ရွှေ့ပြောင်းလုပ်သားများနှင့် ဦးနှောက်ယိုစီးမှု ပြဿနာ

ရွှေ့ပြောင်းလုပ်သားများနှင့် ဦးနှောက်ယိုစီးမှု ပြဿနာ
Published 6 October 2017

ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာ့ ရွှေ့ပြောင်းလုပ်သားများအား မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအနီး သြဂုတ်လက တွေ့ရစဉ်

လူ့သမိုင်းအစကို ပြန်ကြည့်လျှင် လူသားများသည် တစ်ဦးတည်း သီးသန့်နေထိုင်လေ့မရှိဘဲ အစုအဖွဲ့အဖြစ် နေထိုင်လေ့ရှိကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ထိုသို့ အစုအဖွဲ့အဖြင့် နေထိုင်ခြင်းမှသည် လူမှုအဖွဲ့အစည်းများ အခိုင်အမာ ဖြစ်ပေါ်လာပြီး လူ့သမိုင်းကြောင်းဖြစ်စဉ်သည်လည်း ခေတ်အဆက်အဆက် တိုးတက်ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်များထဲတွင် လူသားများအနေဖြင့် မိမိနေထိုင်ရာဒေသမှ ပိုမိုကောင်းမွန်သောနေရာ ဒေသအသီးသီးသို့ ရွှေ့ပြောင်းသွားလာ အခြေချ နေထိုင်တတ်လေ့ရှိကြောင်းကိုလည်း သမိုင်းမှတ်တမ်းများတွင် အခိုင်အမာ တွေ့ရှိရမည် ဖြစ်ပါသည်။

ရွှေ့ပြောင်းသွားလာခြင်းဆိုသည်မှာ လူတို့သည် ဘဝရပ်တည်ရန် (သို့မဟုတ်) ဝင်ငွေ ပိုမိုရရှိရန်အတွက် မိမိတို့ နေထိုင်ရာ ဒေသမှ အခြားနေရာဒေသများသို့ ခေတ္တဖြစ်စေ၊ အမြဲတမ်းဖြစ်စေ ရေကြည်ရာ မြက်နုရာသို့ တရားဝင် (သို့မဟုတ်) တရားမဝင် သွားရောက်ရွှေ့ပြောင်း နေထိုင်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ပညာရှင်အချို့က အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကြောင့် နိုင်ငံတကာသို့ အထူးသဖြင့် အိမ်နီးချင်နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အခြားအာရှနိင်ငံများသို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုသွားရောက် လုပ်ကိုင်လျက် ရှိကြပါသည်။

ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာအဖွဲ့၏ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော အချက်အလက် ကိန်းဂဏန်းများအရ ထိုင်းနိုင်ငံ တစ်နိုင်ငံတည်း၌ပင် မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း ၂ ဒသမ ၃ သန်းခန့်ရှိပြီး ထက်ဝက်ခန့်ကသာ တရားဝင် အလုပ်လုပ်ပိုင်ခွင့်ရှိကြောင်း သိရပါသည်။ အခြားသော ကိန်းဂဏန်းများအရ မလေးရှားနိုင်ငံတွင် ခုနစ်သိန်းခန့်၊ စင်ကာပူနိုင်ငံတွင် တစ်သိန်းမှ နှစ်သိန်းကြားရှိနေသည်ကို သိရှိရပါသည်။ ထိုသို့ ရွှေ့ပြောင်းရာတွင် အလုပ်သမား အများစုသည် ၎င်းတို့အလုပ်အကိုင်အသစ် နေရာအသစ်များ၏ အခြေအနေကို ဂဃနဏ မသိရှိဘဲ သူစိမ်းတစ်ရံအပေါ်တွင် မှီခိုအားထားရလေ့ ရှိပါသည်။ ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်း သွားလာကြသူ အသိုင်းအဝိုင်း (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံမှ တခြားနိုင်ငံတစ်ခုခုသို့ နယ်စပ်မှ ဝင်ရောက် ဖြတ်သန်းသွားကြသည့်အခါတွင် ရောထွေးရှုပ်ထွေးလှသော ပြဿနာများ ဖြစ်တည်လာပါတော့သည်။ အထူးသဖြင့် ရွှေ့ပြောင်းသွားလာမှုနှင့် ဆက်စပ်သက်ဆိုင်နေသော တရားမဝင် ရွှေ့ပြောင်းသွားလာမှုများတွင် ထင်ရှားစွာ သိမြင်နိုင်ပါသည်။

ရွှေ့ပြောင်း အလုပ်သမားများနှင့် ၎င်းတို့မိသားစုများတို့နှင့် သက်ဆိုင်သော အခွင့်အရေးများကို ကာကွယ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ အများသဘောတူညီချက် တစ်ခု (ICRMW) ကို ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကုလသမဂ္ဂမှ ချမှတ်နိုင်ခဲ့ပါသည်။ ယနေ့အထိ အဆိုပါ သဘောတူညီချက်ကို နိုင်ငံပေါင်း ၄၄ နိုင်ငံက ပါဝင်လက်မှတ်ထိုးရန် ဆုံးဖြတ်ထားကြပြီး ၁၅ နိုင်ငံကသာ လက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။ လက်မှတ်ရေ ထိုးထားသော နိုင်ငံအများစုသည် ရွှေ့ပြောင်းအလုပ်သမားများ တင်ပို့သည့် နိုင်ငံမှာ အများစုဖြစ်ကြောင်း တွေ့ရပါသည်။

ဘဝရပ်တည်ရန်နှင့် ဝင်ငွေပိုမိုရရှိရန် ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်းသွားလာရာတွင် အကြောင်းရင်းများစွာရှိကြောင်း သတိပြုမိဖို့ လိုအပ်ပါမည်။ အထူးသဖြင့် တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ၊ ခေတ္တဖြစ်စေ၊ အမြဲတမ်းဖြစ်စေ ရွှေ့ပြောင်းသွားလာခြင်း ပြုလုပ်ရာတွင် တွန်းအားများ ရှိနေကြောင်း တွေ့မြင်ရလိမ့်မည်။ တွန်းအားများဖြစ်သည့် စီးပွားရေးမကောင်းခြင်း၊ အလုပ်အကိုင် နည်းပါးခြင်းနှင့် တိုးတက်မှုမရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ပွဲများ၊ ပဋိပက္ခများနှင့် အခြားအရေးအရာ ကိစ္စများအစရှိသည့် တွန်းအားများနှင့် စီးပွားရေးကောင်းမွန်ခြင်း၊ အလုပ်အကိုင် ဝင်ငွေတိုးတက် ကောင်းမွန်မှုရှိခြင်း၊ သဘာဝပတ်ဝန်းကျင် သယံဇာတ ကောင်းမွန်ပေါများခြင်း၊ နိုင်ငံရေး တည်ငြိမ်ခြင်း၊ ပိုမိုကောင်းမွန်သော အခွင့်အလမ်း မျှော်လင့်ချက် အစရှိသည့် ဆွဲအားများအပေါ်တွင် ရွှေ့ပြောင်းသွားလာခြင်းများသည် ဆက်စပ်မူတည်နေကြောင်း သတိပြုမိလျှင် သိနိုင်ပါသည်။

ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်မြင့်လာသည်နှင့်အမျှ အရေးကြီးသော ဖြစ်ထွန်းမှု နှစ်ရပ်ဖြစ်သည့် အလုပ်စီးဆင်းမှု (Job Flow) နှင့် လုပ်အားစီးဆင်းမှု (Labour Flow) သည် အရှိန်မြန်စွာ ပေါ်ထွက်လာနေကြောင်း တွေ့ရပါသည်။ အလုပ်စီးဆင်းမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခြင်းနှင့် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများ မွေးဖွားလာစေခြင်း အစရှိသည့် အပေါင်းလက္ခဏာများ ဖြစ်သည်ဟု ယူဆကြသူများပါသည်။ သို့ရာတွင် သတိပြုရမည်မှာ လုပ်အားစီးဆင်းမှုများမှာ ပြဿနာများကို စဦးမွေးဖွားစေနိုင်သည့် အနုတ်လက္ခဏာလည်း များစွာရှိကြောင်းကိုလည်း သတိပြုမိရန်လည်း လိုအပ်ပါမည်။

အလုပ်စီးဆင်းမှု သဘောတရားမှာ အလုပ်က လုပ်အားများ ရှိရာသို့ စီးလာခြင်း ဖြစ်ပါသည်။ ဥပမာ အမေရိက၊ ဥရောပ၊ အာရှတို့မှ ဖွံ့ဖြိုးပြီးနိုင်ငံများမှ စက်ရုံအလုပ်ရုံ ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံနှင့် စားသုံးသူ လိုအပ်ချက်များရှိနေသည့် ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံများသို့ရောက်ရှိ စီးဝင်လာသည့် Outsourcing ကို ဆိုလိုပါသည်။ အလုပ်စီးဆင်းမှု ရလဒ်အဖြစ် တရုတ်နိုင်ငံသည် စီးပွားရေးအရ အင်အားကောင်းလာပြီး ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကိုးရီးယားနိုင်ငံများသည် ဖွံ့ဖြိုးရေးနယ်ပယ်တွင် အားကောင်းသည့် အနေအထားသို့ တက်လှမ်းနိုင်ခဲ့ပါသည်။ အထူးသဖြင့် အာရှကျားများကို အတောင်တပ်ပေးခြင်းနှင့် ဆင်တူနေပါသည်။ နောက်တစ်ချက်မှာ ဦးနှောက်ယိုစီးမှု (Brain Drain) ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်သော ဦးနှောက်ပြန်စီးမှု (Brain Gain) ကို ဖန်တီးရာလည်း ရောက်သောကြောင့် အပေါင်းလက္ခဏာဟု ယူဆသူများ ရှိနေခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင် အာရှနိင်ငံများထဲတွင် ဦးနှောက်ယိုစီးမှု အများဆုံး နိုင်ငံတစ်နိုင်ငံဟု ဆိုရပါသည်။ မအောင်မြင်သော စီမံကိန်းအလွဲများကြောင့် ပညာတတ်၊ ပညာရှင်အတော်များများသည် နိုင်ငံရပ်ခြားများသို့ ရောက်ရှိနေပြီး ပြည်ပနိုင်ငံများတွင် ပညာရှာနိုင်သော ပညာရှင်အတော်များများသည်လည်း အမိမြေသို့ ပြန်မလာဘဲ ဆိုက်ရောက်ရောက်ရာ နိုင်ငံများတွင် အခြေချပြီးစီးပွားရေး လုပ်ကိုင်နေသူ အများကြီး ရှိနေပါသည်။ ဦးနှောက်ပြန်စီးမှု၏ ဆိုလိုရင်းမှာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် စွမ်းအားမြင့် လုပ်သားများနှင့် ပညာရှင်များသည် အလုပ်စီးဆင်းမှု အခွင့်အလမ်းများကြောင့် အဝေးရောက်ပညာတတ်များ၊ စွမ်းအားမြင့် လုပ်သားများ၊ ပညာရှင်များသည် အမိမြေ ပြန်ရောက်လာပြီး ပြန်လည်အကျိုးပြုခြင်းကို ဆိုလိုပါသည်။ အကြောင်းကြောင်းကြောင့် အမိမြေ (သို့မဟုတ်) အိမ်သို့ ပြန်မလာနိုင်သေးလျှင် အဝေးနေရာမှ ပညာဖြင့်သော်လည်ကောင်း၊ ငွေကြေးအရင်းအနှီးဖြင့်သော်လည်ကောင်း၊ အဆက်အသွယ်ဖြင့် သော်လည်ကောင်း ပြန်လည်ကျေးဇူးပြုလာခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

လုပ်အားစီးဆင်းမှုမှာ လုပ်အားက အလုပ်ရှိရာသို့ လာရသည့်သဘောဖြစ်ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် တက်လှမ်းနေသော နိုင်ငံများသည် စီးပွားရေးတိုးတက်မှုအဆင့် တစ်ခုသို့ ရောက်လာသောအခါတွင် ပြည်တွင်းရှိ ဈေးချို၊ ဈေပေါသော လုပ်အားကို မရရှိနိုင်သည့်အခါတွင် အခြားနိုင်ငံများမှ လုပ်အားကို တင်သွင်းလာကြပါသည်။ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်အားခ ပိုမိုကောင်းမွန်သည့် အခွင့်အလမ်း မျှော်လင့်ချက်များစွာဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနှင့် အခြားဖွံ့ဖြိုးပြီး နိုင်ငံများရှိ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများဆီသို့ သွားရောက် လုပ်ကိုင်နေခြင်းသည် လုပ်အားက အလုပ်ရှိရာသို့လာသည့် လုပ်အားစီးဆင်းမှု ဥပမာတစ်ခုလည်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင်းသို့ လာရောက်အလုပ် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမား နှစ်သန်းခန့်၏ လုပ်အားသည် ထိုင်းကုန်ထုတ်လုပ်မှု ကဏ္ဍ၏ ကိုးရာခိုင်နှုန်း အထိရှိနေပြီး ထိုင်းအလုပ်သမားများသည် 3 D ဟုခေါ်သည့် အန္တရာယ်များ (Dangerous)၊ ညစ်ပတ်ပေရေပြီး သန့်ရှင်းစင်ကြယ်မှုမရှိ (Dirty)၊ တောင်းဆိုမှုများ (Demanding) တို့ကို လုပ်ကိုင်နေရကြောင်း သိရပါသည်။

အထူးသဖြင့် ထိုင်းနိုင်ငံ၌ တရားမဝင် အလုပ်သမားများတွင် မြန်မာအလုပ်သမား ရာခိုင်နှုန်း ၆၀ အထိရှိနေပြီး ၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက်တွင် အတည်ပြုလိုက်သော ထိုင်းအလုပ်သမား ဥပဒေအသစ်အရ ထိုင်းတွင် တရားမဝင် အလုပ်သမားများ ခန့်ထားသော အလုပ်ရှင်များကို ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ရာ တရားမဝင် အလုပ်သမားများဖြင့် လည်ပတ်နေသော စားသောက်ဆိုင်များနှင့် ဟိုတယ်များသည်လုပ်ငန်းများ ထိခိုက်နိုင်ပါသည်။ အဆိုပါလုပ်ငန်းများတွင် လုပ်ဆောင်နေသော လုပ်သားများသည်လည်း ပြည်တော်ပြန်ရမည့် အနေအထား ဖြစ်လာပါသည်။ အဆိုပါ ဥပဒေကို အကောင်အထည်ဖော်သည်နှင့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှ တရားမဝင်အလုပ်သမား နှစ်သိန်းခွဲကျော် နေရပ်ပြန်သွားခဲ့ပြီး အလုပ်သမား ပြတ်လပ်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသော အချို့စားသောက်ဆိုင်ငယ်များ အလုပ်သမားမရှိသဖြင့် ပိတ်လိုက်ရကြောင်း ထိုင်းစားသောက်ဆိုင်များအသင်းက ပြောကြားကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော စားသောက်ဆိုင် နှစ်သိန်းကျော်တွင် တရားမဝင် အလုပ်သမား အရေအတွက်မှာ အနည်းဆုံး သုံးသိန်းကျော် ရှိနေပြီး တရားမဝင် အလုပ်သမားများ၏ ရာနှုန်း ၆၀ ကျော်မှာ မြန်မာများဖြစ်ပါသည်။ ကျန်သည့် ရာခိုင်နှုန်း ၄၀ သည် လာအို၊ ဗီယက်နမ်နှင့်၊ ကမ္ဘောဒီးယားများတို့မှ ဖြစ်ကြောင်း ထိုင်းစားသောက်ဆိုင်များအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်းလည်း သိရပါသည်။

ထိုင်းနိုင်ငံတွင် နိင်ငံခြားရွှေ့ပြောင်း အလုပ်သမား ၁၀ သန်းခန့်ရှိပြီး သုံးသန်းခန့်သာလျှင် တရားဝင် အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားကြောင်း သိရပါသည်။ ထိုင်းနိုင်ငံတွင် ဟိုတယ် ၁၈၀၀၀ ကျော်ရှိပြီး ၈၀၀၀ ခန့်သာ တရားဝင် ဟိုတယ်လိုင်စင်ဖြင့် ဖွင့်လှစ်ထားပြီးကျန် ၁၀၀၀၀ ကျော်မှာ တရားမဝင်ဟိုတယ်များ ဖြစ်ပါသည်။ ထို့ပြင် တည်းခိုခန်း၊ ကွန်ဒိုတိုက်ခန်း၊ နေအိမ်တို့တွင်လည်း တရားမဝင် နိုင်ငံခြားသား ခရီးသွားများနေထိုင်ရန် ငှားရမ်းထားကြောင်း သိရပါသည်။ ထိုအချက်များကို ကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အသက်ကယ် မျှော်လင့်ချက် ဖြစ်သကဲ့သို့ နောက်ဆုံးတိုက်ပွဲလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မိမည် ဖြစ်ပါသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ပြဿနာတစ်ရပ်မှာ လုပ်အားစီးဆင်းမှုအပိုင်းတွင် ဦးနှောက်ပြန်စီးမှုဘက်ကို မျှော်လင့်ရန် ယခုအချိန်ထိ အခွင့်အလမ်း နည်းပါးနေဆဲပင် ဖြစ်ပါသည်။ အထူးသဖြင့် ပြည်ပနိုင်ငံများတွင် အကြောင်းရင်း အမျိုးမျိုးကြောင့် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း လုပ်သားများကို ဒေသခံအလုပ်အင်အားစုများက သဘောတွေ့မှုအပိုင်းတွင် အားနည်းချက်များစွာ ရှိနေသကဲ့သို့ သက်ဆိုင်ရာ အစိုးရများကလည်း စနစ်တကျ စီစဉ်ပေးမှု အပိုင်းတွင် အားနည်းချက်များစွာ ရှိနေဆဲ ဖြစ်ပါသည်။ နောက်တစ်ချက်မှာ ပြည်ပနိုင်ငံများတွင် အကြောင်ရင်းအမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ရောက်ရှိနေသော တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အကာအကွယ်ပေးနိင်မှု အပိုင်းတွင်လည်း လိုအပ်ချက်များစွာ ရှိနေကြောင်း တွေ့ရပါလိမ့်မည်။ တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သားများသည်ပင် နေရာဒေသအစုံတွင် ပုံစံအမျိုးမျိုးဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရဆဲ ဖြစ်ပါသည်။ ခက်ခက်ခဲခဲ ရုန်းကန်နေကြရသော မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီစနစ် အစဦးဖြစ်ကာစ နိုင်ငံများအတွက် အဆိုပါ ပြဿနာများမှာ ဘူးလေးရာ ဖရုံဆင့်သကဲ့သို့ ဖြစ်နေပါသည်။

မျှော်လင့်ချက်အနေဖြင့် အချို့သော စီးပွားရေးစီမံကိန်းများတွင် ယခုနောက်ပိုင်း အလုပ်စီးဆင်းမှု ရေစီးနှင့်အတူ ပြည်တော်ပြန်များအတွက် အခွင့်အလမ်းအချို့ ရှိနေပြီး ဖြစ်သော်လည်း ပညာရေးချို့တဲ့ အားနည်းသော အဝေးရောက် အခြေခံရွှေ့ပြောင်း အလုပ်သမားများအတွက်မူကား ဘဝဒုက္ခပင်လယ်ပြင်ကြီးတွင် ကမ်းမမြင် လမ်းမမြင် မရေမရာ ကူးခတ်နေရဆဲဖြစ်သည်ကိုလည်း တွေ့ရပါမည်။ မြန်မာနိုင်ငံ အနေဖြင့် ဖြေရှင်းရန် နည်းလမ်းတစ်ခုမှာ မြန်မာနိုင်ငံတွင်းသို့ နိုင်ငံတကာမှ လုပ်ငန်းများ၊ အထူးသဖြင့် နည်းပညာများ စီးဝင်လာစေရန်နှင့် ပညာတတ် အလုပ်သမား အင်အားစုမျိုးဆက်သစ် လူငယ်များကို စွမ်းရည်မြင့်မားစွာ အရည်အချင်းရှိရှိ မွေးထုတ်နိုင်ရန်ပင် ဖြစ်ပါသည်။ အဆိုပါ ကိစ္စရပ်များကို ရေတိုရေရှည် စီမံကိန်းများ ချမှတ်လုပ်ဆောင်ခြင်းအားဖြင့် အချိန်ကို အကျိုးရှိစွာဖြင့် အသုံးချကာ ထိထိမိမိ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ အရည်အသွေး ပြည့်ဝသည့် မျိုးဆက်သစ်များ မွေးထုတ်ခြင်း၊ အရည်အသွေးမြင့် လူ့စွမ်းအား အရင်းအမြစ်များ ပြည်တော်ပြန်နိုင်ရေးအတွက် ကြိုးပမ်းရမည့်နည်းတူ ယခု လက်ရှိဖြစ်ပေါ်နေသည့် ဦးနှောက်ယိုစီးမှု ပြဿနာကိုလည်း ဖြေရှင်းရဦးမည် ဖြစ်ပါသည်။

Ref : (၁) ဝင်းနိုင်ထွန်း - နယ်စပ်မှ အခမဲ့ကူလီ (၂) ဘန်ကောက်ပို့စ်

Most Read

Most Recent