စစ်ပွဲများထက် ဘဝတိုက်ပွဲကို ပိုမိုခက်ခဲစွာ တိုက်နေရသူတစ်ဦး

စစ်ပွဲများထက် ဘဝတိုက်ပွဲကို ပိုမိုခက်ခဲစွာ တိုက်နေရသူတစ်ဦး
Published 17 September 2018

အသက် ၈၆ နှစ်အရွယ် အငှားယာဉ်မောင်း အဘိုးအိုအား နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူ တွေ့ရစဉ်

ရာစုနှစ်ပြည့်တစ်ခုထက် ၁၄ နှစ်ခန့်သာ လျော့နည်းမည့်အသက် အပိုင်းအခြားရှိသူ အငှားယာဉ်မောင်း အဘိုးအိုတစ်ဦး၏ အကြောင်းသည် သြဂုတ်လကုန်ပိုင်းရက်များ အတွင်းက လူမှုကွန်ရက် စာမျက်နှာများပေါ်၌ ပျံ့နှံ့နေခဲ့၏။ သူ၏အကြောင်းအား လူမှုကွန်ရက်မှတစ်ဆင့် ကြားသိရသူတိုင်း ကရုဏာသက်ကြ၏။ မချိတင်ကဲ ဖြစ်ကြ၏။ စာနာသနားခဲ့ကြ၏။ ထိုသို့ ဖြစ်ရသည့် အကြောင်းမှာ သူ၏အသက်အရွယ်သည် အငှားယာဉ်မောင်း တစ်ဦးအဖြစ် ဘဝတိုက်ပွဲအတွင်း တာဝန်ထမ်းဆောင်နေရမည့် ပုံစံမဟုတ်ခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ဒါက အမှန်တရားတစ်ခု ဖြစ်နေခဲ့သည်က မှားယွင်းသည့် အမှန်တရားတစ်ခု ဖြစ်ခဲ့သည်။

၁၉၆၂ ခုနှစ်သည် မြန်မာပြည်သူများအတွက် အမှတ်တရ အဖြစ်ဆုံး နှစ်တစ်နှစ်ဖြစ်မည် ဆိုသည်မှာ မလွဲဧကန်ပင် ဖြစ်ပေလိမ့်မည်။ ဒီမိုကရေစီစနစ်အား အာဏာရှင်စနစ်က မလိမ့်တပတ်လုပ်ကာ ဂျင်းထည့်သွားသည့် နှစ်တစ်နှစ် ဖြစ်သည်က ကမ္ဘာ့သမိုင်း ပြုစုသူများ၏ မြန်မာ့ရေးရာ သုံးသပ်ချက် တစ်ခုအဖြစ် ၁၉၆၂ ခုနှစ်ကို သတ်မှတ်ထားကြ၏။ ထိုနှစ်များ အတောအတွင်း ယုံကြည်မှုနောက်လိုက်ရင်း ကြွေလွင့်သွားခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးဗိသုကာ အတော်များများလည်း ရှိခဲ့ပေသည်။ မှတ်မှတ်ရရအဖြစ် ၁၉၆၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဦးသျှောင်တစ်ဦးဖြစ်သည့် သခင်သန်းထွန်း ကျဆုံးခဲ့ပြီး သူသည် ကိုလိုနီခေတ် အတွင်းက ဗြိတိသျှယူနီဂျက်အလံအား မီးရှို့ပြခဲ့သည့် ရဲရဲတောက် လွတ်လပ်ရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက သက်သေပြနေ၏။

ထိုသို့သော မြန်မာနိုင်ငံ၏ အမှတ်တရနှစ်များအတွင်း အသက်ရှင်သန် ခဲ့သည့်အပြင် မြန်မာ့တပ်မတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သူ တစ်ဦးသည် ယနေ့ထိတိုင် အသက်ရှင်သန် နေသေး၏။ သခင်သန်းထွန်း ကျဆုံးခဲ့သည့် ၁၉၆၉ ခုနှစ်တွင် သူသည် မြန်မာ့တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး သူ၏ရာထူး အဆင့်အတန်းသည် တပ်ကြပ်ကြီးစာရေး အဆင့်လည်း ဖြစ်ခဲ့သည်။ ဗထူးတပ်မြို့ အပါအဝင် အထင်ကရမြို့ အချို့၌ တာဝန်ထမ်းဆောင်ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး သူသည် တိုက်ပွဲများမှ ၁၉၆၉ ခုနှစ်တွင် အပြီးအပိုင် အနားယူခဲ့၏။ သို့သော် ဘဝတိုက်ပွဲများကိုမူ အဲဒီအချိန်မှ စတင်ကာ တိုက်ပွဲဝင်ခဲ့ရပေသည်။

“အဘ တပ်မတော်က အနားယူခဲ့တာက ၁၉၆၉ ပေါ့။ သခင်သန်းထွန်း ကျဆုံးတဲ့နှစ်လေ။ အဲဒီနှစ်မှာ အဘ တပ်ကထွက်ပြီး ကားမောင်းတဲ့ဘဝကို စခဲ့တယ်။ တပ်မတော်မှာတော့ တပ်ကြပ်ကြီးစာရေး ရာထူးအထိ တာဝန်ထမ်းဆောင် ခဲ့တယ်လေ” ဟု သူ၏ ဘဝတိုက်ပွဲအစ အကြောင်းအား ပြောပြခဲ့သည်။

တပ်မတော်တွင် တပ်ကြပ်ကြီးစာရေး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သည့် သူသည် ၁၉၆၉ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် ယာဉ်မောင်းအဖြစ် ဘဝတိုက်ပွဲအတွင်းသို့ စတင်ဝင်ရောက်ခဲ့၏။ ထိုနှစ်များအတွင်း သူ၏ ကြင်ရာဖက်နှင့် စတင်ဖူးစာဆုံခဲ့ပြီး သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ အဝေးပြေး ကုန်တင်ယာဉ် မောင်းခြင်းအား ယာဉ်မောင်းလောကတွင် ကားကြီးမောင်းသူဟု ဆိုကြပြီး သူသည် ကားကြီးမောင်းသည့် ယာဉ်မောင်း တစ်ဦးလည်း ဖြစ်ခဲ့ဖူး၏။ ဒီအချိန် ကာလများကတော့ သူ့အတွက် သာယာသော ဘဝခရီးလမ်းကြောင်းတစ်ခု ဖြစ်နေခဲ့မည်ဖြစ်ပြီး ကြင်ရာဖက်နှင့် သားသမီး သုံးယောက်ဆိုသည့် မိသားစုဘဝကလည်း သာယာသည့် ဘဝခရီးအစအား ထင်ဟပ်ပေးနေခဲ့ဖူး၏။

ကားကြီးမောင်းသူ တစ်ဖြစ်လဲ သူသည် တပ်မတော်အငြိမ်းစားတစ်ဦး ဖြစ်သည့်အတိုင်း တပ်မတော်မှ အရာရှိများ၏အိမ်တွင် ယာဉ်မောင်းအဖြစ်လည်း အလုပ်လုပ်ကိုင်ခဲ့ဖူး၏။ ဒီအကြောင်း ခြင်းရာကပင် လက်ရှိသူနှင့် သူ၏ကြင်ရာဖက်တို့ ခိုနားရာနေရာ နေရာလေးအား ဖြစ်တည်နေစေ ခဲ့ခြင်းဖြစ်ပြီး ဒီနေရာလေးအား သူ၏အရာရှိတစ်ဦးက ဖေးမကူညီမှု ပြုပေးထားခြင်းလည်း ဖြစ်သည်။ သူတို့ ခိုနားရာ နေရာလေးသည် ကျယ်ဝန်းခြင်း မရှိလှသော်လည်း ဇနီးမောင်နှံ နှစ်ဦးအတွက် သက်သောင့်သက်သာ နေထိုင်လို့ရသည့် အခြေအနေတွင်ရှိပြီး သူတို့နေထိုင် နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိပြီလည်း ဖြစ်သည်။

“ကားမောင်းတာက ၁၉၇၀ ခုနှစ် တပ်မတော်က ထွက်ပြီးကတည်းပါ။ ကားကြီးလည်းမောင်းတယ်။ နောက် ဆရာသမားတွေရဲ့ အိမ်မှာလည်း အိမ်ကားလည်း မောင်းခဲ့တယ်။ အခုဒီနေရာလေးကိုလည်း ဆရာဖြစ်တဲ့ ဗိုလ်မှူးတစ်ဦးက ဆောက်ပေးထားတာပါ။ အဘတို့ရောက်တာ ရှစ်နှစ်လောက်တော့ရှိပြီ။ ဒီနေရာလေးရှိနေတာ ဆရာသမားကို တော်တော်ကျေးဇူးတင်မိတယ်” ဟုလည်း သူတို့၏ လက်ရှိခိုနားရာ နေရာလေး အကြောင်းအား ပြောပြခဲ့သည်။

အငှားယာဉ်မောင်း အဘိုးအိုနှင့် အဘွားအိုတို့ နေထိုင်သည့် နေအိမ်လေးသည် ဆယ်ပေပတ်လည်ခန့် ကျယ်ဝန်ပြီး အိမ်ရှေ့ခန်းတွင် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုရာ ဘုရားစင်တစ်ခုရှိ၏။ အိမ်ရှေ့ခန်း ကန့်ထားသည့် ထရံကာနံရံပေါ်၌ တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ် ကာလက ရိုက်ကူးထားသည့် အဘိုးအို၏ ဓာတ်ပုံနှင့် ငယ်စဉ်ကာလက ရိုက်ကူးထားသည့် အဘွားအို၏ ဓာတ်ပုံတို့ရှိနေပြီး ဒီဓာတ်ပုံ နှစ်ပုံတို့နှင့်အတူ ဘွဲ့ဓာတ်ပုံ တစ်ပုံရှိနေပြီး ဒီဓာတ်ပုံသည် သူတို့၏ မြေးမလေးဖြစ်သူ၏ ဓာတ်ပုံလည်း ဖြစ်၏။

အငှားယာဉ်မောင်း အဘိုးအိုသည် ကျန်းမာရေး ကောင်းလှသည်ဟု မဆိုနိုင်ပေ။ တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်က တိုက်ပွဲအတွင်း သစ်ကိုင်းဖြင့် မျက်လုံးအား ရိုက်မိခဲ့သည့်ဒဏ်က အသက်အရွယ် ကြီးမြင့်လာချိန်တွင် အတွင်းတိမ်အဖြစ် ပြောင်းလဲခဲ့ပြီး မကြာသေးမီ နှစ်များတွင်မှ ခွဲစိတ်ကုသမှုနှစ်ကြိမ် ခံယူထားရသည်။ ဒါ့အပြင် အဘိုးအိုတွင် သွေးပေါင်ကျသည့် ရောဂါလည်း ရှိနေ၏။ သို့သော် ဝမ်းရေးနှင့် ဇနီးဖြစ်သူ၏ ကျန်းမာရေးအတွက် အလုပ်တစ်ခု လုပ်ကိုင်ဖို့ အဘိုးအိုတွင် လိုအပ်နေခဲ့ရသည်။

အသက် ၈၀ ကျော်အရွယ်ဟူသည် ဘဝ၏ နေဝင်ချိန်ကာလများဟု သတ်မှတ်၍ရပြီး မိသားစု၏ နွေးထွေးကြင်နာစွာ စောင့်ရှောက်မှုအား ခံယူကာ တရားနှလုံးသွင်း နေထိုင်ရမည့်အချိန် ဖြစ်သော်လည်း အဘိုးအိုတွင်ကား ယင်းကဲ့သို့ နေထိုင်ခွင့် မရရှာပေ။ ယာဉ်ကြောကျပ်တည်း ရပ်ထွေးပြီး ယာဉ်မတော်တဆမှု များပြားစွာ ဖြစ်ပေါ်လေ့ရှိသည့် ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်ရှာဖွေ နေရခြင်းက အဘိုးအိုအတွက် မသင့်တော်လှပေ။ သို့သော် နှလုံးရောဂါရှိပြီး ရောဂါအခြေအနေအရ အောက်ဆီဂျင်ဘူး အိမ်တွင်ဆောင်ထားရသည့် ဇနီးဖြစ်သူ၏ ကျန်းမာရေးအတွက် ကုသမှုစရိတ်သည် အောက်ဆီဂျင် ပြန်လည်ဖြည့်တင်ခြင်းကပင် တစ်ရက်လျှင် ငွေကျပ်ငါးထောင်ခန့် ရှိနေခြင်းက အဘိုးအိုအား အငှားယာဉ်မောင်းအဖြစ် ဆက်လက်လုပ်ကိုင်စေဖို့ အဓိက တွန်းအားတစ်ခုပင်ဖြစ်၏။

ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် အသက်အရွယ် ကြီးမြင့်နေသည့် အငှားယာဉ်မောင်းတစ်ဦး သူ၏ အငှားယာဉ်လေးအား မောင်းနှင်၍ ဘဝ၏နေဝင်ချိန်ကို ခက်ခဲစွာ ရုန်းကန်နေရသည်။ သူသည် တပ်မတော်အတွက် စစ်ပွဲများတွင် ပါဝင်တိုက်ပွဲဆင်နွှဲခဲ့သူ တစ်ဦးလည်းဖြစ်၏။ စစ်မှုထမ်းဟောင်း တစ်ယောက် ဖြစ်သည့်အတွက် တစ်နှစ်လျှင် တစ်ကြိမ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့မှုများနှင့် မပြောပလောက်သည့် ပင်စင်လစာသည် ဘဝနေဝင်ချိန်အတွက် အထောက်အပံ့ကောင်းတစ်ခု မဖြစ်ခဲ့ပေ။

သို့သော် တပ်မတော်သားတစ်ဦး ပီသစွာဖြင့် သူ့တွင်ခိုင်မာသော စိတ်ထားရှိ၏။ သူ့၏ဘဝနေထိုင်မှု ခက်ခဲရခြင်းအတွက် မည်သူ့ကိုမျှ အပြစ်တင်ခြင်း မရှိခဲ့၊ သူ၏ သားသမီးများကိုပင် ငြိုငြင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ လောကဓံ၏ ရိုက်ခတ်မှုများကလည်း ဆိုးရွားလှပြီး ၂၀၀၉ ခုနှစ်တွင် အတူနေ သမီးဖြစ်သူအား အဘိုးအိုနှင့် အဘွားအိုတို့၏ ဘဝထဲမှ အနိစ္စတရားက ဆွဲခေါ်သွားခဲ့သည်။ ကျန်သည့် သားသမီးများ အကြောင်းကိုလည်း ပြောပြခဲ့ခြင်း မရှိသော်လည်း သူ၏သားသမီးများအား အပြစ်မြင်ကြမည်ကို စိုးရိမ်၍ မပြောပြခဲ့ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။

“အဘက စစ်သား၊ စစ်သားဆိုတာ အထက်ကပေးတဲ့ အမိန့်ကို နာခံတယ်။ အမိန့်အတိုင်းပဲ တစ်သွေး တစ်သံ တစ်မိန့် အတိုင်းပဲလုပ်တယ်။ အဘဒီလို အခြေအနေ ဖြစ်နေပေမဲ့လည်း အဘ ဘာကိုမှ မပြောလိုဘူး။ ဘာကိုမှလည်း မတောင်းဆိုလိုဘူး။ စစ်သားဆိုတာ ပေးတာကိုယူ၊ ကျွေးတာကိုစား၊ ခိုင်းတာကိုလုပ်ပဲ။ ဒါကို အဘတို့ စွဲမြဲစွာ ခံယူထားတာ။ အဘခက်ခဲနေလည်း အဘတတ်နိုင်သမျှ လုပ်ကိုင်ရှာဖွေရမှာပဲ။ အခု တက္ကစီ မောင်းတာကလည်း အဘွားကြီးရဲ့ ကျန်းမာရေးကြောင့် အဘကို အဓိက တွန်းအားပေးနေခဲ့တာ။ စိတ်တင်းထားလို့ မဟုတ်ရင် အဘအရွယ်က လဲတာကြာပေါ့” ဟု နေအိမ်ရှေ့ခန်းတွင် ဇနီးဖြစ်သူနှင့် ယှဉ်တွဲထိုင်နေရင်း အဘိုးအိုက သူ၏ဘဝနေဝင်ချိန်မှ သူ၏ခံယူချက်အား ပြောပြခဲ့၏။

ယခင်က မြို့သစ်အဖြစ် သတ်မှတ်ထားခဲ့သော်လည်း ယနေ့ခေတ်တွင်တော့ မြောက်ဒဂုံမြို့နယ်သည် မြို့သစ်တစ်ခု မဟုတ်တော့ဘဲ လူနေထိုင်မှု များပြားပြီး စည်ကားသည့် ရပ်ကွက်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် မြို့နယ်ကြီးတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မကြာသေးမီနှစ်များက မြောက်ဒဂုံမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့ အကြားတွင် ရှိနေသည့် ငမိုးရိပ်ချောင်းအားဖြတ်ကာ တည်ဆောင်ထားခဲ့သည့် ကြိုးတံတားတစ်ခု ရှိနေခဲ့ပြီဖြစ်ပြီး YBS အမှတ် ၁၅၊ အမှတ် ၆၆ စသည့်ကားများ စီးပါက မြောက်ဒဂုံမြို့နယ်ဘက် အခြမ်းတွင် ကြိုးတံတားမှတ်တိုင်တစ်ခု ထွက်ပေါ်ခဲ့၏။ ဒီမှတ်တိုင်တည်ရှိရာ နေရာသည် မြောက်ဒဂုံမြို့နယ်၊ (၅၀) ရပ်ကွက်၏ တည်ရှိရာ နေရာလည်းဖြစ်သည်။

ဆင်ခြေဖုံးရပ်ကွက် တစ်ခုအဖြစ် သတ်မှတ်နိုင်သည့် ဒီရပ်ကွက်လေးသည် လူစည်ကားမှု အတန်အသင့် ရှိသော်လည်း အိမ်ကြီးအိမ်ကောင်းများအား သိပ်မတွေ့ရပေ။ ဒီရပ်ကွက်လေး အတွင်းတွင် သြဂုတ်လကုန်ပိုင်း ကာလက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့နေခဲ့သည့် အသက် ၈၆ နှစ်အရွယ် အငှားယာဉ်မောင်း အဘိုးအို တစ်ဦးနှင့်သူ၏ ဇနီးဖြစ်သူတို့ နေထိုင်၏။ ရပ်ကွက်အတွင်းဟု ဆိုသော်လည်း ရပ်ကွက်၏ လူစည်ကားရာ နေရာများအား ဖြတ်သန်းပြီးမှ ရောက်ရှိနိုင်သည့် အစွန်အဖျားနေရာတွင် နေထိုင်နေရခြင်းဖြစ်ပြီး ဒီအသက်အရွယ် ရှိသည့် အဘိုးအိုနှင့် အဘွားအိုတို့အတွက် သွားရေးလာရေး ခက်ခဲသည့် အခြေအနေတွင်ရှိသည့် နေရာတစ်ခုလည်း ဖြစ်၏။

အဘိုးအိုတို့ နေထိုင်ရာ ရပ်ကွက်ထိပ်တွင် အနှေးယာဉ်ဂိတ် တစ်ခုရှိပြီး ဒီဂိတ်မှ အနှေးယာဉ်မောင်း လုပ်ကိုင်သည့် ကိုလတ်ဆိုသည့် လူငယ်တစ်ဦးက အဘိုးအို၏ နေအိမ်ကို ရှာဖွေပေးခဲ့ပြီး အဘိုးအို နေအိမ်မှ အပြန်တွင် ဒီလူငယ်လေးက အဘိုးအိုတို့ ဇနီးမောင်နှံအား သနားကရုဏာသက်ကာ မချိတင်ကဲ လေသံဖြင့် သူ၏ အနှေးယာဉ်အား မောင်းနှင်ရင်း ပြောပြခဲ့သည်။

“ကျွန်တော်သာ ချမ်းသာရင် သူတို့အတွက် အိမ်လေးဝယ်ပြီး ထားပေးတယ်ဗျာ။ စောင့်ရှောက်ပေးတယ်။ သူတို့ သားသမီးတွေနဲ့ နေရာချင်းသာ လဲလိုက်ချင်တယ်” ဟုဖြစ်ပြီး အငှားယာဉ်မောင်း အဘိုးအို၏ နေအိမ်မှ ပြန်အထွက်တွင် အဘိုးအို ပြောပြခဲ့သည်။

“သားတို့ရေ စစ်တိုက်တာက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပစ်ကြခတ်ကြတာ အဘမကြောက်ဘူး။ လွယ်လွယ်လေး။ အခု ဘဝတိုက်ပွဲကတော့ စစ်ပွဲထက်ပိုပြီး ခက်ခဲကြမ်းတမ်း ပါတယ်ကွာ” ဟူ၍ပင် ဖြစ်၏။