တေးမြုံငှက်များ တစ်ခေတ်တစ်ခါ


6064 ဖျော်ဖြေပွဲတွင် ခိုင်ထူးနှင့် ဂျေမောင်မောင်တို့ ဖျော်ဖြေနေစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

(၁)

ကျွန်တော်တို့ငယ်ငယ်ကတည်းက နားထဲစွဲနေခဲ့တဲ့ သီချင်းအဟောင်းတွေ၊ တစ်ခေတ်တစ်ခါတုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို တစ်ခါတစ်ခါ ပြန်ကြားရတဲ့အခါ အတိတ်ကို ပြန်ရောက်သွားတတ်ကြ၊ လွမ်းရဆွေးကြရတယ်။ ကိုယ်တိုင်လည်း ငယ်ဘ၀နေ့ရက်များ အစားပြန်ရသလို လွမ်းတဲ့ကြားက ပျော်ရသေးတယ်။ စိတ်ထဲမှာ အသေအချာ ကြိုက်မိစွဲလန်းမိခဲ့ကြဖူးတဲ့ သီချင်းတွေရှိသလိုပဲ မသိစိတ်ထဲမှာလည်း ဘယ်လိုမှမလွန်ဆန်နိုင်စွာ စွဲလန်းမှတ်မိနေတတ်တာမျိုးလည်း ရှိခဲ့လိမ့်မယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အဖေတွေ၊ ဦးလေးတွေ နားထောင်တဲ့ သီချင်းတွေနဲ့သာ ကြီးပြင်းလာခဲ့ရလို့ ကိုယ့်အကြိုက် ရွေးချယ်နားထောင်တာမျိုး မဟုတ်သေးပေမယ့် သူတို့အကြိုက်၊ သူတို့ခေတ်ရဲ့သီချင်းတွေကိုသာ ငယ်ဘ၀မှာနားစွဲခဲ့ရတာ။ ၇၀ ခုနှစ်များ၊ ၈၀ ကျော်နှစ်များ ကလေးဘ၀တုန်းက သူ့အချိန်အလိုက် အောင်မြင်ခဲ့တဲ့သီချင်းတွေ ကလေးနားနဲ့ စွဲလန်းခဲ့ကြားခဲ့ရဖူးပါတယ်။

ကျွန်တော်တို့ခပ်ငယ်ငယ် သိတတ်စလောက်မှာ အဖေက လွှမ်းမိုးသီချင်းတွေ၊ ခိုင်ထူးသီချင်းတွေကို အရမ်းကြိုက် အရမ်းနားထောင်ခဲ့ပါတယ်။ သူတစ်ယောက်တည်း နားထောင်ဖြစ်ရုံနဲ့တင်အားမရလို့ ကျွန်တော်တို့ကို ချော့သိပ်တဲ့အခါမှာလည်း အိပ်ရာဝင်သီချင်းက သူနားထောင်နေကျ သီချင်းတွေပဲ ဖြစ်နေတတ်တဲ့အခါ ကျွန်တော်တို့နားထဲ စွဲသွားခဲ့ဖူးတာပေါ့။ ဟင်္သာတို့ရဲ့နန်းတော်ရှေ့၊ ပဲပြုတ်သည်မထား၊ ဆင်ကြီးဂဠုန်ချီ၊ စစ်ကိုင်းလမ်း၊ သီချင်းတစ်ပုဒ်ပန်းတစ်ဆုပ်၊ ခတ္တာ စတဲ့သီချင်းတွေဆိုတာ ကျွန်တော်တို့အိပ်ခါနီး အဖေဖွင့်ပြလေ့ရှိတဲ့ သားချော့သီချင်းတွေပါပဲ။ အဖေက ဂီတကို အရူးအမူးဝါသနာပါသူ တစ်ယောက်တော့လည်း မဟုတ်ပါဘူး။ သာမန်ပရိသတ်တစ်ယောက်ပါပဲ။ ဒါပေမဲ့သူကြိုက်တဲ့ ကက်ဆက်ခွေတွေ၊ နာမည်ကြီး သီချင်းခွေတွေကိုတော့ အမြဲဝယ်နားထောင်လေ့ရှိတယ်။ သူကြိုက်တဲ့ခွေမှန်သမျှဝယ်ပြီး စင်နဲ့သေသေချာချာ သိမ်းလေ့ရှိပါတယ်။ အဲဒီအချိန် ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကက်ဆက်ဆိုတာလည်း အဲဒီလောက်မပေါသေး။ အိမ်မှာကက်ဆက်ဝယ်ပြီး နားထောင်နိုင်တယ်ဆိုတာလည်း အခြေအနေတစ်ခုလို့ မှတ်ယူနေကြတဲ့ အချိန်တွေပေါ့။ ကက်ဆက်ပေါ်ကာစ၊ တီဗွီပေါ်ကာစအချိန် ၈၀ ကျော်ခုနှစ်တွေဆိုတာ နယ်မှာတော့ ကက်ဆက်တို့၊ တီဗွှီတို့ဆို တကယ့်ခန်းဝင် ဂုဏ်ပြစရာပစ္စည်းတွေလိုပါပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တီဗွီနဲ့ဗီဒီယိုအပေါ်စက် အောက်စက်တွေကို အိမ်မှာ သစ်သားမှန်ဗီရိုကြီးတွေနဲ့ ထားတတ်ကြတာ အမှတ်ရမိပါတယ်။

(၂)

ကျွန်တော်တို့ငယ်ငယ် ၈၀ ကျော်ကာလတွေတုန်းကတော့ အိမ်တစ်အိမ်မှာ တီဗွီတစ်လုံးရှိရင် ဘေးပတ်ဝန်းကျင်ကလူတွေ အကုန်လာကြည့်ကြ၊ ညညဆို တီဗွီရှိတဲ့အိမ်မှာ လူတွေစုပြုံတိုးဝှေ့ ငေးမောနေတတ်တာ သတိရမိသေးတယ်။ အဲဒီတုန်းကတော့ ဗီဒီယိုရုံထဲ ဗီဒီယိုကြည့်ရတာ ညခင်းဘက် တီဗွီကြည့်ရတာဟာ နယ်မှာတော့ တကယ့်ဇိမ်ခံအနားယူခြင်းတစ်မျိုးပါပဲ။ ညစာစားပြီးတဲ့အခါ လက်ဖက်ရည်ဆိုင်မှာ၊ ဗီဒီယိုရုံမှာ၊ အိမ်ကတီဗွီရှေ့မှာ ကလေးတွေကအစ နေရာအကျအနယူလို့ အနားယူကြတယ်။ အဲဒီအချိန်တုန်းက ရှေ့ကကြည့်နေတဲ့ ကလေးတွေကို တစ်မတ်တန်းကကောင်တွေ ငြိမ်ငြိမ်နေဆိုပြီး လူကြီးတွေက ဟာသလုပ်ဆူပူတတ်တယ်။ ငယ်ငယ်တုန်းက သီချင်းခွေသစ်တွေထွက်ရင်လည်း အခွေငှားဆိုင်ကနေငှားပြီး နားထောင်ရ၊ လမ်းထိပ်က သီချင်းအကျယ်ကြီးဖွင့်တဲ့ လက်ဖက်ရည်ဆိုင်မှာ သွားသွားနားထောင်ရတယ်။ အခုလို ဖုန်းတစ်လုံးထဲ အရာရာထည့်ယူသိမ်းထား အချိန်မရွေးကြည့် နားထောင်လို့ရခဲ့တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အနားယူအပန်းဖြေ ကိုယ့်စိတ်ကိုယ် ဖျော်ဖြေကြတယ်ဆိုတာ သီချင်းနားထောင်တယ်၊ စာအုပ်ဖတ်တယ်ဆိုတာပဲ ရှိခဲ့တယ်ဆိုပေမယ့် လွယ်လွယ်လေး ရလေ့ရှိတတ်တဲ့ အခွင့်အရေးတော့လည်း မဟုတ်ဘူး။ သီချင်းနားထောင် ဂစ်တာတီးဖို့ဆိုတာ အိမ်နဲ့အတိုက်အခံလုပ်ကြရ၊ စာအုပ်ဖတ်ရင်တောင် ကျောင်းပိတ်ရက်တွေလောက်သာ ဖတ်ခွင့်ရခဲ့တဲ့ အချိန်တွေပါပဲ။

အခုတော့ ဖျော်ဖြေရေးပစ္စည်းတွေပေါများ ကိုယ့်စိတ်ကိုယ်ဖျော်ဖြေဖို့ကို လူစုစရာမလို၊ နေရာရွေး နေစရာတောင် မလိုတော့ပါဘူး။ သီချင်းခွေတစ်ခွေကို တခုတ်တရ အချိန်ယူပြီး စုနားထောင်ရတယ်ဆိုတာလည်း အခုအချိန်မှာ မရှိတော့ပါဘူး။ အရင်ကခေတ်စားခဲ့တဲ့ သီချင်းတွေဆိုတာလည်း တခုတ်တရ ကြိုက်နှစ်သက်သူတွေလောက်သာ ဖုန်းထဲထည့်ထား အလွမ်းပြေနားထောင်ဖြစ်ကြတာမျိုးပါ။ လမ်းထိပ်လက်ဖက်ရည်ဆိုင်က ခွေအသစ်ထွက်ရင် အကျယ်ကြီး ဖွင့်ပေးတယ်ဆိုတာလည်း မရှိတော့လို့ အရသာမရှိတော့သလိုတောင် ဖြစ်နေတတ်ပါတယ်။ ကိုယ်နားထောင်ချင်ရင် အင်တာနက်ထဲကဖြစ်စေ၊ တစ်ယောက်ဖုန်းထဲက တစ်ယောက် ကူးယူလို့ဖြစ်စေ အရာရာလွယ်လွယ်လေးရနေပြီ။ ငယ်ငယ်က စုပြီးငှားနားထောင်ရတဲ့ အရသာမျိုး၊ ကိုယ်ပိုင်ကက်ဆက်ခွေလေး တကိုင်ကိုင် လက်ဖက်ရည်ဆိုင်မှာ ဖွင့်ခိုင်းရတဲ့အရသာမျိုးကတော့ ဘယ်လိုမှမရတော့ဘူး။ လွမ်းတယ်ဆိုတာကလည်း အတိတ်ထဲ သတိရစရာတွေရှိမှသာ အမှတ်တရဖြစ်စရာ တစ်ခုခုကို ကြုံဆုံခဲ့ဖူးမှသာ အရသာရှိကြရသလို အရင်ကအရသာရှိရှိ ဖြတ်သန်းခဲ့ရတဲ့နှစ်တွေဟာ ဘယ်အချိန် ပြန်တွေးတွေး လွမ်းစရာချည်းပဲ ဖြစ်နေတော့တာပါပဲ။

(၃)

အခုအချိန်မှာ ကျွန်တော်တို့လည်း သီချင်းနားထောင်ရတာတောင် အရသာလျော့ကျလာသလိုပဲ။ ဘ၀ကို သီချင်းဆိုခြင်းကလွဲပြီး ဘာမှစိတ်မ၀င်စားတဲ့ ဂီတသမားတွေလည်း တစ်ခါတစ်ခါ ပျက်လာတဲ့အခြေအနေမှာ ရပ်တည်ဖို့ တော်တော်ခက်လာကြတယ်လို့ ပြောတာတွေ ကြားရတတ်တယ်။ ဟိုးအရင်ခေတ်က နာမည်ရနေတဲ့အချိန် အောင်မြင်နေတဲ့အချိန်မှာတော့ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့ပေမယ့် နှစ်တွေကြာသွား၊ နာမည်ကျသွားတဲ့အချိန်မှာ တချို့လည်း သီချင်းကလွဲ အနုပညာကလွဲပြီး ဘာမှမလုပ်တတ်တဲ့အခါ စားဝတ်နေရေးမှာ ဒုက္ခရောက်ကြတယ်။ ကျန်းမာရေးကအစ အကူအညီတောင်းခံရ အရင်ကအခြေအနေမျိုးတွေကို ပြန်လွမ်းတတ်ကြတယ်။ အရင်က အဆိုတော်ကြီးတစ်ယောက် လမ်းပေါ်မှာ လျှောက်သွားနေတာကို တွေ့လိုက်တယ်ဆိုတာမျိုး နာမည်ကြီးအဆိုတော်တစ်ယောက် ဘ၀ပျက်နေတယ်ဆိုတာကတော့ လောကဓံမှာ လက်ခံကြုံဆုံနေရဆဲဆိုပေမယ့် အရင်ခေတ်က အောင်မြင်ခဲ့တဲ့ အနုပညာသည်တွေ အသက်ကြီးလာတော့ အနုပညာမှာ ဘ၀အာမခံချက်မရှိတဲ့အတွက် နာကျင်ခံစားရတာပါပဲ။

ကျွန်တော်တို့ တော်တော်ငယ်သေးတဲ့ အချိန်တုန်းက အဆိုတော်ကြီးတွေရဲ့ Live Show ပွဲတွေ တော်တော်ခေတ်စားလိုက်သေးတယ်။ အဆိုတော်တစ်ယောက်ရဲ့ နာမည်ကြီးသီချင်းတွေကို နီးစပ်တဲ့သူတွေကအစ နာမည်ရကာစ အဆိုတော်တွေပါ တစ်ယောက်ရဲ့ သီချင်းတွေကို အားလုံးဝိုင်းဆိုကြတာ အချိန်အတော်ကြာကြာ တွေ့ကြုံနားထောင်ကြည့်လိုက်ရသေးတယ်။ ကျွန်တော်တို့ အရွယ်နည်းနည်းရောက်လာတဲ့အချိန်အထိ Live Show တစ်ခေတ်ဆိုပြီး ဖြစ်ခဲ့သေးတာပေါ့။ ကွယ်လွန်သွားတဲ့သူအတွက် အမှတ်တရလုပ်တဲ့ ပွဲတွေရှိတတ်သလို အသက်ရှင်နေဆဲ အဆိုတော်ကြီးတွေအတွက် သူတို့ဖြတ်သန်းခဲ့တဲ့ အနုပညာခရီးမှတ်တိုင်အဖြစ် လုပ်ခဲ့တဲ့ပွဲတွေဆိုတာလည်း ရှိခဲ့တာပေါ့။ အရင်က နာမည်ကြီးခဲ့ပေမယ့် နာမည်ကျသွားတဲ့အချိန်မှာ ပရိသတ်နဲ့ အဆက်ပြတ်သွား ကျွန်တော်တို့မသိမမီခဲ့တဲ့ အဆိုတော်ကြီးတွေကို Live Show ခွေမှာ ပြန်မြင်ကြရသလို အားလုံးအဲဒီအရင်က အခြေအနေတွေကို တစ်ခေါက် ပြန်ရောက်ပျော်ရ လွမ်းကြရတယ်။ ဒီလိုပွဲတွေလုပ်တာလည်း တစ်ခုတော့ကောင်းတယ်။ နာမည်ကျနေပြီ အသက်အရွယ်ရနေပြီဖြစ်တဲ့ အဆိုတော်တွေရဲ့ သီချင်းဟောင်း သီချင်းကောင်း တကယ့်အနှစ်တွေကို ပြန်နားထောင်ရသလို သူတို့ငွေကြေးကအစ ကျန်းမာရေးအတွက်ပါ အသက်ရှူချောင် အဆင်ပြေသွားစေတယ်။ Lives Show ကြည့်တယ်ဆိုတာ အဲဒီတုန်းကတော့ တကယ့်အရသာ။ အဆိုaတ်ာတွေအများကြီးက နာမည်ကြီးသီချင်းတွေပဲ ရွေးဆိုကြသလိုဖြစ်တော့ ဒီဘက်ခေတ် ကိုယ်ကြိုက်တဲ့ အဆိုတော်တွေလည်း ကြည့်ခွင့်ရ အရင်ကသီချင်းကောင်းတွေလည်း ပြန်နားထောင်ရတဲ့အခါ အရသာအမျိုးမျိုး ခံစားကြရတယ်။ အဆိုတော်ကြီးတွေလည်း ဘ၀ရပ်တည်ဖို့ အထိုက်အလျောက် အဆင်ပြေသွားမယ်လို့လည်း ထင်ပါတယ်။ အဲဒီ Lives Show တစ်ခေတ်နဲ့အတူ တက်သစ်စအဆိုတော်တွေလည်း Lives Show ပွဲတွေနဲ့စပ်ဟပ်မိပြီး အရမ်းအောင်မြင်သွားတဲ့သူတွေတောင် ရှိခဲ့ပါသေးတယ်။

(၄)

အလွမ်းပြေဆိုလည်း တကယ်ကိုအလွမ်းပြေရပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက စင်တင်စားသောက်ဆိုင်တွေမှာ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ အဆိုတော်ကြီးတွေကို မြင်တွေ့ရတဲ့အခါ ပျော်တဲ့စိတ်နဲ့ နားထောင်ခဲ့ဖူးတာပဲ။ ဒါပေမဲ့ စင်တင်မှာ ဆိုနေရတယ်ဆိုကတည်းက အပြင်ကလက်ရှိဘ၀အခြေအနေအရ သူတို့လည်း စိတ်ကိုလျှော့ချစားဝတ်နေရေးအတွက် ရုန်းကန်နေရတာပါလားလို့ သိခဲ့ရတယ်။ စားသောက်ဆိုင်တွေမှာ မင်္ဂလာဆောင်တွေမှာ တစ်ပုဒ်စ နှစ်ပုဒ်စ ကြားရရုံနဲ့တင် တစ်ချိန်က အရသာပြန်ရ အပျော်နေရာမှာ အလွမ်းခံစားချက်ပါ ရောက်လာတတ်လို့ တချို့လူတွေ မင်္ဂလာဆောင်အခမ်းအနားထဲက ကြားရတဲ့သီချင်းမှာ ကိုယ့်မျက်စိရှေ့ ရည်းစားဟောင်းရောက်လာသလို မျက်ရည်လည်ခဲ့ရဖူးတယ်။ မင်္ဂလာဆောင် စတိတ်စင်ပေါ် တစ်ခေတ်တစ်ခါက တေးသွားတွေက ကျွန်တော်တို့ဘယ်ခေတ်မှာ ရောက်နေပြီလဲဆိုတာကို ခဏတော့မေ့သွားစေတယ်။ အလွမ်းလည်း ခဏဖြစ်ဖြစ်ပြေသွား၊ အရင်တုန်းကလူကြီးတွေ အရင်ကသီချင်းတွေကို ကြိုက်ခဲ့တယ်ဆိုတာ ဘယ်နေရာမျိုးမှာပဲ ကြားရ ကြားရ ငယ်ဘ၀ကို ဆွေးတဲ့စိတ်နဲ့ အလွမ်းပြေ နားထောင်ဖြစ်ကြဦးမှာ။ အရင်ကတေးသီချင်းအဟောင်း အကောင်းစား အနုပညာသည်ကြီးများဆိုတဲ့ သီချင်းတွေကို အမှတ်ရတစ်ချိန်က ကိုယ်ရူးရင် ရူးခဲ့ဖူးသလောက် သူတို့ကို လွမ်းနေကြရဦးမှာပါပဲ။

Writer – နိုလှိုင်း