဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ပဲ မျှော်လင့်နေကြတယ်လို့ ပြောပြခဲ့ပါတယ်။

“အစ်မတို့ အနေနဲ့ကတော တာဝန်ရှိသူတွေကို အကြံပြုချင်တာက ပြည်ပလေကြောင်းလိုင်းတွေကို ပျံသန်းခွင့်ပြုမယ်ဆိုရင် ကိုယ့်ပြည်တွင်းလေကြောင်းလိုင်းတွေအတွက်ကို ပိုပြီးစဉ်းစားပေးစေချင်ပါတယ်။ လေကြောင်းလိုင်းလုပ်ငန်းဆိုတာ ငွေကြေးပမာဏ အများကြီးရင်းနှီးပြီး ရေရှည်အတွက်ကို စဉ်းစားပြီး လုပ်ဆောင်နိုင်မှ ရပ်တည်နိုင်မှာပါ။ တိုင်းပြည်စီးပွားရေး ကောင်းလာမှ အစ်မတို့ လေကြောင်းလိုင်းတွေမှာ စီးနင်းမယ့် ခရီးသည်တွေ ပိုများလာမှာဖြစ်လို့ စီးပွားရေး ကောင်းလာဖို့ကိုပဲ မျှော်လင့်နေပါတယ်။ လေကြောင်းလိုင်းတွေ အချင်းချင်း ပူးပေါင်းဖို့ဆိုတာကတော့  Solution တစ်ခုလို့ မမြင်ပါဘူး။ ဒီအချက်က  Solution သာဆိုရင် အစောကြီးကတည်းက ပူးပေါင်းလိုက်တော့မှာပေါ့” ဟု Myanmar Airways International (MAI) လေကြောင်းလိုင်းနှင့် Air KBZ လေကြောင်းလိုင်းမှ General Manager မအေးမရသာက ဆိုပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ လက်ရှိအကျပ်အတည်းက လွတ်မြောက်နိုင်မှုဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အများကြီးမူတည်နေပါတယ်။ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာပြီဆိုရင်လည်း နိုင်ငံတော်အစိုးရဌာန အသီးသီးက ကူညီပံ့ပိုးပေးရမယ့် အချက်တွေအပြင် သက်ဆိုင်ရာဒေသခံတွေရဲ့ ပူးပေါင်းပါဝင် ကူညီမှုကလည်း အလွန်ကိုအရေးပါ, ပါတယ်။ မကြာသေးခင်အချိန်က ကြားလိုက်ရတဲ့ ဖွားစော၊ မြင်းကပါ အပါအဝင် ကျေးရွာခြောက်ရွာကို ရှေးဟောင်းအမွေအနှစ် ဇုန်ထဲကနေ ထုတ်ပယ်ပေးဖို့ဒေသခံတွေက တောင်းဆိုလိုက်တယ်ဆိုတဲ့သတင်း တစ်ပုဒ်ဟာဆိုရင် ပုဂံကိုချစ်တဲ့ မြန်မာတိုင်းအတွက် အလွန်ကို အံ့အားသင့်စရာ၊ စိတ်မကောင်းဖြစ်စရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ရပါတယ်။ ဒီဒေသခံတွေက ဘာဖြစ်လို့ ဒီလိုဖြစ်ချင်တာလည်းဆိုတော့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကို ရှေးဟောင်းအပါအဝင် သက်ဆိုင်ရာဌာနတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာစရာမလိုဘဲ စိတ်ကြိုက်ဖွင့်ခွင့် ရနိုင်အောင်လို့ပါတဲ့။  ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဇုန်အဖြစ် သတ်မှတ်ခံရရင် ရရှိနိုင်မယ့် စောင့်ရှောက်မှုတွေ၊ မြန်မာကို ကမ္ဘာက ဒီ့ထက်မက ပိုပြီးသိလာရင် ရရှိလာမယ့် နိုင်ငံခြားသားခရီးသည်တွေ စတဲ့အကျိုးရှိတဲ့ အချက်အလက်တွေကို  ဒေသခံပြည်သူတွေသိရှိအောင်၊ တန်ဖိုးထားတတ်အောင် သက်ဆိုင်ရာ အစိုးရအနေနဲ့ ဒီ့ထက်ပိုကျယ်ပြန့်တဲ့ အသိပညာပေးမှုတွေ လိုအပ်နေပါသေးတယ်။

“ခရီးသွားကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် နယ်မြို့တွေမှာရှိတဲ့ လေဆိပ်တွေမှာ အချိန်မရွေးဆင်းသက်နိုင်ဖို့ ကူညီပေးဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ခရီးသွား နယ်ပယ်ကလူတွေ ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်တဲ့အစီအစဉ်တွေ လုပ်ဆောင်သွားဖို့လိုပါတယ်။ ပြည်တွင်းလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သက်ဆိုင်ရာ အာဏာရှိတွေရဲ့ အထောက်အပံ့ကလည်း အများကြီးလိုအပ်ပါတယ်။ အစိုးရ အနေနဲ့လည်း ကုန်သွယ်ခွန်၊ လေယာဉ်ဆီဈေးနှုန်း ကောက်ခံမှုနှုန်းထားတွေကို လျှော့ချပေးဖို့ လိုအပ်ပါတယ်လို့ အကြံပြုချင်ပါတယ်” ဟု မန်းရတနာပုံလေကြောင်းလိုင်းမှ စီအီးအိုဖြစ်သူ ဦးအုန်းမြင့်က ပြောကြားသည်။

လက်ရှိအစိုးရသစ်တက်လာ ပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ တိုးတက်လာနိုင်မယ်လို့ မျှော်မှန်းထားခဲ့ပေမဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ ကဏ္ဍပေါင်းစုံမှာ အရင်ထက် ပိုမိုကျပ်တည်းမှုတွေ ရင်ဆိုင်နေရတယ်လို့ နယ်ပယ်အသီးသီးက လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေဆီက အသံတွေ ကြားနေရပါတယ်။ လေကြောင်းစီးပွားကဏ္ဍဆိုတာ သာမန်ငွေကြေးအရင်းအနှီး တတ်နိုင်ရုံနဲ့ လုပ်ကိုင်လို့ရတဲ့ လုပ်ငန်းတစ်ခု မဟုတ်ပါဘူး။  အခြေခံလူတန်းစားတွေအနေနဲ့ စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရသလို အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အနေနဲ့လည်း တိုင်းပြည်စီးပွားရေး မကောင်းတဲ့အချိန်မှာ ပြိုလဲမသွားအောင် မနည်းအားတင်းရုန်းကန်နေရတာ ဖြစ်ပါတယ်။ ခုလိုလေကြောင်းလိုင်းတွေ အပြိုင်အဆိုင်ဈေးနှုန်း လျှော့ချကြတဲ့အတွက် ကိုယ့်ပြည်တွင်းခရီးသွားတွေအနေနဲ့ လေကြောင်းကို အသုံးပြုပြီး ခရီးစဉ်တွေ သွားလာနိုင်ကြသလား ကြည့်ပြန်တော့လည်း ထူးထူးခြားခြား တိုးတက်လာခြင်း မရှိပါဘူး။ ပြည်တွင်းလေကြောင်းလိုင်းတွေ အနေနဲ့ နိုင်ငံခြားသားခရီးသည်အဝင်များတဲ့ ကာလတွေကို မျှော်မှန်းပြီး နိုင်ငံခြားသားခရီးသည် အဝင်နည်းတဲ့ ကာလတွေမှာ ပြိုလဲမသွားအောင် ကျားကန်နေရတာ ဖြစ်ပါတယ်။ မကြာခင်ရောက်ရှိလာတော့မယ့် ၂၀၁၈ ခုနှစ်မှာတော့ ဒီအကျပ်အတည်းတွေက လွတ်မြောက်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။