ထိုင်းပင်လယ်ထဲရှိ မြန်မာတို့၏ ကောင်းမှု စေတီတော်

ထိုင်းပင်လယ်ထဲရှိ မြန်မာတို့၏ ကောင်းမှု စေတီတော်
Published 22 April 2018

ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနီခရိုင် ကော့တောင်ကျွန်းပေါ်ရှိ မြန်မာနိုင်ငံသားများ တည်ထားသော စေတီတော်အား တွေ့ရစဉ်

တစ်မိုင်မက မြင့်တဲ့တောင်ထိပ်ကို ဆိုင်ကယ်တွေနဲ့က တချို့၊ ခြေလျင်နဲ့က တချို့၊ ကားနဲ့က တချို့ မရောက်ရောက်အောင် တက်နေကြတယ်။ လမ်းတစ်လျှောက်ကလည်း ရခိုင်ရိုးမထဲက အန္တရာယ်ကုန်းဆင်းလို ကျိုက်ထီးရိုးတောင်တက်လမ်းမှာရှိတဲ့ ဖိုးပြန်တောင် အတက်လိုလို မတ်မတ်စောက်စောက်တွေချည်းပါပဲ။ ဒါတွေကို တစ်စက်ကလေးမျှ မစိုးရိမ် မထိတ်လန့်ဘဲ ယောက်ျားတွေ၊ မိန်းမတွေ စိတ်အားထက်သန်စွာ တက်နေကြတယ်။

သူတို့တွေရဲ့ ရင်ထဲမှာ ငါတို့အားလုံး စုပေါင်းတည်ထား ကိုးကွယ်မယ့် စေတီတော် ဒီကနေ့ ထီးတင်တော့မယ်။ ငါတို့ရဲ့ ချွေးနဲစာနဲ့ရင်းပြီး ငါတို့ကိုယ်တိုင်လုပ်အားနဲ့ ဖြစ်တည်တဲ့ ဒီစေတီတော်ကြီးဟာ နောင်ခါ ဒီကျွန်းပေါ်မှာ မြန်မာတွေ နေသွားပါတယ်ဆိုတာကို သက်သေခံမယ့် သမိုင်းမှတ်တိုင်ကြီးတစ်ခု ရေးထိုးရစ်တော့မယ်ဆိုတဲ့ ခံစားချက်တွေနဲ့ မမောနိုင်မပန်းနိုင် လန်းဆန်းတက်ကြွစွာနဲ့ ဒီတောင်ထိပ်ကို တက်လာနေကြတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒီလိုတက်နေကြတဲ့ အချိန်ကတော့ ၁၃၇၄ ခုနှစ် ကဆုန်လပြည့်နေ့။ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် မေ ၅ ရက် (စနေနေ့) နံနက်ပိုင်းမှာ ဖြစ်ပါတယ်။

ဘယ်နေရာမှာလဲဆိုရင် ထိုင်းနိုင်ငံ တောင်ပိုင်း စူရဌာနီခရိုင် ကော့တောင်ကျွန်းရဲ့ ဟတ်စလီတောင်မှာပါ။ ဒီက လူတွေက သူတို့ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ အက်ဒမန်ပင်လယ်ဘက်ကို အနောက်ပင်လယ်လို့ ခေါ်ကြပြီး သူတို့နေထိုင်ရာ အရှေ့ဘက်ခြမ်းက တောင်တရုတ်ပင်လယ်ရှိရာကိုတော့ အရှေ့ပင်လယ်လို့ ဆိုကြပါတယ်။

ဒီကော့တောင်ကျွန်းကတော့ အရှေ့ပင်လယ်မှာရှိတာပေါ့။ ထီးတော်တင်မယ့် မင်္ဂလာအချိန်အခါကိုတော့ နံနက် ၉ နာရီ ၆ မိနစ်လို့ ကြေညာထားပါတယ်။ ဒါကြောင့်မို့လို့ ထင်ပါရဲ့။ ၉ နာရီထိုးခါနီးအချိန်မှာတော့ ဘုရားပရိဝုဏ်တစ်ဝိုက်မှာ ထောင်ချီရှိနိုင်တဲ့ မြန်မာပြည်သားတွေ စုရုံးရောက်ရှိလာကြပါတယ်။ ဒီထီးတော်တင်ပွဲဟာ ဒီကျွန်းမှာ ပထမဆုံးအကြိမ် ဖြစ်တာကြောင့်လည်း လူတွေက ပိုပြီးစိတ်ဝင်စားကြတာနေပါလိမ့်မယ်။ စေတီတော်တစ်ဆူ တည်ဖြစ်လာပုံကို ဂေါပကအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ကျွန်းမှာနေတဲ့ မြန်မာအလုပ်သမားအများစုက လေးစားကြည်ညိုတဲ့ ဦးလေးကြီး (ခ) ဦးနေလင်းက အခုလို ရှင်းပြပါတယ်။

“ဆရာရေ ပြောရရင် ဒီဘုရားတည်ဖြစ်တာဟာ ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)နဲ့ ရခိုင်ပြည်နယ်က စေတီပြင် ဆရာတော်တို့ ကြွလာပြီး တရားပွဲတွေ ကျင်းပဖြစ်ရာက ရလာတဲ့ကောင်းကျိုးအဆက်လို့ ပြောရမယ်ထင်ပါတယ်။ ဒီတရားပွဲတွေအပြီးမှာ ကျွန်းမှာရှိတဲ့လူတွေ ကျွန်တော်အပါအဝင်ပေါ့။ ဘာသာရေးဘက်မှာ လိုက်စားတဲ့သူတွေ များလာတယ်။ အထူးသဖြင့် ဒီစေတီတော် တည်ဖြစ်တာကတော့ ကမကထ ဦးအောင်မိုးဟာ အဓိကပါ။ သူ့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးပမ်းမှုကြောင့် အခုလို အောင်အောင်မြင်မြင်နဲ့ သူတစ်ပါးတိုင်းပြည်မှာ ကျွန်တော်တို့ ရှာဖွေစားသောက် အလုပ်လုပ်တဲ့ ဒီကျွန်းပေါ်မှာ စေတီတစ်ဆူ တည်ထားနိုင်ခဲ့တာပါ။ ဒီအတွက် အင်မတန် ဝမ်းသာပီတိဖြစ်မိပါတယ်” လို့ ဆိုပါတယ်။

ဦးနေလင်းဟာ ပဲခူးတိုင်းသားဖြစ်ပြီး ဒီကျွန်းမှာနေလာတာ အနှစ်၂၀နီးပါးရှိပြီမို့ နောက်ရောက်လာတဲ့ လူငယ်တွေက ဦးလေးကြီး ဦးလေးကြီးနဲ့ ခေါ်ကြရာက နာမည်ရင်း မထင်ရှားတော့ဘဲ ဦးလေးကြီးဖြစ်နေသူပါ။ ဟိုတုန်းက နိုင်ငံခြားသားတွေဟာ ဆူနာမီ ရေလှိုင်းဒဏ်မခံရမီက ဖူးကက်ကျွန်းနဲ့ ဖန်င ကမ်းခြေတို့ကိုပဲ အပန်းဖြေနေရာအဖြစ် ရွေးခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ ဆူနာမီနောက်ပိုင်းမှာတော့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေဟာ ပင်လယ်ကို ဖြတ်ပြီးသွားရတဲ့ ကော့တောင်ကျွန်း၊ ကော့စမွီကျွန်းနဲ့ ကော့ပဂန်းကျွန်းတို့ဘက်ကို ခြေဦးလှည့်လာခဲ့ကြပါတယ်။

အခုအခါမှာတော့ ဒီကျွန်းတွေက အပျော်ခရီးထွက်လာသူတွေအတွက် မရောက်ရင် မဖြစ်တဲ့နေရာတွေတောင် ဖြစ်နေပါပြီ။ ဒီလို ခရီးသွားတွေများလာတာနဲ့အမျှ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စားသောက်ဆိုင် လုပ်ငန်းတွေ ပိုမိုထွန်းကားလာတာပေါ့။ ဒါကြောင့် အဲဒီလုပ်ငန်းတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ဝင်ရောက်လုပ်ကိုင်ကြတယ်။ အခုဆိုရင် ဒီကျွန်းပေါ်မှာ မြန်မာပြည်သား သောင်းနဲ့ချီပြီး ရှိရော့မယ်လို့ ခန့်မှန်းပြောကြပါတယ်။ ယောက်ျားတွေကတော့ ဒေသစုံက လာကြတာကို တွေ့ရတယ်။ ဗမာ၊ ရခိုင်၊ မွန်၊ ကရင်၊ ထားဝယ်၊ မြိတ် စသည်ဖြင့်ပေါ့။ ဒါပေမဲ့ အမျိုးသမီးအများစုကတော့ တနင်္သာရီတိုင်းသူ ထားဝယ်တွေ၊ မြိတ်တွေပါပဲ။

ကော့တောင်ကျွန်းကလေးဟာ ပင်လယ်ပြင်မှာ အလွန်တရာလှပတဲ့ ကျွန်းကလေးတစ်ကျွန်း ဖြစ်ပါတယ်။ ဒီကျွန်းကို အလည်ရောက်ခဲ့လို့ ကျွန်းပတ်လည်ကို စက်လှေနဲ့ ကြည့်ခွင့်ကြုံရမယ်ဆိုရင်တော့ တစ်သက်တာအတွက် မမေ့ရက်လောက်အောင် လှပတဲ့ အလှတစ်ပါးကို ခင်ဗျားကြည့်ခွင့်ရသွားပြီလို့ဆိုရင် အပိုပြောတယ်လို့ ထင်ကောင်းထင်မှာပါ။ မပိုပါဘူး။ အမှန်တကယ်ကို လှပတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းပေါ်မှာ စေတနာ၊ သဒ္ဓါတရားထက်သန်တဲ့ မြန်မာပြည်သား အလုပ်သမားတွေက စေတီတော်တစ်ဆူကို တည်ထားလိုက်တာကဖြင့် ဒီကျွန်းရဲ့ ကျက်သရေကို ပိုပြီးတင့်တယ်အောင် ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီစေတီတော်ကို အဓိက ကမကထပြုလုပ်တဲ့ ဘုရားဒကာ ဦးအောင်မိုးက ဒီလိုပြောပြပါတယ်။

“ဒီစေတီပုံတော်ကို တနင်္သာရီတိုင်းက ဆရာတော် ဘဒ္ဒန္တပါမောက္ခက ပုံစံပေးပါတယ်။ ဒါကို ကျွန်တော်တို့က မြန်မာ့ယဉ်ကျေးမှု အနုပညာဟန်ပါလာအောင် ထပ်ဆင့်ကြံစည်ပြီး ရေးဆွဲကြပါတယ်။ ပန်းရန်ဆရာတွေ ဘာတွေမငှားကြပါဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ ဦးစီးပြီး လူငယ်တွေနဲ့ တည်ပါတယ်။ ညအားတဲ့လူ ည။ နေ့အားတဲ့လူ နေ့ပေါ့။ နေ့မီး ညမီးနဲ့ တည်ကြတယ်လေ။ ပန္နက်ရိုက်တာက ဒီနှစ် နတ်တော်လပြည့်နေ့ပါ” တဲ့။

ဒီလိုမတ်စောက်တဲ့ တောင်ထိပ်ကို ဘိလပ်မြေအိတ်တွေကို ထမ်းပိုးသယ်ရွက်ကြတာ၊ အုတ်တွေကို ထမ်းတင်ကြတာ၊ အသေအချာ တွေးကြည့်ရင် ဒီဝေယျာဝစ္စကုသိုလ်ရှင်တွေရဲ့ စေတနာဟာ ဘယ်လောက်ထက်သန်နေသလဲဆိုတာ သိသာလှပါတယ်။

ဒီကနေ့ ထီးတော်တင်ပွဲမှာ ရခိုင်လုံချည်တွေ၊ ယောပုဆိုး ပလေကပ် အသစ်ကျပ်ချွတ်တွေနဲ့ ကော်လာကတုံးတွေ ရှပ်အင်္ကျီအဖြူတွေကို ဝတ်ဆင်ထားကြတဲ့ လူငယ်လူရွယ် လူလတ်ပိုင်းတွေရယ်နဲ့ အမျိုးသမီးတွေကလည်း လုံလုံခြုံခြုံ သိက္ခာရှိရှိ မြန်မာ့ထဘီ မြန်မာအင်္ကျီတွေနဲ့ ကျက်သရေ တင့်တယ်နေတာကို မြင်ရတော့ ထိုင်းနိုင်ငံမှ ဟုတ်ပါလေစလို့ ထင်မိပါသေးတယ်။ ဒီလိုဖြစ်လာဖို့ အရင်ရောက်နှင့်တဲ့ နောင်တော်တွေက အရင်းအနှီးကြီးကြီးပေးခဲ့ရပုံကို ရခိုင်ပြည်နယ်က မာန်အောင်ကျွန်းသားဖြစ်တဲ့ ဦးကာရီက အခုလို ရှင်းပြပါတယ်။

“ဆရာ ဒီကျွန်းမှာ အရင်က သနပ်ခါး ပါးကွက်ကျားကွက်ရင် ဘတ် ၅၀၀ ဒဏ်ရိုက်ခံရတယ်။ ကိုယ့်ကိုယ်မြန်မာပြည်သားမှန်း မသိရလေအောင် တတ်နိုင်သမျှ ထိန်းသိမ်းနေရတယ်။ ဒီမှာက အရင်က ရဲလည်းကြောက်ရသလို ကျွန်းပေါက်လို့ခေါ်တဲ့ ဒေသခံကျွန်းသားတွေကိုလည်း ကြောက်ရတယ်။ ကျွန်းပေါက်တွေကို ကျွန်တော်တို့ကိုထား။ ရဲတွေတောင် လန့်ရတယ်ဆရာ။ ဒီအခြေအနေမှာ ကျွန်တော်တို့တွေ စုပေါင်းပြီး ချုံနွယ်ပိတ်ပေါင်းတွေ ဟည်းထနေပြီး ညစ်ပတ်နေတဲ့ ထိုင်းဘုန်းတော်ကြီးကျောင်းကို သန့်ရှင်းရေး လုပ်ပေးကြတယ်။ ကော့တောင်ကျွန်းမှာ ရေကြီးတော့ ကျွန်တော်တို့တွေ စုပေါင်းပြီး ရေစီးရေလာကောင်းအောင် ဝိုင်းပြီးလုပ်ပေးကြတယ်။ ဒီလိုလုပ်ပေးတဲ့အတွက် ကျွန်းလူကြီးတွေ၊ အာဏာပိုင်တွေ၊ လုပ်ငန်းရှင်တွေက သဘောကျလို့ အခုလို လုံချည်တကားကားနဲ့ နေလာနိုင်ကြတာ ဆရာ” လို့ ပြောပါတယ်။ ပြီးတော့ သူတို့ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို တသီတတန်းကြီး ပြောပြသေးတယ်။ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားတွေ ကြုံတွေ့ရတဲ့ မရိုးနိုင်တဲ့ ဇာတ်လမ်းမျိုးတွေထဲက သံတူကြောင်းကွဲ ဇာတ်လမ်းတွေပဲပေါ့။ နေရာသာ ကွဲမယ်။ ဇာတ်လမ်းတွေကတော့ ဆင်တူချည်းပါပဲ။

ဒီစေတီတော် တည်မယ့်မြေနေရာကိုလည်း ကမကထ ကိုအောင်မိုးတို့ အလုပ်ရှင်က ဝယ်ပေးတာတဲ့။ ဒီထိုင်းကြီးကတော့ တစ်မျိုးထူးတယ်။ သူ့မြေထဲမှာ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဘုရားရုပ်ပွားတော်ကို ကိုးကွယ်ထားသလို တရုတ်ကိုးကွယ်မှုဖြစ်တဲ့ ကွမ်ရင်မယ်တော် ကျောင်းဆောင်လည်း ရှိတယ်။ အဲဒီအထဲမှာ ဟိန္ဒူတွေကိုးကွယ်တဲ့ မဟာပိန္နဲနတ်ဘုရားကိုလည်း တွေ့ရသေးတယ်။

ဒါ့အပြင် ဒီမှာ မထင်မှတ်ဘဲ တွေ့ခဲ့ရတာ တစ်ခုကတော့ အင်မတန်အသံကောင်းပြီး မြန်မာသံစဉ်ကို တကယ့်ဝါရင့်အဆိုတော်ကြီးတွေလို သီဆိုနိုင်တဲ့ မိန်းကလေးတွေရယ်။ ထီးတော်တင်ပွဲကို ဂုဏ်ပြုပြီး သီချင်းရေးစပ် သီကုံးနိုင်တဲ့ တေးရေးစာဆိုတွေ ရှိနေတယ်ဆိုတာပါပဲ။ သူလိုငါလို ရွှေ့ပြောင်းအလုပ်သမားဘဝနဲ့ သူတို့ရဲ့ပါရမီရှိတဲ့ ဂီတပညာကို ရွက်ပုန်းသီးအဖြစ် ပင်လယ်ပြင်မှာ ငုပ်လျှိုးနေရာက အခွင့်သာခိုက်မှာ မီးခဲပြာဖုံး ဟုန်းခနဲ ထတောက်တာကို မြင်ခဲ့ရတာ ဝမ်းသာလို့ မဆုံးပါဘူး။ ကီးဘုတ်ကလေးတစ်လုံးနဲ့ တစ်ပွဲလုံးကို ထိန်းသွားကြတာပါ။ အားလုံးဟာ မိတ်အင်ကော့တောင်တွေချည်း ဖြစ်ပါတယ်။

ပြီးတော့ ပွဲကိုမြိုင်စေတဲ့ ဒိုးအဖွဲ့ကလည်း ပါလိုက်သေးတယ်။ ဒီထီးတော်တင်ပွဲမှာ အရာအများစုက တကယ့်ကို မိတ်အင် ကော့တောင်တွေ များပါတယ်။ မိတ်အင်ကော့တောင် မဟုတ်တာကတော့ စေတီမှာ ဌာပနာမယ့် ဓာတ်တော်မွေတော်တွေဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းက ပင့်ဆောင်လာတာဖြစ်ပြီး တရားဟောဆရာတော်ကတော့ ဘန်ကောက်မြို့ ဝပ်တလုမ့်ကျောင်းက ပင့်တာပါ။ ဧည့်သည်ဆိုလို့ အထူးတလည် ဖိတ်ထားတဲ့ ချုံဖော်နဲ့ ကော့စမွီကျွန်းက တချို့နဲ့ ဘန်ကောက်က ကျွန်တော်တစ်ယောက်ရယ်ပဲ ကျွန်းအပြင်က ဖြစ်ပါတယ်။ ဒီစေတီတော်ရဲ့ ဘွဲ့တော်က အဓိဋ္ဌာန်ပြည့် ကိုးနဝင်း ဆုတောင်းပြည့် စေတီတော် ဖြစ်ပါတယ်။

တကယ်လို့ မိတ်ဆွေလည်း အခါသင့်လို့ ကော့တောင်ကျွန်းကို ရောက်ခဲ့ရင် ဟတ်စလီတောင်ပေါ်မှာ စံပယ်တော်မူနေတဲ့ အဓိဋ္ဌာန်ပြည့်ကိုးနဝင်း စေတီတော်ကို ဖူးမြော်ဖြစ်အောင် ဖူးမြော်ဖို့ တိုက်တွန်းပါတယ်။ ခေတ်အဆက်ဆက် ရာဇဝင်အဆူဆူမှာ မင်းဘုရင်တွေရယ်၊ သူဌေးသူကြွယ်တွေနဲ့ အများပြည်သူ စုပေါင်းပြီး ဘုရားတည်လေ့ရှိခဲ့ကြပါတယ်။ ဒီစေတီတော်ကတော့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေက တည်တာဖြစ်ပြီး နောင်နှစ်ပေါင်းရာထောင် ရှည်လာတဲ့အခါ ဒီအရပ်မှာ မြန်မာပြည်သားတွေ လာရောက် နေထိုင်ခဲ့ဖူးကြောင်း သက်သေခံအနေနဲ့ တည်ရှိနေမယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်မိပါတယ်။