ဘဝနှင့် စာမေးပွဲ

ဘဝနှင့် စာမေးပွဲ
Published 1 March 2018

ယမန်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး ပြန်ထွက်လာသည့် ကျောင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

(၁) ဘဝဆိုတာ ဘာလဲ ....။

သိကြပြီးသားပါပဲ။ ဘဝဆိုတာ ကိုယ့်ဘဝသူ့ဘဝ၊ သူတို့ ကိုယ်တို့ရဲ့ဘဝ။ တချို့ များ တစ်သက်မှာ နှစ်ဘ၀ သုံးဘဝဆိုသလို ခံစားဖြစ်ရသတဲ့။

“အချိန်ကလေးတွေတိုလွန်းလို့ ချစ်ချစ်ခင်ခင်နေကြစို့” တဲ့။ မိတ်ဆွေအရာရှိ တစ်ယောက်က သူ့ရုံးခန်းက ဗီရိုမှာ ဒီစာတန်းကလေး ကပ်ထားပါတယ်။ တကယ်လည်းပဲ သူဟာ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေနဲ့ ချစ်ချစ်ခင်ခင် သောက်သောက်စားစား နေသွားပါတယ်။ သူဆုံးတော့ အရွယ်ငယ်ငယ်ကလေးပါ။ အငြိမ်းစားဘဝကို မရောက်လိုက်ပါဘူး။ သူ့ဘ၀ အချိန်အကန့်အသတ် တိုတောင်းတာ ကြိုသိလို့ များလားဆိုရမလိုပါပဲ။

‘ချစ်သူတို့ သက်တမ်းတိုလှသည်။
မုန်းသူတို့ သက်တမ်းရှည်လှသည်။
ကြေကွဲ၍ မဆုံးပါ’

ကဗျာဆရာကြီး တင်မိုး (ဆရာဦးဘဂျမ်း)က ဆရာမမိုးမိုး (အင်းလျား) ဆုံးတော့ ဒီကဗျာကို ဝမ်းနည်းမှတ်တမ်းဖွဲ့ခဲ့တယ်လို့ မှတ်သားမိပါတယ်။ ဘဝဆိုတာ အချိန်။ သက်တမ်းကာလဖြစ်သလို လောကမှာဖြစ်တတ် ကြုံရတတ်ပုံတွေက မချစ်မနှစ်သက်ဖြစ်မိသူတွေက သက်ဆိုးတွေရှည်နေကြပြီး၊ ကိုယ်ချစ်ခင်သူတွေမှာတော့ အချိန်မတန်လှသေးပါလျက် ခွဲခွာရတတ်ပါတယ်။ လောကမှာ လူတွေဟာ လူ့ဘဝကို ရလာကြတဲ့အခါ လူသားတစ်ယောက်အဖြစ် ရလာတာကောင်းခဲ့ပါလျက်နဲ့ ခိုးသူအဖြစ်၊ မိုက်သူအဖြစ်၊ လူဆိုးအဖြစ် အကြမ်းဖက်သူ သောင်းကျန်းသူအဖြစ် ယုတ်မာလွန်းသူအဖြစ် တို့ကို ရသွားရောက် သွားတတ်ကြပါတယ်။ အဲဒါတွေလည်း သူတို့ သူတို့ရဲ့ဘဝပဲပေါ့။

မျက်မှောက်ခေတ်ကာလယေဘုယျ အနေအားဖြင့် လူတစ်ယောက်ဖြတ်သန်းရတဲ့ ဘဝကိုဆိုရရင် ကလေးဘဝ၊ ကျောင်းနေစာသင်အရွယ် ဘဝအလယ်တန်းအထက်တန်း ကျောင်းသားဘဝ၊ အဆင့်မြင့်တက္ကသိုလ် ပညာဆည်းပူးတဲ့ဘဝ၊ အလုပ်ခွင်မှာ ရှိရတဲ့ ဘဝ၊ ကိုယ့်မိသားစုအတွက် စီးပွားရှာဖွေ လုပ်ကိုင်ရတဲ့ ဘဝဆိုသလို အစရှိတဲ့ အပိုင်းအခြား ဘဝအသီးသီးမှာ ဖြစ်ရကြုံရရင်ဆိုင် ဖြတ်သန်းကြရပါတယ်။

အဲဒီအပိုင်းအခြားတွေမှာလည်း အယုတ်အလတ်ရယ် အမြတ်ရယ်ဆိုပြီး ဖြစ်ကြပါတယ်။ လောကဓံကိုလည်း ကြုံကြပါတယ်။ ဒီအခါမှာ ဖြစ်ချင်တာလည်း မဖြစ်ရ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာမှန်ပေမဲ့ တချို့ဒေသလူတွေကတော့ သူတို့ဖြစ်ချင်ကြတာတွေကို မဖြစ်ဖြစ်အောင် မရရအောင် ဇွတ်အတင်းကို နည်းမျိုးစုံနဲ့ ဖန်တီးလုပ်ယူကြတော့ လောကဆိုတဲ့ လူမှုအဖွဲ့အစည်းမှာ ဆိုးကျိုး တွေကြုံရဘဝဆိုးတွေ ရကုန်ကြပါတယ်။

ကုန်သွယ်၊ လယ်လုပ်၊ ကျောင်းဆရာ၊ ဗိသုကာ၊ ရှေ့နေ၊ ဆရာဝန်၊ ရဲ၊ တပ်မတော်၊ တရားသူကြီး၊ အနုပညာရှင်၊ အလုပ်ဌာန အရာရှိ၊ ဂေါပက၊ အသင်းအပင်းအဖွဲ့အစည်းတွေက အကြီးအမှူးတွေ၊ ဒါတွေဟာ သူတို့ရဲ့ ဘဝတွေကို အရွယ်အလျောက် ရှင်သန်အောင် လုပ်ရင်းရလာကြတဲ့ ဘဝရဲ့ အမည်နာမတွေပါပဲ။

အဲဒီဘဝတွေထဲမှာ “စိုင်ကော်လို့ ချုံပေါ်ရောက်” အဖြစ်ကိုရတဲ့ ဘဝမျိုးရှိသလို ‘အရှင်မွေးလို့ နေ့ချင်းကြီး’ အဖြစ်ကို ရသူတွေလည်း ရှိကြပါတယ်။

တောင်းရမ်းစားသောက်ရတဲ့သူတစ်ယောက်အဖြစ်ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ မရချင်ကြပေမယ့်၊ လုပ်ပိုင်ခွင့် ရာထူးအာဏာနဲ့ လာဘ်သပ်ပကာမပေးပေးလာအောင် ကြံနိုင်တိုင်း ဟောခနဲ ဟောခနဲ လာဘ်တွေရလာတဲ့သူရဲ့ အဖြစ်ဟာ တောင်းရမ်းစားသောက်ရသူတစ်ယောက်ရဲ့ ဘဝမျိုး၊ ခိုးဆိုးလုယက်ဓားပြတိုက်စားသူတို့ရဲ့ ဘဝမျိုး အတူတူပဲဖြစ်တာကို မွေ့ပျော်နေကြသူတွေလည်း ရှိကြပါတယ်။

ဘုရားဟောအရ ရခဲတယ်ဆိုတဲ့ လူ့ဘဝ၊ သူ့ဘဝ၊ ကိုယ့်ဘဝ။ ကိုယ်တို့ဘဝ၊ သူတို့ရဲ့ဘဝ။

တစ်သက်မှာ နှစ်ဘဝ၊ သုံးဘဝလောက် ရယူလိုက်၊ ခံစားလိုက်ကြတာများ လူကို သတ်ခိုင်းသူအဖြစ် ဝရမ်းပြေးဘ၀ ရောက်တာတောင် လွတ်မြောက်နေတဲ့ ရိပ်မြုံထဲ အမြိုင့်သား ခံစားနေနိုင်ရော့သလားလို့ပါပဲ။

(၂) ကျွန်တော် ပထမဦးဆုံးနေခဲ့တဲ့ မြူနီစီပယ်ကျောင်းမှာ ‘နွားအကြောင်းရေးပါ’ ဆိုပြီး ဆရာမက မေးတာ ကျောက်သင်ပုန်းပေါ်မှာ နွားတစ်ကောင်ပုံကိုပဲ ဆွဲနေလို့ ခေါင်းခေါက်ခံခဲ့ရပါတယ်။ ‘နင့်ကိုရေးခိုင်းတာလေ ရေး’ လို့ဆိုပေမယ့် ကျွန်တော်က စာမရေးခဲ့ဘဲ ပုံပဲဆွဲနေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်အောင်ခဲ့ပါတယ်။

ကျောင်းနေအရွယ် ကျောင်းသားဘဝဟာ စာတွေမေးလိုက်ကြ၊ ဖြေလိုက်ရနဲ့။ အပတ်စဉ်၊ လစဉ်၊ အခန်းဆုံး၊ ပထမအစမ်း၊ ဒုတိယအစမ်း၊ အတန်းတင်စာမေးပွဲကြီးဆိုပြီး ဖြေကြရတာ။ ဆရာဝန်လောင်းတွေဆိုရင်လည်း လူကိုတွေ့လိုက်လို့ မေးမိရင် ဒီနေ့ကျောင်းမှာ စာမေးပွဲရှိတယ်ဆိုတာချည်းပါပဲ။ သင်တန်းဝင်ခွင့်တွေဖြေ၊ သင်တန်းတက် ပြီးတော့ သင်တန်းစာမေးပွဲဖြေ။ ရှည်လျားထွေပြား မနေမနားဖြေကြရတဲ့ စာမေးပွဲတွေပါပဲ။

ဒီကနေ့ဆိုရင် တက္ကသိုလ်စာမေးပွဲဆိုတာကြီးကလည်း ကျောပေါ်ကို ရောက်နေပါပြီ။ ရာသီဥတုကလည်း ပူပူမှာ အပူတပြင်း ဖုတ်ပူမီးတိုက်လုပ်ကြသူတွေ လုပ်ဦးမှာပါ။

မျက်မှောက်ကာလ ဒီကနေ့ ပညာခေတ် ဆိုတာကလည်း အတန်းကျောင်း ကိုးတန်းအထိ စာမေးပွဲတွေ ပြီးပြီဆိုတာနဲ့ တစ်ပြိုင်နက် သတင်းစာတွေမှာ ကျူရှင်၊ ဝိုင်း၊ ဘော်ဒါ၊ စာသင် ဥယျာဉ်၊ ပညာရွှေနန်းစံအိမ် စသည် စသည်နဲ့ ဝါရင့် သမ္ဘာရင့် စာစစ်မှူး ဘာညာဦး စီးတာဆိုပြီး ကြော်ငြာလိုက်တာများ ဓာတ်ပုံတွေနဲ့ တကွပါပဲ။

တက္ကသိုလ်က ပါမောက္ခတွေက ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေအတွက် သတိပြုဖွယ်ရာများ အစိုးရသတင်းစာများမှာ ရေးသားဖော်ပြကြသလို ခုတလော ပုဂ္ဂလိက သတင်းစာမှာလည်း ကျူရှင်က နာမည်ကြီး ဆရာများထင်ပါရဲ့ ရေးသားဖော်ပြလာကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ငယ်ငယ်က တစ်စတစ်စ အတန်းကြီးလာတဲ့အခါ ဆရာ ဆရာမတို့ပြောခဲ့တဲ့ လက်သုံးစကားတစ်ခွန်းကို သတိရမိပါတယ်။

“နင်တို့တွေ ငှက်ပျောသီးအခွံနွှာပေးတာမျိုး မခံယူချင်ကြနဲ့” တဲ့။ ခုပညာခေတ်ကျတော့ ငှက်ပျောသီးအခွံနွှာပေးရုံမက ပါးစပ်ဟရုံကလေးမှာ ခွံ့ထည့်ပေးသလိုများ ဖြစ်ကုန်တယ်ထင်ပါရဲ့။

တက္ကသိုလ်ဝင်စာမေးပွဲ နတ်ကြီးပုံများ ဥစ္စာရှိတဲ့ တတ်နိုင်တဲ့သူများက ငွေကုန်ကြေးကျများသလောက် စီးပွားဖြစ်တွေလည်း လုပ်ကုန်ကြတဲ့ဘဝ။

စာမေးပွဲဆိုတာကို ကြောက်လေ အရှုံးနဲ့ ရင်ဆိုင်ရတတ်လေဆိုတာ ကျွန်တော့်ကိုယ်တွေ့ပါ။

လေးဘာသာဖြေပြီး၊ နောက်ဆုံးပိတ် သင်္ချာဘာသာမှာ သတ်ရင်တော့ ဒုက္ခပဲဆိုပြီး ညအိပ်ခါနီး ကြောက်စိတ်ဝင်ခဲ့တာ နောက်တစ်နေ့ စာမေးပွဲခန်းထဲအဝင်မှာ ပြန်တွေးမိပြန်တော့ ကြောက်စိတ်ထပ်ဝင်တာကြောင့် တလွဲတွေလုပ်ခဲ့တာ အဖြေလွှာပထမ မျက်နှာမှာ အဖြေမထွက်၊ ဒုတိယမျက်နှာလည်း အဖြေမထွက်။ သူငယ်ချင်းတွေကြည့်လိုက်တော့ ကုန်းဖြေနေကြပြီ။ ကိုယ့်မှာတော့ ဇောချွေးတွေပြန်လာပါပြီ။ အဖြေဘယ်ထွက်ပါ့မလဲ။ ဆွဲထားတဲ့ ပုံကမှားနေခဲ့တာကိုး။ ဒီလိုနဲ့ ရှိတဲ့အချိန်ကလေးမှာ တောင်ဖြေ မြောက်ဖြေနဲ့ ကျခဲ့တာပါပဲ။

တကယ်တော့ စာမေးပွဲဆိုတာ စာမေးတာပဲမို့ ကြိုတင်ပြင်ဆင်ကျက်ဖတ်လာခဲ့သမျှ အခုလို ကျောင်းပေါ်ရောက်ချိန်ကျတော့ ဘာကြောက်စိတ်မှ မမွေးဘဲ ခေါင်းအေးအေးထား စဉ်းစားဖြေဆို ရင်ဆိုင်ဖို့ပါပဲ။

ဒီစာမေးပွဲမှာ ကိုယ့်ပြင်ဆင်ခဲ့တာ နည်းပါးခဲ့လို့၊ အခြေခံစာမကျေခဲ့လို့၊ ကျန်းမာရေးပြဿနာရှိခဲ့လို့ တစ်နှစ်ကျရှုံးသွားလည်း ဘာအရေးလဲ။ နောက်တစ်နှစ်မှာဖြေရုံပေါ့။ စာမေးပွဲကြောင့် ဘဝကို အရှုံးမပေးသင့်ကြပါဘူး။ အခုတော့ တစ်ခါတစ်ခါသတင်းများမှာ ကြားရဖတ်ရတတ်တဲ့ စာမေးပွဲ အောင်စာရင်းထွက်ပြီး မအောင်ဘူး။ ကျရှုံးတယ်ဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ပစ်တယ်။ ညာလုပ်ပစ်တယ်ဆိုတာတွေဟာ မဖြစ်သင့်တာမို့ ဆရာမိဘတို့ကလည်း စာဖြေပွဲဝင်တဲ့ သားသမီးလူငယ်တွေကို အသိဉာဏ်ဝင်အောင် အားပေးထားသင့်ကြပါတယ်။

“နင်စာလုပ်လေ၊ နင်စာကျက်တော့လေ၊ အချိန်တွေ ကုန်တော့မယ်လေ။ နင်မကြိုးစားဘူးလား၊ တို့ငွေတွေကုန်ထား အပင်ပန်းခံထားရတာ။ နင်ဒီအတိုင်းဆိုကျမှာနော်” ဆိုတာမျိုးနဲ့ ဖိအားမပေးသင့်ကြပါဘူး။

အေးအေးသက်သာ ကျန်းကျန်းမာမာ ပေါ့ပေါ့ပါးပါးကလေး စိတ်ကြည်ကြည်လင်လင်ကလေးနဲ့ စာမေးပွဲကို ဝင်ကြရင် အောင်မြင်ကြတာများပါတယ်။

ကိုယ်တိုင်လည်း ကြောက်ရွံ့ပူပန်စိတ်ကြောင့် တစ်နှစ်ကျသွားတော့ နောက်နှစ်မှာ ဗိုလ်လောင်းဖြေဖို့ သင်္ချာသွားယူခဲ့တဲ့ ကျောင်းကနေကိုယ့်ကျောင်းကို ကိုယ်ပြန်၊ စိတ်ကြိုက် မြန်မာစာတွဲနဲ့ မှန်မှန်စာဖတ်မှန်မှန်သင်ယူပြီး ဖြေခဲ့တော့ နောက်နှစ်မှာ အိုင်အယ်လ်အေကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပါတယ်။

ဘာလဲဟဲ့ စာမေးပွဲ။ ကျောင်းသားဆို ရင်ဆိုင်ရမှာပါပဲ။

ကျွန်တော်တို့တစ်တွေမှာ တက်လိုက်ရတဲ့ ကျောင်းတွေ၊ ဖြေလိုက်ရတဲ့ စာမေးပွဲတွေ။ တစ်ခုပြီးပြန်တော့ နောက်တစ်ခုကိုတက်၊ နောက်တစ်ခု ဖြေရယ်နဲ့။ ကြုံခဲ့ရဖူးတဲ့ စာမေးပွဲ အကြောင်းတွေနဲ့ပတ်သက်လို့ ပြောရရင်တော့ အများကြီးပါပဲ။ ဆည်းပူးရှာဖွေ သင်ယူနေချင်သမျှ ကိုယ့်ဘဝအတွက် တက်လမ်းဖြစ်ပြီး လမ်းပွင့်သွားအောင် စာမေးပွဲဆိုတာ ရင်ဆိုင်ဖြေဆိုရမှာပဲ။ ဘာအရေးလဲလို့ ပြေလွင့်တဲ့စိတ်နဲ့ ကြိုးစားရင် အောင်မြင်ကြမှာပါ။

အခုလို တွေးမိ ရေးမိချိန်မှာ ကျွန်တော့်ရဲ့ သမီးငယ်တစ်ယောက်ကလည်း သူ့အလုပ်ဌာနမှာ ရာထူးအတွက် စာမေးပွဲဖြေရ ဦးမှာဆိုပြီး ရုံးစာတွေကုန်းရုန်းပြီး ကျက်မှတ်နေပါလေရဲ့။

စစ်တိုင်းအောင်၊ ပစ်တိုင်းထောင်သူကလေးများအဖြစ် အောင်မြင်ကြပါစေ။

(၃) ဘဝဆိုတာ ဘာလဲ။ ဘယ်လိုလဲ။
စာမေးပွဲဆိုတာလည်း ဘာလဲ၊ ဘယ်လိုလဲ။

မြူနီစီပယ်ကျောင်းသားကလေးပဲဖြစ်ဖြစ်၊ အထက်တန်းကျောင်းသားပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းတော်သားကြီးပဲဖြစ်ဖြစ် အဲဒီအချိန်အရွယ် အဲဒီဘဝတွေကိုရကြရင် စာမေးပွဲဆိုတာ ရင်ဆိုင်ဖြေဆိုကြရမှာပါ။ တွေးပြီးပူ ကြိုပြီးပူဖို့ မဟုတ်ပါဘူး။ မမှန်မကန် မတော်လောဘ မသမာမှုပြုပြီးတော့လည်း လုံးပန်းရမှာ မဟုတ်ပါဘူး။ အဲဒီလိုတွေ လုပ်ယူခဲ့ပြီး အောင်မြင်တယ်ဆိုရင်တော့လည်း ကိုယ့်ရဲ့ အောင်မြင်မှုဟာ အစစ်အမှန် မဟုတ်ဘူးဆိုတာ တစ်သက်တာလုံး ကိုယ့်စိတ်မှာ သိနေပြီး ယူဆောင်သွားကြရမှာပါ။

ဒီလိုပါပဲ။ လူ့ဘဝမှာလည်း ကုန်သည်ကြီးဖြစ်တယ်၊ ကျောင်းဆရာဖြစ်တယ်၊ ရှေ့နေဖြစ်တယ်၊ ဆရာဝန်ဖြစ်တယ်၊ ရဲကြီးဖြစ်တယ်၊ စစ်သားဖြစ်တယ်၊ တရားသူကြီးဖြစ်တယ်၊ အရာရှိကြီး မာစတာကြီးဖြစ်တယ် စသဖြင့် ဖြစ်အင်ဘဝတွေ ဘာပဲဖြစ်ဖြစ် လူယုတ်၊ လူဆိုး၊ လူကောက်ကျစ်၊ ကိုယ်ကျိုးသာ ပဓာန၊ အထက်ဖားအောက်ဖိ၊ မာန်မာနခက်ထန်၊ ကိုယ့်လိုဘမရရင် အပြစ်ရှာ အပြစ်တင် မာန်မဲတတ်ကြသူတွေဟာတော့ အတန်းစာမေးပွဲတွေ ဘယ်လောက်ပဲအောင်အောင်၊ ဘွဲ့ဒီကရီ၊ ဒေါက်တာပါရဂူတွေပဲရရ လူ့အဖြစ်ရဲ့ ဘဝစာမေးပွဲမှာတော့ မချောမော မအောင်မြင်တဲ့သူတွေပါပဲလို့ ဆိုချင်ပါတယ်။

ကျွန်တော်တို့ဟာ ဘဝစာမေးပွဲကို ဖြေလျှင် ချောမွေ့အောင်မြင်သူတွေဖြစ်အောင် ကြိုးစားကြရပါလိမ့်မယ်။

‘တစ်ရွက်တည်း ရှေ့နဲ့ကျောဖြစ်တဲ့ အဖြေလွှာစာမျက်နှာ နှစ်ဖက်လုံးပေါ်မှာ ဘယ်လိုမှ သင် ကြိုးစားပြီး မရေးနိုင်’ ဆိုတဲ့ စကားရှိပေမယ့် ဘဝနဲ့ စာမေးပွဲမှာတော့ လူကောင်း လူမွန် ပီသအောင်မြင်မှု စစ်မှန်အောင် ဆင်ခြင်ကြိုးစားရပါလိမ့်မယ်။