ဂီတနတ်ဘုရားနဲ့ စကားပြောချင်တယ်

ဂီတနတ်ဘုရားနဲ့ စကားပြောချင်တယ်
Published 15 August 2017

ဓာတ်ပုံ-ထက်ရှိုင်း

ကျောက်မြောင်းကျားကွက်သစ်ရဲ့ လမ်းမတွေမှာ ကြယ်တွေစုံခဲ့ဖူးပါတယ်။ စာသမားတွေသာမက ဂီတသမားတွေပါ စုရုံးနားခိုလေ့ရှိတဲ့ စာပေလောက (၄) စာအုပ်ဆိုင်လေးရှေ့မှာ အအေးဆိုင်တစ်ဆိုင်ရှိတယ်။ ရေခဲမုန့်ကစလို့ မြန်မာဘီယာအထိ အဲဒီဆိုင်မှာ မှာယူစာသုံးနိုင်မယ်။ ခပ်ထွေထွေ လူကြီးတွေ တွေ့နိုင်သလို၊ စိတ်ကောက်နေတဲ့ ကောင်မလေးကို ချော့နေမယ့် လူငယ်တစ်ဦးကိုလည်း တွေ့နိုင်တယ်။ ဆိုင်ထောင့်တစ်နေရာမှာ ခပ်မှိုင်မှိုင်ထိုင်နေမယ့် မျက်ဝန်းသေတွေကိုလည်း တွေ့နိုင်တယ်။ ကျားကွက်သစ်လမ်းမကြီးကို ပွင့်ပွင့်လင်းလင်း မြင်နိုင်မယ့် စားပွဲမှာ ချာတိတ်တစ်အုပ် အမြဲလိုလိုရှိနေတာပဲ။ ဆိုင်ရှေ့က ဖြတ်သွားမယ့် ရှမ်းတရုတ်မလေး တစ်ယောက်ကို ဖြစ်ဖြစ်၊ ညိုညက်ညက် ဗမာမလေးတစ်ယောက်ကိုဖြစ်ဖြစ်၊ မျက်ဝန်းနက်တွေနဲ့ မိန်းကလေးတစ်ယောက်ကိုဖြစ်ဖြစ် လိုက်စမယ်။ ဒါမှမဟုတ် ငြိမ်သက်ငေးမောမယ်။ စင်းလုံးချောမညီညွတ်တဲ့ ကျားကွက်သစ်လမ်းမကြီးက ချိုင့်တွေကို ရှောင်တိမ်းရှင်း ခပ်ရွရွခြေလှမ်းတွေနဲ့ လျှောက်သွားနေမယ့် အလန်းစားမိန်းမပျိုတွေဟာ ကျောက်မြောင်းရဲ့ သရုပ်မှန်ကဗျာတစ်ပုဒ်အဖြစ် သက်ဝင်ခဲ့ဖူးပါရဲ့။

အဲဒီခေတ်တုန်းက အပျိုမတွေဟာ ဖီးနစ်စက်ဘီးစီးပြီး ချာတိတ်တွေဟာ BMX စက်ဘီးကိုယ်စီနဲ့ နွေအကုန်မိုးအကူး ရာသီဥတု မဖောက်ပြန်သေးတဲ့ ညက်ညက်ညောညော ညနေခင်းတစ်ခုမှာ ရိုးစင်းစွာ ပျော်ရွှင်နေတတ်တယ်။ အအေးဆိုင်ကောင်တာဆီကနေ လွင့်ပျံ့လာမယ့် သီချင်းတစ်ပိုင်းတစကို လိုက်ညည်းချင်ညည်းမယ်။ ဒါမှမဟုတ်လည်း အကျယ်ကြီးအော်ဆိုချင်ဆိုမယ်။ အဲဒီအအေးဆိုင်လေးကို ဂီတနတ်ဘုရားတစ်ဦးဟာ မျက်စိကျဖူးပါရဲ့။ အအေးဆိုင်ရဲ့ နေရာလွတ်တစ်ခုမှာထိုင်ရင်း ဂီတမှော်တွေ ရက်လုပ်ခဲ့ဖူးပါရဲ့။ မြန်မာဘီယာပုလင်းတစ်လုံးကို ဘေးမှာချရင်း၊ စာရွက်ပေါ်မှာ တစ်စုံတစ်ရာ ရေးခြစ်ရင်း ကျားကွက်သစ်လမ်းမကြီးကို တစ်ခါတစ်လေ တွေဝေစွာ ငေးကြည့်လို့။ အစ်ကိုဝမ်းကွဲတွေဖွင့်တဲ့ သီချင်းသံကနေ သူ့ကို ကျွန်တော်ရင်းနှီးခဲ့ပါတယ်။ ရင်ခုန်နှစ်သက်ခဲ့ပါတယ်။ လူပျိုဖော်ဝင်စအချိန်မှာ ကျွန်တော်ဟာ လရောင်ထဲ လမ်းလျှောက်ရင်း ဆွေးတတ်နေပါပြီ။ လူငယ်သဘာ၀ မိဘပြောသမျှ လက်မခံချင်တဲ့ တော်လှန်ရေးစိတ်ဝင်လာပြီး အမေ့ကို ပြန်ပြောမိချိန် အမေ ဝမ်းနည်းစွာငိုတိုင်း ကျွန်တော်ဟာ အခန်းထဲ တစ်ကိုယ်တည်း သီချင်းတစ်ပုဒ် နားထောင်နေမိတယ်။ အမေ့ရဲ့ ဒုက္ခအိုးလေး အသည်းကွဲနေတတ်တယ်။ မေမေချစ်တဲ့ သားကြီးဖြစ်ချင်ခဲ့တယ်။

အိပ်မက်တွေ လင်းချင်းလိုက်၊ အိပ်မက်တွေ ပြိုလဲလိုက်နဲ့ ဘာရယ်မဟုတ် အထီးကျန်ဆိုက်ကိုဟာ ရင်ဘတ်ထဲမှာ . . .။ လမ်းနံဘေး ကဖေးလေး ငါထိုင်ငေး၊ အဆွေးဆုံး အတွေးများ ငါခံစားဆိုပြီး တစ်ယောက်တည်း အထီးကျန်နေတတ်တယ်။ အအေးဆိုင်လေးဟာ နေ့လယ်ခင်းတွေဆို လူရှင်းလေ့ရှိတယ်။ ညနေ ၃ နာရီလောက်ဖြစ်လိမ့်မယ်ထင်တယ်။ သူ့ကို အအေးဆိုင်လေးထဲ စတွေ့ခဲ့ရတာ။ လှိုင်းတွန့်ဆံပင်နဲ့ မျက်မှန်အဝိုင်းကြီးကို မြင်တာနဲ့ သူဆိုတာ ပြောစရာမလိုဘဲ ကျွန်တော် သိခဲ့ပါတယ်။ နှစ်ကာလများစွာ စိတ်ထဲ၊ နှလုံးသားထဲ ရင်းနှီးဖူးရာ အသံပိုင်ရှင်ကို အရှင်လတ်လတ် မြင်လိုက်ရချိန် ကြက်သီးမွေးညင်းထတဲ့အထိ ကျွန်တော် တုန်လှုပ်ခဲ့ရတယ်။ ရုတ်တရက် ပြုံးပြမိလိုက်ပါတယ်။ သူပြန်ပြုံးပြလား၊ မပြုံးလား ဝေခွဲမရမီမှာဘဲ သူ့ကိုလှမ်းမြင်နိုင်မယ့် စားပွဲတစ်ခုဆီ ကျွန်တော် သွားထိုင်နေလိုက်တယ်။ ကျွန်တော့်အကျင့်က ဒီလိုပါပဲ။ ကိုယ် အရမ်းကြွေတဲ့ လူတစ်ယောက်ကို တွေ့ရင် လက်ဖျားတွေအေးစက်၊ စကားသံတွေ တုန်ယင်နေတတ်တယ်။ သူ့ကို တွေ့ချိန်မှာလည်း ထုံးစံအတိုင်း တစ်ကိုယ်လုံး နတ်ပူးထားသလိုပဲ။ သူ့ဆီသွားပြီး စကားပြော နှုတ်ဆက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော် မလုပ်ရဲခဲ့ဘူး။ အဲဒီအချိန်မှာ စာရွက်တစ်ရွက်မှာ သူတစ်ခုခု ရေးခြစ်နေလို့ အနှောင့်အယှက်ဖြစ်မှာစိုးပြီး သွားမနှုတ်ဆက်ဖြစ်ခဲ့တာပါပဲ။ အဲဒီတွေဝေစိတ်ဟာ ဘဝမှာ နောင်တအရဆုံး တစ်ခုပဲ။

သူထိုင်နေတဲ့ စားပွဲဘေးနားကနေ ဖြတ်လျှောက်ခဲ့ချိန်မှာ သံလိုက်စက်ကွင်းတစ်ခု အနားရောက်သွားသလို ညှို့ဓာတ်တွေ လင်းဖြာနေတယ်။ မှော်ဆရာရဲ့ စိတ်ဝိညာဉ် ဖမ်းစားခံခဲ့ရသလား။ သူ နေထိုင်တဲ့ နေရာနဲ့ ကျွန်တော် နေထိုင်တဲ့နေရာဟာ မိနစ် ၂၀ လမ်းလျှောက်ခရီးပဲ ကွာဝေးပါတယ်။ ဒါပေမဲ့ အအေးဆိုင်မှာ သူနဲ့ အမှတ်မထင်ဆုံတွေ့ရင် သွားပြီးနှုတ်ဆက်ဖို့ ကမ္ဘာ ၂၀ စာလောက် ကျွန်တော် တွန့်ဆုတ်နေတတ်ပါတယ်။ သူ နေထိုင်ရာလမ်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ သီတာလမ်းထဲက စာအုပ်ဆိုင်အကြီးကြီးမှာ စာအုပ်သွားငှားရင်ဖြစ်ဖြစ်၊ စာပေလောက (၄) ရှေ့က အအေးဆိုင်ဘက်ကိုရောက်ရင်ပဲ ဖြစ်ဖြစ် သူ့ကို တွေ့မလားဆိုပြီး ကျွန်တော် ရှာနေတတ်တယ်။ တကယ်ဆို စာအုပ်ဝယ်ပြီး ကျွန်တော်နဲ့ ရင်းနှီးနေတဲ့ စာပေလောက (၄) က အစ်ကိုတစ်ယောက်ကို အကူအညီတောင်းပြီး သူနဲ့ မိတ်ဆက်ခိုင်းလို့ ရပါတယ်။ စာပေလောက (၄) ဟာ ကိုဘိုဖြူတို့ အိမ်အောက်ထပ်မှာ ဖွင့်ခဲ့တာဖြစ်ပြီး ကိုအောင်၊ ကိုအယ်လ်ဖြူ၊ ကိုမောင်မောင်ဇော်လတ်တို့ကို မကြာမကြာ တွေ့ရတတ်တယ်။ တန်ဆောင်တိုင် ကာလဆိုရင် စာပေလောက (၄) ရှေ့မှာ ရှမ်းရိုးရာအကတွေ က၊ အလှပြမီးပုံးပျံတွေ လုပ်လေ့ရှိပါတယ်။ အဲဒီကာလတချို့မှာလည်း သူ့ကို တွေ့ရတတ်တယ်။ ရီဝေမျက်ဝန်းတွေနဲ့ ရိုးသားဖြူစင်တဲ့ သူ့မျက်နှာဟာ အအေးဆိုင်မှာ တွေ့တုန်းကထက် လင်းပမြူးတူးနေတာ ပြန်စဉ်းစားရင် မြင်ယောင်နေတုန်းပဲ။

သူနဲ့ စကားတစ်ခွန်းလောက် ပြောဖူးချင်ပါတယ်။ သီချင်းသံတွေကနေ မဟုတ်ဘဲ သူ့အသံကို အပြင်ဘက်မှာ ကျွန်တော် လတ်လတ်ဆတ်ဆတ် ကြားချင်မိတယ်။ ဘယ်လောက်ချိုမြနေပါမလဲ။ ကျွန်တော် မလုပ်နိုင်ခဲ့ပါဘူး။ သူ့ကို ကြောက်နေတာမျိုးမဟုတ်ဘဲ လေးစားလွန်းလို့ မပြောရဲ မဆိုရဲ၊ နှုတ်မ ဆက်ရဲခဲ့တာပါပဲ။ ကျွန်တော်ဟာ သူနဲ့ ရင်းနှီးမှုကို သူ့သီချင်းတွေထဲပဲ ရှာနေမိတယ်။ ဂီတအကြောင်း ခပ်များများမသိပေမယ့် သူ့အနုပညာကို ခံစားနားဆင်ရတိုင်း ဦးညွတ်တုန်လှုပ်နေမိတာ။ ကျောက်မြောင်း၊ ကျားကွက်သစ်လမ်းမကြီးပေါ်က အအေးဆိုင်လေးမှာ သီချင်းထိုင်ရေးနေတတ်တဲ့ သူ့ရုပ်ပုံလွှာဟာ တစ်သက်စာမေ့မရမယ့် ကျွန်တော့် နှလုံးသားထဲက ပန်းချီကားပါပဲ။

နှလုံးသားဖူးသစ်စအရွယ်မှာ သူ့သီချင်းတွေက စီးဆင်းလာမယ့် ကြည်မွေ့ဓာတ်ဟာ တစ်စုံတစ်ဦးကို ဖြူစင်နူးညွတ်စွာ ချစ်လိုစိတ်ကို ဖန်ဆင်းပေးခဲ့ပါတယ်။ သွေးသားရယူလိုမှုသက်သက် မဟုတ်ဘဲ အနစ်နာခံပေးဆပ်လိုတဲ့စိတ်ကို မွေးဖွားပေးခဲ့ပါတယ်။ ချစ်ရသူတစ်ဦးရဲ့ မျက်နှာမြင်ရုံနဲ့ သေလုမျောပါး ကြွေဆင်းနေမယ့် ချာတိတ်တစ်ဦးရဲ့ ရင်ခွင်ဟာ လင်းပရှင်းသန်နေပါလိမ့်မယ်။ ငြိမ်းချမ်းစွာ ချစ်မြတ်နိုးလိုစိတ်ကို သူ့သီချင်းတွေကနေ သင်ယူနိုင်ခဲ့ပါတယ်။ စိတ်မွန်းကျပ်လွန်းပြီး ထွက်ပေါက်မဲ့နေမယ့် ညတွေမှာ သူ့သီချင်းတွေ နားထောင်ဖြစ်တာ ချာတိတ်ဘဝကတည်းက အခုအရွယ်အထိပါပဲ။ အဲဒီလို အချိန်မျိုးဆို ကြယ်တွေရဲ့ တမြမြစီးဆင်းသံကို ကြားနေရသလိုပဲ။ အိပ်မပျော်မယ့် ညမွှေးပန်းတွေဟာ သူ့အသံနားဆင်ရင် အိပ်ပျော်သွားမလား။ ကမ္ဘာကို ချော့သိပ်နေမယ့် ဝတ်မှုန်တေးသွားများလား။ အိုး ကျွန်တော်ဟာ စောင်းတစ်လက်ရဲ့ စက္ကန့်ချင်း တသွင်သွင်ရှိုက်သံလို သူ့သီချင်းမှာ မျောလွင့်ရင်း အိပ်မက်တွေ ပွင့်ဝေလာတဲ့အထိ . . .။

ဘဝဟာ လောကဓံရဲ့ အပွတ်အသပ်၊ အပုတ်အသတ်ကြား လူးလွန့်နေရစမြဲပဲ။ မဖြူစင်နိုင်ခဲ့ချိန်တွေရှိမယ်။ အဖြူရောင် ဟန်ပြဖုံးလွှမ်းထားပြီး ညစ်ထေးနေမယ့် စိတ်တွေရှိမယ်။ သန့်စင်စွာ ရှင်သန်တတ်တဲ့ လူရဲ့ မူလသဘောဟာ လိုအင်ဆန္ဒ၊ အာသီသတွေကြားမှာ အမှောင်ဖုံးလို့။ ကိုယ့်လိပ်ပြာကိုယ် မရှက်တတ်မယ့် အခွင့်အရေးသမားတွေ ရှိမယ်။ ရာထူးအာဏာအသုံးချပြီး လိုအပ်တာထက် ကိုယ့်ဘဝကိုယ် ဖန်သားနန်းတော်ထဲ တည်ဆောက်ချင်နေသူတွေ ရှိမယ်။ အဲဒီလို လူတွေမြင်တိုင်း၊ ခေတ်ပေါ်ကမ္ဘာထဲ အဲဒီလို ဝိသေသနဲ့ လူတွေများလာတိုင်း ကျွန်တော်ဟာ သူ့ရဲ့ ‘နာရီရဲ့ သီချင်း’ ကို သတိရမိပါတယ်။

“မြစ်တစ်ခုလို အချိန်များ စီးဆင်းဆဲ၊ လူ့ဘဝကို တို့ ရရှိခဲ့တယ်” ဆိုပြီး အစချီထားတဲ့ နာရီရဲ့ သီချင်းအမည်ရ သီချင်းထဲမှာ ကိုယ့်တစ်ကိုယ်စာ ရှင်သန်ခွင့်အတွက် တခြားဘဝတွေ ထိခိုက်မဆုံးရှုံးစေဖို့ သူဟာ သိမ်မွေ့စွာ လမ်းပြခဲ့ပါတယ်။

နာရီပေါ်မှ မျက်ရည်စက်များမှာ ကျွန်တော်လွမ်းမယ်။ ဂျက်ဆင်ထိပ်က လရိပ်ပြာမှာ ကျွန်တော် မခံစားလိုက်ရတဲ့ ရန်ကုန် တက္ကသိုလ်ရဲ့ အငွေ့အသက်ကို နှမြောတမ်းတမယ်။ သက်ငြိမ်နဲ့အတူ တစ်ကိုယ်ရေစာ ဒဏ်ရာကို အခန်းကျဉ်းထဲ ကျွန်တော်ဖြေသိမ့်မယ်။ ငါ တရားစီရင်ခန်းမှာ ကျွန်တော့် သိစိတ်နဲ့ မသိစိတ် စီးချင်းထိုးနေမယ်။ အလင်းဆိုင်လေးထဲ နှုတ်ဆက်တေးဟာ သူ့ကို ချစ်မြတ်နိုးရသူအားလုံးအတွက် မျက်ရည်များ ဝေ့သီစေပါလိမ့်မယ်။ လူပီသခဲ့သူ၊ ဂီတနဲ့ ကိုယ်သင်းရနံ့ကို အမွှေးမြဆုံး ကျဲချနိုင်ခဲ့သူ (ထူးအိမ်သင်) ဟာ သူချစ်သော ကမ္ဘာမြေကို ချန်ထားရစ်တာ ၁၃ နှစ်ပြည့်ပါပြီ။ နှလုံးအိမ်ထဲကထွက်လာ အသံစများနဲ့အတူ သူရှင်သန်ခဲ့ရာ ခေတ်ကိုသာမက ခေတ်များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကျွန်တော်က မြူတစ်မှုန်စာလို ဖြစ်တည်မှုနဲ့ပါပဲ။ သူ့လို လူအကြောင်း ကျွန်တော့်ထက် ပိုပြောနိုင်သူတွေ များစွာရှိနေပါတယ်။ ဒါပေမဲ့ ကျောက်မြောင်း၊ ကျားကွက်သစ်လမ်းမကြီးပေါ်က အအေးဆိုင်လေးတစ်ခုမှာ ခဏတာဆုံတွေ့ဖူးတဲ့ ရုပ်ပုံလွှာကို အာရုံထဲဖမ်းယူရင်း ကိုယ်စွမ်းရှိသမျှ ဖော်ကျူးခြင်းပါပဲ။

သူနဲ့ ဆုံတွေ့ခဲ့ဖူးရာ ကျားကွက်သစ်လမ်းမပေါ်က အအေးဆိုင်လေး မရှိတော့ပါဘူး။ ကျပ်ကျပ်တည်းတည်း ကားတွေကြားမှာ ကျားကွက်သစ်လမ်းမကြီး နာကျင်နေပုံပဲ။ အအေးဆိုင်လေးနေရာမှာ ဘီယာဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင် ပြောင်းလဲသွားတယ်။ အအေးဆိုင်ရှေ့မှာ စာအုပ်ဆိုင် ရှိနေသေးပေမယ့် စာပေလောက (၄) မဟုတ်တော့ဘူး။ နာမည်ပြောင်းသွားပြီ။ ကျောက်မြောင်းရဲ့ ညနေခင်းတွေဟာ တစ်မူထူခြားစွာ စီးဆင်းနေတုန်းပါပဲ။ မပြောင်းလဲသေးတာဟာ သူ့ဂီတတွေပါပဲ။ သူ့ကို နှုတ်ဆက်စကား ပြောချင်တဲ့ ကျွန်တော့်စိတ်ပါပဲ။