ဘော်လကန် နိုက်ဇေးရှင်းနှင့် အမေရိကန်၏ အရှေ့ဗဟိုပြုမှု (ရိုဟင်ဂျာ(ဘင်္ဂါလီ)-ခေတ်သစ်နယ်ချဲ့ဝါဒ)

ဘော်လကန် နိုက်ဇေးရှင်းနှင့် အမေရိကန်၏ အရှေ့ဗဟိုပြုမှု (ရိုဟင်ဂျာ(ဘင်္ဂါလီ)-ခေတ်သစ်နယ်ချဲ့ဝါဒ)
Published 7 November 2017

ဆောင်းပါးရှင် Gearoid O Colmain ၏ Balkanisation and the US Pivot to Asia ကို American Herald Tribune တွင် ဖော်ပြပါရှိမှုအား တွေ့ရစဉ်

၁၉၉၀ ပြည့်နှစ်များတွင် အမေရိကန်သည် ယူဂိုဆလားဘီးယားကို ဖြိုခွဲရန် စီစဉ်ခဲ့သည်။ ကိုဆိုဗိုတွင် အမေရိကန်၏ အကြီးဆုံး စစ်စခန်း (Camp Bendsteel) ကို တည်ဆောက်ခဲ့သည်။ မဟာဗျူဟာကျသော ထိုစစ်စခန်းက ရေနံကြွယ်ဝသည့် ကက်စဘီယံ ပင်လယ်ကို အမေရိကန် အနေဖြင့် အသုံးပြုခွင့် ရရှိသွားခဲ့၏။ ထိုအခြေအနေက ရုရှား၏ ကာကွယ်ရေး စွမ်းရည်ကို ခြိမ်းခြောက်ရန် ဖြစ်လာခဲ့သည်။ အမေရိကန်၏ ရည်မှန်းချက် ပြည့်ဝစေရန်အတွက် ဗဟိုထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) သည် အာဖဂန်နစ္စတန်မှ အကြမ်းဖက် တိုက်ခိုက်ရေး သမားများကို တင်သွင်းခဲ့ပြီး လူသတ်မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြသည်။ အထူးသဖြင့် ဆာ့ဘ်လူမျိုးများကို ကျူးလွန်သော စီအိုင်အေ ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေး သမားများ၏ ရာဇဝတ်မှု အမျိုးအစားကို မီဒီယာများမှ ပုံဖျက် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။

၁၉၉၂ မှ ၁၉၉၇ အတွင်း စီအိုင်အေ အကြမ်းဖက် သမားများက ဆရီဘရီနီကာမြို့တွင် ဆာ့ဘ် ၂၃၈၃ ကို သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် ဘော့စနီးယားဆာ့ဘ် တပ်ဖွဲ့များ ဆရီဘရီနီကာသို့ ရောက်ရှိပြီး အကြမ်းဖက်များကို တိုက်ခိုက်ခဲ့သည်။ ဒေသခံ မွတ်စလင် ၅၀၀ မှ ၁၀၀၀ ကြား ကွပ်မျက်ခံရသည်။ မြို့ထဲတွင် အကြမ်းဖက်သမားများ မည်မျှ ပါဝင်သည်ကို ဘယ်သူမှ သိကြမည် မဟုတ်ပေ။

အနောက် မီဒီယာများက ထိန်းသိမ်းခံထားသည့် အပြစ်မဲ့ လူငယ်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပြုနေကြောင်း ပြောရန်အတွက် ထိန်းသိမ်းထားခံရသော မွတ်စလင်များ၏ ဓာတ်ပုံများကို အသုံးပြုခဲ့ကြသည်။ ဆာ့ဘ်ရွာပေါင်း ၁၅၀ တွင်ရှိသော ဆားဘီးယား မျိုးနွယ်စု၏ စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းအောင် လူမျိုးသုဉ်း သတ်ဖြတ်မှုကို လျစ်လျူရှု ထားခဲ့သည်။ စီအိုင်အေက ထောက်ခံသော ဘော့စနီးယား မွတ်စလင် စစ်သားများက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံရပြီး နိုင်ငံတကာ အသိုင်းအဝန်းမှ မွတ်စလင် စစ်သားများ သတ်ဖြတ်မှုကို လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် ရှုတ်ချခဲ့ကြသည်။ သို့သော် ဆားဘီးယား ခရစ်ယာန်များသည် အမေရိကန် အင်ပါယာ၏ ဓားစာခံများ ဖြစ်ခဲ့ကြသည်။ လူသားချင်း စာနာထောက်ထားမှုအတွက် ဝင်ရောက် စွက်ဖက်မှုသည် မှန်ကန်သည် ဆိုခြင်းအတွက် ဆရီဘရီနီကာကို တိုင်တည်နေဆဲ ဖြစ်သည်။ ယခုအခါ အမေရိကန် အင်ပါယာ၏ မြို့တော်များက ဘင်္ဂါလီ တက်ကြွလှုပ်ရှားသူများ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးစွဲထား) မြန်မာနိုင်ငံသားများကို လူသားချင်း စာနာထောက်ထားမှုအတွက် ဆိုပြီး ဝင်ရောက် ဗုံးကြဲရန် တောင်းဆိုခဲ့ကြသည်။

ယင်းကဲ့သို့ သမိုင်းဆိုင်ရာ အရှိတရားများကို ရင်မဆိုင်ချင်သော မွတ်စလင်များ အနေဖြင့် သဘောပေါက်ရမည့် အချက်မှာ ဒုက္ခနှင့် ဓားစာခံ ဖြစ်မှုတို့တွင် ၎င်းတို့ချည်းပဲ ခံသည်မဟုတ် ဆိုသော အချက်ပင် ဖြစ်သည်။ အမေရိကန် အင်ပါယာတို့က ဓားစာခံ လိုလာလျှင် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဖြစ်စေ ဓားစာခံအဖြစ် ရှာမည်သာ ဖြစ်သည်။

မျိုးချစ်စိတ်ရှိသော နိုင်ငံငယ်များထက် အင်အားချည့်နဲ့သော နယ်မြေ အစုအဖွဲ့ကို ခြယ်လှယ်ရန် ပိုမို၍ လွယ်ကူသည်။ နယ်ချဲ့ဝါဒ ဆုံးဖြတ်သည့် အခါတွင် ယူဂိုဆလားဗီးယား ပြည်ထောင်စုသည် ဘာသာရေး ကွဲပြားမှုနှင့် အတူ လူမျိုးစုံ နိုင်ငံများအဖြစ် ကွဲပြားသွားမှုကို မြန်မာမျိုးချစ်များ အနေဖြင့် လေ့လာရန် အကြံပြုလိုသည်။

၂၀၁၁ နိုဝင်ဘာလတွင် အမေရိကန် သမ္မတ အိုဘားမားက အာရှ-ပစိဖိတ် ဒေသသည် အမေရိကန်နိုင်ငံ လုံခြုံရေး မူဝါဒ၏ ပထမဦးစားပေးဖြစ်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်၏ အာရှဒေသ မူဝါဒတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ကို ထိန်းချုပ်မှုမှတစ်ဆင့် ကာကွယ်ရန်နှင့် ပိတ်ဆို့ဝန်းရံရန် ဖြစ်သည်။ အမေရိကန်သည် အရှေ့တောင်အာရှ ကမ်းရိုးတန်း တစ်လျှောက်တွင် စစ်အခြေစိုက် စခန်းများ ထားရှိခဲ့ပြီးဖြစ်သည်။ သို့ပေမယ့် အာရှကုန်းတွင်းပိုင်းကျသော ဒေသများတွင် စစ်ရေးဆိုင်ရာ တိုးချဲ့မှုများ လိုအပ်လျက် ရှိသည်။ တရုတ်နိုင်ငံ၏ လုံခြုံရေးအတွက် အရေးပါသည့် မဟာဗျူဟာကျသော နိုင်ငံများအား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲအောင် (ဘော်လကန်နိုက်ဇေးရှင်း) ပြုလုပ်ခြင်းပင် ဖြစ်သည်။ အမေရိကန်၏ အာရှတိုက်ဆိုင်ရာ ပထဝီနိုင်ငံရေးသည် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွား ကာကွယ်ရေးပင် ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က မြန်မာနိုင်ငံ အစိုးရ ကိုယ်စား အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့တွင် ပါဝင်နိုင်ရေး ထောက်ခံပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ နိုင်ငံ ဖြစ်လာခဲ့ပေမယ့် အမေရိကန်က မြန်မာနိုင်ငံအား အရေးယူ ပိတ်ဆို့မှုများ ဖယ်ရှားရန် လော်ဘီလုပ်ပေးမှုမှာလည်း အချည်းအနှီး ဖြစ်ခဲ့သည်။ အမေရိကန်က မြန်မာစစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့သည်။ သို့သော် အမေရိကန် အကျိုးစီးပွားအတွက် လက်ခံနိုင်လောက်သည့် အနေအထားနှင့် စံနှုန်းကိုမူ လမ်းဖွင့်ပေးနိုင်ခြင်း မရှိပေ။ တကယ်တမ်းတွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၌ ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်စွမ်းရှိကြောင်း သက်သေပြနိုင်ခဲ့သည်။ သူ၏ အမျိုးသားရေးဝါဒဆိုင်ရာ ရပ်တည်ချက်ကြောင့် အနောက်နိုင်ငံရှိ လစ်ဘရယ်သမားများ စိတ်ပျက်ခဲ့ကြသည်။ လူ့အခွင့်အရေးဆိုင်ရာ အထင်ကရ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အာရှဇာစ်မြစ်ဖြစ်ကြောင်း ပြန်လည် ပုံဖော်နိုင်ခဲ့သည်။ သို့ဖြစ်၍ အနောက်အင်ပါယာရှိ တက္ကသိုလ် ပရိဝဏ်၏ နံရံများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ဖြုတ်ချမှုတွေ ပြုလုပ်ခဲ့ကြသည်။

ဆော်ဒီနိုင်ငံ၏ ငွေကြေးထောက်ပံ့မှုများကို ရရှိနေသော အမေရိကန် အထောက်အပံ့ခံ ဖြစ်သော အကြမ်းဖက် အုပ်စုများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အစိတ်အပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့ ပါဝင်နေသည့် သီးခြားနိုင်ငံတစ်ခု တည်ထောင်ရန် ကြိုးစားလျက် ရှိသည်။ ၎င်းတို့ အခေါ်အရ အာရကန်နစ္စတန် သို့မဟုတ် တင်းကြပ်သော ဝါဟာဘီ အယူအဆကို ဆုပ်ကိုင်ထားသော ရာမာလန်းအစ္စလာမ္မစ် ရီပတ်ဘလစ် (The Islamic Republic of Rahmanland) တည်ထောင်ရန် ဖြစ်သည်။ အဆိုပါနိုင်ငံ တည်ထောင်ရန်အတွက် လန်ဒန်တွင် အခြေစိုက်နေထိုင်သည့် အေမီအီလ်ရီဟမ်ကမီနှင့် ဟာရစ်အယ်လ်ရှာအိတို့၏ လက်မှတ်ရေးထိုးထားသော ကြေညာချက် တစ်စောင် ၂၀၁၂ မှာ ထွက်ပေါ်ခဲ့ဖူးသည်။

အဆိုပါ ကြေညာစာတမ်း စစ်မှန်ကြောင်း အတည်မပြုနိုင်သော်လည်း အာရကန်နစ္စတန်နိုင်ငံ တည်ထောင်မှု အယူအဆကို ဘင်္ဂလားဒေ့ရှ် မီဒီယာနှင့် ထုတ်ဝေထားသည့် စာအုပ် အချို့တွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားကြသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဗြိတိသျှ အစိုးရအား ဗြိတိသျှပိုင်နက် အတွင်းရှိ အစ္စလာမ္မစ် အကြမ်းဖက်သမားများအား တရားစွဲဆိုမှု ပြုလုပ်ရန် ပျက်ကွက်မှုကို ဝေဖန်ခဲ့သည်။ အယ်လ်ကေးဒါး အကြမ်းဖက် သောင်းကျန်းသူများနှင့် ဗြိတိသျှ လုံခြုံရေး အဖွဲ့များက ကာလရှည် ပူးပေါင်းနေခဲ့ကြောင်း အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး စစ်ပွဲနှင့် ပတ်သက်သော ဝေဖန်သူများက ထောက်ပြခဲ့သည်။

ဟာဆီနာ၏ အစိုးရသည် ဖြစ်တန်ဖွယ်ရှိသော အိပ်မက်ဆိုးနှင့် ရင်ဆိုင်နေရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထောက်လှမ်းရေးဆိုင်ရာ ညွှန်ကြားမှုရုံးက အာဆာ အကြမ်းဖက်သမားများကို လေ့ကျင့်မှု သင်တန်းများ ပေးနေပြီး အကာအကွယ်များ ပေးနေကြောင်း ယုံကြည်စိတ်ချရသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းရိုးတွင် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို ဒုက္ခသည်စခန်းမှ ဘင်္ဂါလီများက စောင့်ကြည့်နေသည့် မြင်ကွင်းအား စက်တင်ဘာ ၁၆ ရက်ကတွေ့ရစဉ် (အောက်) (Photo: AFP)

ပါကစ္စတန်နိုင်ငံရှိ ပြည်တွင်းထောက်လှမ်းရေး အဖွဲ့အစည်းက ပူးပေါင်းလေ့ကျင့်ပေးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မြန်မာနိုင်ငံတွင် တည်ထောင်မည့် ဝါဟာဘီ နယ်မြေသည် အမေရိကန်တို့၏ အာရှတိုက်၌ ပထဝီနိုင်ငံရေး ကစားကွက် အတွက် အခြေစိုက်စခန်း ဖြစ်လာမည် ဖြစ်သည်။ တရုတ်တို့၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုနှင့် ခေတ်သစ် ပိုးလမ်းမကြီးကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။ ကိုဆိုဗိုပုံစံနိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေအောင် ပြုလုပ်ခြင်းသည် ဝါရှင်တန်အတွက် ဘင်္ဂလားပင်လယ်အော်ကို ထိန်းချုပ်နိုင်သလို တရုတ်နိုင်ငံ၏ အရှေ့အလယ်ပိုင်းမှ ရေနံတင်သွင်းမှု လမ်းကြောင်းများကို တားဆီးနိုင်မည် ဖြစ်သည်။ ထို့အပြင် မလက္ကာ ရေလက်ကြားရှိ တရုတ်တို့၏ ရေနံထောက်ပံ့မှု လမ်းကြောင်းကိုလည်း ပိတ်ဆို့နိုင်မည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သော ရွှေသဘာဝဓာတ်ငွေ့နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုသည် ဝါရှင်တန်အတွက် နောက်ထပ်စိုးရိမ်မှုတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ပြီးခဲ့သည့် နှစ်များတွင် တရုတ်နှင့် ရင်းနှီးမှု ပိုမို ရရှိခဲ့သည်။ ဘင်္ဂလား ပင်လယ်အော်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ ယူနန်ပြည်နယ် ကူမင်းမြိုသို့ ရေနံပိုက်လိုင်းများ တည်ဆောက်ခဲ့သည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တစ်နှစ်လျှင် ကုန်ပစ္စည်း တန်ချိန်ပေါင်း ၇ ဒသမ ၈ သန်းအထိ ကိုင်တွယ် အသုံးပြုနိုင်သည်။

ဘင်္ဂလား ပင်လယ်အော်မှ နေ၍ ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားသည့် တီလောင်း-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆ ဘီလျံ အကုန်အကျခံပြီး တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးတွဲလုပ်ဆောင်ကြခြင်းဖြစ်ပြီး ထိုပိုက်လိုင်းများမှ တစ်နှစ်လျှင် ရေနံတန် ၁၂ ဘီလျံအထိ ပို့လွှတ်နိုင်မည်ဖြစ်သည်။

ဟက်တာ ၁၇၀၀ ပေါ်တွင် တည်ဆောက်ထားသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် ဖွံ့ဖြိုးမှု နည်းသော အနောက်ပိုင်းဒေသ အထူးသဖြင့် ရခိုင်ပြည်နယ်ကို စက်မှုဒေသအဖြစ် ရည်ရွယ်ပြီး တရုတ်နှင့် မြန်မာ ပူးတွဲအ ကောင်အထည် ဖော်နေသော စီမံကိန်းတစ်ခု ဖြစ်သည်။

မကြာသေးမီက နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ဖွံ့ဖြိုးမှု မရှိခြင်းသည် ရခိုင်ပြည်နယ်၏ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ အကြမ်းဖက်များအတွက် အဓိကအချက် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

နေပြည်တော်နှင့် မော်စကိုတို့သည် ပြီးခဲ့သည့်နှစ် ဇွန်လတွင် အရေးပါသော ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က မြန်မာနိုင်ငံ အနေဖြင့် မကြာမီ ကာလအတွင်း ရုရှားနိုင်ငံနှင့် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများသည် အမေရိကန် အကျိုးစီးပွားအတွက် စိုးရိမ်ပူပန်စရာ ဖြစ်သည်။

သြဂုတ် ၂၅ ရက်က အကြမ်းဖက် တိုက်ခိုက်မှုများ အပြီးတွင် ရုရှားနိုင်ငံရှိ သံတမန်များက မြန်မာစစ်တပ်၏ လုပ်ဆောင်မှုများကို ထောက်ခံခဲ့သည်။ မြန်မာ့နိုင်ငံ အရေးကို ဆွေးနွေးရန် ကျင်းပခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာစီလီနီဘန်ဇီယာက ယခုလို ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်က အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအပေါ် အာဆာအဖွဲ့မှာ တာဝန်ရှိကြောင်းနဲ့ ပတ်သက်ပြီး အကျိုးအကြောင်း အချက်အလက်တွေ လက်ခံ ရရှိခဲ့ပါတယ်။ လက်လုပ်မိုင်းတွေကို တွေ့ခဲ့ရပါတယ်။ သတင်း အချက်အလက်များအရ အစွန်းရောက် အကြမ်းဖက်သမားများဟာ နယ်စပ်ရွာများမှာ နေထိုင်တဲ့ ဟိန္ဒူလူမျိုးတွေကို သူတို့ နေထိုင်တဲ့ နယ်မြေတွေက ထွက်ခွာစေပြီး မွတ်စလင်တွေနဲ့ အတူ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးစေခဲ့ပါတယ်။ နောက်ထပ်ရတဲ့ သတင်းတွေကတော့ အကြမ်းဖက် သမားတွေဟာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးပြီး အဆိုပါ တိုက်ခိုက်မှုတွေထံမှ သက်သေတွေကို သိမ်းဆည်း ရရှိခဲ့ပါတယ်။

“အကြမ်းဖက် သမားများထံမှ ဓာတ်ပုံတွေလည်း သိမ်းဆည်း ရရှိခဲ့ပါတယ်။ သူတို့ဟာ အာဆာခေါင်းဆောင်ပိုင်းနဲ့ နိုင်ငံခြားမှ အထောက်အပံ့ ပေးနေသူတွေအတွက် သတင်း အချက်အလက်တွေ ပေးပို့နေတဲ့ပုံစံ ပေါ်ပေါက်နေပါတယ်။ နေပြည်တော်မှ ဖော်ပြတဲ့ သတင်းအချက်အလက်တွေနဲ့ အတည်ပြုတဲ့ သတင်းတွေအရ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု စတင် အကောင်အထည် ဖော်သူတွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ် ဖြစ်ပွားမှုကို အရှိန်အဟုန်မြင့် လုပ်ဆောင်ပြီး အစိုးရအပေါ် အပြစ်ပုံချဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်”။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ကုလလုံခြုံရေး ကောင်စီမှာ ပြင်းပြင်းထန်ထန် မြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ တိုက်တွန်းခဲ့သည်။ ပြင်သစ်သမ္မတ အေမန်နျူရယ် မက်ခရွန်ကလည်း မြန်မာအစိုးရကို လူမျိုးသုဉ်း သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲခဲ့သည်။ ရုရှားနိုင်ငံက အနောက်အုပ်စုကို အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဖို့ သတိပေးခဲ့သည်။ အမေရိကန်နိုင်ငံ၏ ဘင်္ဂါလီများကို ထောက်ခံမှုနှင့် ပတ်သက်၍ ပြောကြားရမည် ဆိုပါက ဘင်္ဂါလီ အကြမ်းဖက်သမားကို စီအိုင်အေက တစ်စိတ်တစ်ပိုင်း ထောက်ပံ့မှုများ ပေးနေကြောင်းကြောင့် ဖြစ်သည်။ သို့သော် အစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရန် လှုပ်ရှားနေသည့် အကြမ်းဖက် သမားများက ရခိုင်ပြည်နယ်ကို သိမ်းပိုက်နိုင်ခဲ့မယ် ဆိုပါက ထရန့်အစိုးရ အနေဖြင့် မည်ကဲ့သို့ တုံ့ပြန်မည်နည်း၊ အမေရိကန် အနေဖြင့် အကြမ်းဖက်မှုကို တစ်ဖက်မှနေ၍ ခိုးချောင်ခိုးဝှက် ထောက်ခံနေပြီး တစ်ဖက်တွင် စီအိုင်အေ မွေးထားသည့် အကြမ်းဖက် သမားများကို တိုက်ခိုက်ရန် အကူအညီများပေးလျက် ရှိသည်။

 

■ သတင်းတုများနှင့် မှားယွင်းသော သတင်းအချက်အလက်များ

ဘင်္ဂါလီ အဖွဲ့အစည်းများက ဥပမာ အများအပြား ကိုးကားပြီး သတင်းတုတွေကို ဖော်ပြလေ့ ရှိသည်။ မကောင်းမှုနှင့် အကျော်အကြားဆုံး ဥပမာ တစ်ခုက ၂၀၁၀ ပြည့်နှစ်က တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေကို မြှုပ်နှံရန် အကူအညီပေးသည့် ဗုဒ္ဓဘာသာ ဘုန်းကြီးပုံများ ဖြစ်သည်။ ဘင်္ဂါလီ ထောက်ခံသည့် အင်တာနက် ဝက်ဘ်ဆိုက်များက ဗုဒ္ဓဘာသာတွေသည် ဘင်္ဂါလီတွေကို သတ်ဖြတ်နေသည်ဟု ဆိုပြီး ပုံများကို ပြင်ဆင် ဖော်ပြကြသည်။ သတင်းတု ကိစ္စများ အားလုံးနှင့် ပတ်သက်၍ ယခု ဆောင်းပါးတွင် ဖော်ပြရန် အလွန် များပြားနေသည်။

မည်သို့ပင်ဖြစ်စေ ဘီဘီစီ သတင်းဌာနက သတင်းတု ဥပမာများကို ကောင်းကောင်းကြီး လုပ်ဆောင်ခဲ့သည်။ သို့သော် မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်တွင် ရှိနေသော ဘင်္ဂါလီ လူနည်းစု အပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုများကို ပြုလုပ်နေသည် ဆိုသည့် သီဝရီကို ထောက်ခံရန်အတွက် လိမ်လည်သည့် သတင်းတွေကို ဖြန့်ဝေနေသည်ဆိုသည့် အချက်ကို ဝန်ခံထားလင့်ကစား ဘီဘီစီ သတင်းဌာနကမူ လူမျိုးသုဉ်း သတ်ဖြတ်မှုများ အမှန်တကယ် ပြုလုပ်နေသည်ဟု စွပ်စွဲမှုတွေ ဆက်လက် ပြုလုပ်ခဲ့သည်။ သို့ပေမယ့် ယင်းစွပ်စွဲချက်များကို မှန်ကန်ကြောင်း ပြနိုင်သည့် သက်သေတစ်ခုမှ ထွက်ပေါ်လာခြင်း မရှိပေ။

သြဂုတ် ၂၅ ရက် တိုက်ခိုက်မှုများ အပြီးတွင် တူရကီ ဒုဝန်ကြီးချုပ် မီမက်ဆီမက်က ဘင်္ဂါလီတွေ အပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုများ ပြုလုပ်နေသည် ဆိုသည့် သတင်းတုတွေကို ဖြန့်ဝေခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ရခိုင်ကိစ္စတွင် ကြားဝင်ပေးဖို့ တောင်းဆိုခဲ့သည်။ မြန်မာ အစိုးရ ဘက်က သတင်းတုများနှင့် ပတ်သက်၍ အတည်ပြုပြီးသည့် နောက်တွင် စဉ်ဆက် အနေဖြင့် သတင်းမှားများ ဖြန့်ဝေခဲ့သည်ဟူသော အချက်ကို ဝန်ခံခဲ့ရသည့် အနေအထားသို့ ရောက်ရှိခဲ့သည်။

သြဂုတ် အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှာ AFP သတင်းဌာနက အကြမ်းဖက်မှုကြောင့် ထွက်ပြေးခဲ့ရသော မြန်မာတိုင်းရင်းသား ကျေးရွာများသည် ဘင်္ဂါလီများ ဖြစ်သည်ဆိုသည့် ဗီဒီယို အထောက်အထားကို ဖြန့်ဝေခဲ့သည်။ ထို့နောက်တွင် AFP သတင်းဌာနက မိမိတို့သတင်း မှားယွင်းကြောင်း ဝန်ခံခဲ့ရသည်။

အကြမ်းဖက်မှုကြောင့် ထွက်ပြေးရသည့် ရွာသားတွေကို ဘင်္ဂါလီဟု မှားယွင်းဖော်ပြသည့် သတင်းမှာ တစ်ခုတည်းသာ မဟုတ်ခဲ့ပေ။

ဟိန္ဒူရွာသား အများအပြားက မိမိတို့ကို ဘင်္ဂါလီများဟု ခေါ်ဆိုခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ဤနေရာ၌ ဘင်္ဂါလီဆိုသည့် အသုံးအနှုန်းသည် ပြည်ပရှိ အေဂျင်စီများနှင့် သတင်းအဖွဲ့အစည်းများနှင့် ဆက်နွှယ်မှု ရှိနေသော တက်ကြွလှုပ်ရှားသူများကသာ ခေါ်ဆိုသည့် အသုံးအနှုန်း ဖြစ်သည်။

ဘင်္ဂါလီ မွတ်စလင်များက မိမိကိုယ် မိမိ ‘ဘင်္ဂါလီ’ များဟု ခေါ်ဝေါ်ခြင်း မရှိကြပေ။ ဘင်္ဂါလီ မွတ်စလင်များ အနေဖြင့် ယင်း အခေါ်အဝေါ်ကို မည်သည့် အခါကမှ သုံးစွဲခဲ့ခြင်း မရှိ ဆိုသည့် အကြောင်းကို မကြာမီကပင် ထုတ်ဖော် ပြောခဲ့ကြသည်။

အနောက်နိုင်ငံမှ မီဒီယာများ အနေဖြင့် အကြမ်းဖက် အုပ်စုများ၏ သတ်ဖြတ်ခြင်း ခံရသော မိသားစု အပါအဝင် မျက်မြင်သက်သေများကို ယခုအချိန်အထိ တွေ့ဆုံမေးမြန်းခြင်း မရှိသေးပေ။

ဟိန္ဒူ အမျိုးသမီး တစ်ယောက်က မြန်မာ သတင်းထောက် တစ်ယောက်ကို ယခုလို ပြောကြားခဲ့သည်။

“အဲဒီနေရာမှာ အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ အာဆာ အကြမ်းဖက် သမားတွေ ရောက်လာကြတယ်။ အကြမ်းဖက် သမားတွေရဲ့ မျက်လုံးတွေကိုပဲ မြင်ရတယ်။ ကျွန်မတို့ကို ဖမ်းသွားတယ်။ သူတို့မှာ ဗုံးတွေ၊ ပုဆိန်တွေ၊ ဓားတို၊ ဓားရှည်တွေနဲ့ ကျည်ဆန်တွေ ပါတယ်။ ကျွန်မတို့ကို အခြား တစ်နေရာမှာ ဖမ်းဆီး ချုပ်နှောင်ထားတယ်။

ကျွန်မတို့ မိသားစု တစ်ယောက်ပြီး တစ်ယောက်ကို သတ်ဖြတ်တယ်။ အချို့ မွတ်စလင်တွေက သူ့ကို သတ်ဖို့ အမိန့်ပေးတယ်။ ကျွန်မ ယောက်ျား၊ ယောက္ခမ၊ ယောက်မ တစ်ယောက်ကိုလည်း ကျွန်မ မျက်စိရှေ့မှာပဲ သတ်ဖြတ်တယ်။ ကျွန်မ ယောင်းမရဲ့ သားတွေထဲက တစ်ယောက်ကို မွတ်စလင်တွေ၊ အာဆာ အကြမ်းဖက် သမားတွေက ခေါ်ဆောင်သွားတယ်”။

အနောက် မီဒီယာများ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် စိုးရိမ်ကြောင်း စွပ်စွဲမှုတွေ ပြုလုပ်နေကြပေမယ့် ဟိန္ဒူ အမျိုးသမီး အပါအဝင် အခြားသူတွေ အကြမ်းဖက် တိုက်ခိုက်ခံရသော သတင်းဆိုးများကို မျက်ကွယ် ပြုထားကြသည်။ ဤသို့ ပြုလေခြင်းမှာ လူသတ်သမားများသည် သူတို့၏ အယ်ဒီတာ စံနှုန်းများနှင့် မကိုက်မှုများ ရှိနေခြင်းကြောင့် ပင်လော။

နောက်ထပ် အင်တာနက်တွင် တင်ထားသည့် ဗီဒီယိုဖိုင် တစ်ခု ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းကို ခံနေရသော ရခိုင် ဗုဒ္ဓသာသာဝင် တစ်ဦးနှင့် သူ့မိသားစုအကြောင်း ဖြစ်သည်။

သူက မိမိတွင် မွတ်စလင် သူငယ်ချင်းများ ရှိကြောင်း သို့သော် ယခု အချိန်တွင် ရခိုင်မှာ ရှိသော မွတ်စလင် အသိုင်းအဝိုင်းကို ဆက်ပြီး မယုံတော့ကြောင်း ပြောပြသည်။ ထိုပုဂ္ဂိုလ်များကို စော်ကားသည့် အသုံးအနှုန်း ခေါ်မှုက လွယ်ကူသည် သို့ပေမယ့် တစ်ကမ္ဘာလုံးရှိ မွတ်စလင် အသိုင်းအဝိုင်းက ဘင်္ဂါလီ မွတ်စလင်များကို လူမျိုးသုဉ်း သတ်ဖြတ်နေမှုကို ရပ်တန့်ဖို့ တောင်းဆိုမှုနှင့်အတူ ဘာသာရေး မုန်းတီးမှုများ ကြီးထွားခြင်း တားဆီးရန် မလွယ်ပေ။ ယင်းဗီဒီယိုဖိုင်က ဆိုးရွားသည့် လူမျိုးစု ပြဿနာ အဖြစ်မှန်ကို ပြသနေသည်။ ဤနေရာတွင် ကြောက်ရွံ့မှုနှင့် အမုန်းတရားက လူတွေကို သတ်ဖြတ်ပစ်နိုင်သည်။

အနောက်နိုင်ငံရှိ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက မြန်မာအစိုးရကို အကြမ်းဖက် သမားတွေနဲ့ ပေါင်းသည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်းကလည်း မိမိတို့၏ ထောက်ပံ့မှုများသည် အကြမ်းဖက် သမားများဆီသို့ ရောက်သွားကြောင်း အတည်ပြုခဲ့သည်။ အကြမ်းဖက် သမားများနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၏ အစည်းအဝေး လုပ်ဆောင်နေသည့် ဓာတ်ပုံများ ထွက်ပေါ်ခဲ့သည်။ အနောက်နိုင်ငံရှိ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက အပြစ်မဲ့သော အရပ်သားများနှင့် ပတ်သက်ပြီး ဂရုမစိုက်ခဲ့ပေ။ မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံများက မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဝါဒဖြန့်ချိမှုသည် ကြီးမားသည့် သတင်းမှား ဖြန့်ချိမှု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုခဲ့သော စကားသည် အမှန်ကန်ဆုံး စကားလုံးဟု ဆိုရပေလိမ့်မည်။

အောက်တိုဘာ ၂၅၊ ၂၀၁၇ ရက်စွဲပါ American Herald Tribune မှ Gearoid O Colmain ၏ The Rohingya: Imperialism's New Cause; (Part 2) ကို မြန်မာပြန်ဆိုထားခြင်းဖြစ်ပြီး မူရင်းဆောင်းပါးတွင် ဘင်္ဂါလီကို ရိုဟင်ဂျာဟု ရေးသားထားသည်။

(ဆောင်းပါးရှင် Gearoid O Colmain သည် American Herald Tribune ၏ ပါရီရုံးခွဲမှ ဂျာနယ်လစ်၊ နိုင်ငံရေး လေ့လာဆန်းစစ်သူ တစ်ဦးဖြစ်သည်။ သူသည် ကမ္ဘာလုံးဆိုင်ရာ ဆက်စပ်ပြောင်းလဲမှု၊ ပထဝီနိုင်ငံရေးနှင့် လူတန်းစားတိုက်ပွဲ အကြောင်းကို အသားပေးပြီး ရေးသားသူဖြစ်သည်။ သူ၏ ဆောင်းပါးများကို ဘာသာ အမျိုးမျိုးသို့ ပြန်ဆိုပြီး ဖြစ်သည်။ သူသည် Global Research၊ Russia Today International၊ Press TV၊ Sputnik Radio France၊ Sputnik English၊ Al Etijah TV၊ Sahar TV English၊ Sahar French နှင့် Al Jaseera သတင်းဌာနများတွင် သတင်းဆောင်းပါးများ ပုံမှန်ရေးသားနေသူ ဖြစ်သည်။)