ဒေသခံတိုင်းရင်းသားများနည်းတူ ဟိန္ဒူဘာသာဝင်များ စတေးခံခဲ့ရသည့် ရခိုင်အရေး

ဒေသခံတိုင်းရင်းသားများနည်းတူ ဟိန္ဒူဘာသာဝင်များ စတေးခံခဲ့ရသည့် ရခိုင်အရေး
Published 1 October 2017

တူးဖော်တွေ့ရှိထားသည့် ဟိန္ဒူဘာသာဝင်များ၏ အလောင်းများရှေ့တွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့ကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (Photo - AFP)

မြင်ကွင်း (၁)

“အဖေပါသွားတယ်။ အမေပါသွားတယ်။ သမီးပါသွားတယ်။ အားလုံးပါသွားတယ်။ ကျွန်မတစ်ယောက်တည်း။ သေချင်တယ်” ဟု ဆွေမျိုးတော်စပ်သူတွေရဲ့ ရုပ်အလောင်းကို လက်ညှိုးညွန်ပြပြီး ဒေါ်ရှော်ရွတ်မနားက ငိုကြွေးရင်း ပြောကြားသည်။

ဒေါ်ရှော်ရွတ်မနား၏ ဆွေမျိုးများမှာ သြဂုတ် ၂၅ ရက်က ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ မောင်တောမြို့အား စတင်တိုက်ခိုက်သည့် အချိန်မှစ၍ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးသူများအား ပြန်တွေ့သည့်အချိန်တွင် မြေကြီးအတွင်းလဲလျောင်းနေသည့် အသက်ဝိညာဉ်ကင်းမဲ့နေသော ခန္ဓာကိုယ်များအဖြစ်သာ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဒေါ်ရှော်ရွတ်မနား ကဲ့သို့ပင် တူးဖော်တွေ့ရှိသည့် အလောင်းများအနားတွင် ဆွေမျိုးမိသားစုဝင် ဟိန္ဒူအမျိုးသမီး ၂၀ ခန့် ငိုကြွေးနေသည်ကို တွေ့ရသည်။ တူးဖော်တွေ့ရှိထားသည့် အလောင်းများကို မြေပြင်တွင် အဖုံးအကာမရှိ၊ ထုပ်ပိုးထားခြင်းမရှိဘဲ တန်းစီထားသည်ကို တွေ့ရသည်။ သတ်ဖြတ်မြေမြှုပ် ခံထားရသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် ရုပ်အလောင်းများကို မည်သူမည်ဝါခွဲခြားရန် ခက်ခဲသော်လည်း ဟိန္ဒူအမျိုးသမီးအများစုမှာ မိမိ၏ ဆွေမျိုးသားချင်းများ ခွဲခြားနိုင်သည်ကို တွေ့ရသည်။ အချို့သော ရုပ်အလောင်းအနည်းငယ်မှာ မည်သူ၏ ရုပ်အလောင်းဟု ခွဲခြားနိုင်ခြင်း မရှိတော့ချေ။။

ဖြစ်စဉ် (၂)

စစ်တွေမြို့ ဓညဝတီ အားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် ဟိန္ဒူဘာသာဝင် ကယ်ဆယ်ရေး စခန်းအတွင်း ခိုလှုံလျက်ရှိသော ဟိန္ဒူဘာသာဝင်များမှာ ပျောက်ဆုံးနေ သူများအား ရှာဖွေလျက်ရှိသည့် အဖွဲ့၏ ဖုန်းခေါ်သံအား စက်တင်ဘာ ၂၅ ရက်တွင် စောင့်ဆိုင်းလျက်ရှိသည်။ ဖုန်းစောင့်နေသူများအနက် တချို့မှာ ငိုကြွေးနေသည်ကို တွေ့ရပြီး အချို့မှာ မျက်နှာမသာမယာနှင့် ငူငူငိုင်ငိုင်ထိုင်နေကြသည်။

ကယ်ဆယ်ရေးစခန်းအတွင်း ရောက်ရှိနေသူများမှာ ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်မရဘဲ နေသည်မှာ စက်တင်ဘာ ၂၅ ရက်တွင် တစ်လတင်းတင်း ပြည့်ပြီဖြစ်သည်။ ညနေ ၅ နာရီခန့်တွင် ရှာဖွေရေးအဖွဲ့၏ ဖုန်းသံပေါ် ထွက်လာပြီးနောက်တွင် ဟိန္ဒူအမျိုးသမီးကြီးတစ်ဦး၏ ရှိုက်ကြီးတငင် ငိုကြွေးသံမှာ စခန်းအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ သူမငိုကြွေးသံ၏နောက်တွင် အလားတူအသံများလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။

“ဒီကနေ့ (စက်တင်ဘာ ၂၆ ရက်) အလောင်း ၁၇ လောင်းတွေ့ပါတယ်။ အဲဒီအထဲမှာ သူ့သားနှစ်ယောက်လုံး ပါပါတယ်။ ဒါကြောင့် ဝမ်းနည်းပြီးငိုတာပါ။ သူ့ရဲ့ချွေးမကလည်း ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့ အထဲမှာပါတယ်” ဟု ငိုကြွေးနေသည့် အမျိုးသမီးကြီးကို ညွှန်ပြရင်း ဟိန္ဒူဘာသာဝင် ဦးကျော်ကျော်နိုင်က ပြောကြားသည်။

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တစ်ကျော့ပြန်တိုက်ခိုက်မှု စတင်ခဲ့သည့် သြဂုတ် ၂၅ ရက်မှ စတင်ရေတွက်ပါက တစ်လတင်းတင်းပြည့်သည့် စက်တင်ဘာ ၂၅ ရက်တွင် ဟိန္ဒူဘာသာဝင် ၁၇ ဦး၏အလောင်းများ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် စက်တင်ဘာ ၂၄ ရက်တွင် ဟိန္ဒူဘာသာဝင်အလောင်း ၂၈ လောင်း တူးဖော်တွေ့ရှိခြင်းကြောင့် စုစုပေါင်းအလောင်း ၄၅ လောင်း တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလောင်းများအား မောင်တောမြို့နယ် မြောက်ပိုင်းခမောင်းဆိပ်မြို့အနီးမှာရှိသည့် ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက် တောင်ကမူဘေးနားတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်းများမှာ တစ်လနီးပါးခန့် မြေမြှုပ်ထားသည့်အတွက် ရုပ်အလောင်းအများစုမှာ ပုံသဏ္ဌာန် ပျက်ယွင်းလျက်ရှိသော်လည်း အလောင်းများတွင် ဝတ်ဆင်ထားသည့် အင်္ကျီ၊ လက်ဝတ်လက်စားတို့အား ကြည့်ရှုကာ ဆွေမျိုးသားချင်းများက ခွဲခြားနိုင်ခဲ့ခြင်း ဖြစ်သည်။

ဟိန္ဒူအလောင်းတွေကို ဘယ်လိုတွေ့ခဲ့လဲ

ရခိုင်မြောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မောင်တောမြို့နှင့် မောင်တော မြို့ပတ်ဝန်းကျင်ကျေးရွာများတွင် နေထိုင်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

ထိုသို့ နေရပ်စွန့်ခွာထွက်ပြေးရသူများတွင် ဌာနေရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင် မရမာကြီးတို့လည်း စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း အချို့မှာ ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသူများလည်း ရှိသည်။ ထိုသို့သေဆုံးခဲ့ရသူများ၏ အလောင်းများမှာ စက်တင်ဘာလ ကုန်ပိုင်းတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်တွေမြို့သို့ ရောက်ရှိနေသော မောင်တော (၄) မိုင်မှ ဟိန္ဒူ ဘာသာဝင်များကူညီရေးခေါင်းဆောင် ဦးနီမောလ်၏ ပြောပြချက်၊ တစ်ဖက်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် ရဲဘော်ကျကျေးရွာနေ ဟိန္ဒူဘာသာဝင်များ၏ ကိုယ်တွေ့ပြောကြားချက်များနှင့် ကိုယ်တိုင်ထွက်ပြေး လွတ်မြောက်လာသူ သက်သေများ၏ ကိုယ်တွေ့ပြောကြားချက်တို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များအား ရှာဖွေခဲ့ကြောင်း၊ ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်လာသော ဟိန္ဒူဘာသာဝင်များနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၄ ရက် နံနက်တွင် ပျောက်ဆုံးနေသော ဟိန္ဒူ ဘာသာဝင်များကို ရှာဖွေရန် ရဲဘော်ကျကျေးရွာသို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာအရောက်တွင် မသင်္ကာဖွယ် မြေအနေအထားတွေ့ရှိရပြီး အပုပ်နံ့ရရှိသည့်မြေနေရာ နှစ်နေရာတွေ့ရှိသဖြင့် တူးဖော်ရာမြေကျင်းနှစ် ကျင်းအတွင်းမှ ဟိန္ဒူဘာသာဝင် အမျိုးသားရုပ်အလောင်း ရှစ်လောင်းနှင့် အမျိုးသမီးရုပ်အလောင်း ၂၀ စုစုပေါင်း ၂၈ လောင်း တူးဖော်တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၅ ရက်တွင် ကျန်ရှိနေသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများကို ဆက်လက်ရှာဖွေရာ ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက်၌ အလောင်း ၂၈ လောင်းတွေ့ရှိခဲ့သည့် နေရာအနီးတွင် ထပ်မံရှာဖွေရာ ယခင်တွေ့ရှိခဲ့သည့် နေရာ၏ အရှေ့ဘက် မီတာ ၂၀၀ အကွာ တောင်ကြော၏ တစ်ဖက်ခြမ်း၌ အကျယ် ၁၀ ပေ၊ အနက်လေးပေခန့်ရှိ မြေကျင်းအတွင်းမှ ဟိန္ဒူဘာသာဝင် အမျိုးသားအလောင်း ၁၄ လောင်း၊ ၎င်းနေရာနှင့် ခုနစ်ပေခန့်အကွာ၌ အကျယ် ၁၀ ပေ၊ အနက်သုံးပေခန့်ရှိ မြေကျင်းအတွင်းမှ ဟိန္ဒူဘာသာဝင်အမျိုးသား အလောင်းသုံးလောင်း စုစုပေါင်း ရုပ်အလောင်း ၁၇ လောင်း ထပ်မံတူးဖော် ရရှိခဲ့သည်။

ရှာဖွေရာတွင် ဦးဆောင်ပါဝင်သူ ခမောင်းဆိပ် (တောင်ရွာ)မှ ဟိန္ဒူဘာသာဝင် အရှကူ (ခ)မောင်ဘက “ဒီလမ်းကြောကို ကျွန်တော်လာရှာရတာကတော့ အဲဒီဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့ ကောင်မလေးထဲမှာ ကျွန်တော် ဖုန်းဆက်လိုက်တယ်။ အဲဒီအသံဖိုင်ကို ကျွန်တော်ရလိုက်တာ။ အဲဒီအသံဖိုင်ကို စက်တင်ဘာ ၂၃ ရက် ကျွန်တော် ကြိမ်ချောင်းရောက်တဲ့အခါ သူနဲ့ဖုန်းပြောဖြစ်တယ်။ သူကလမ်းကြောင်းကို ဖုန်းထဲကနေ ပြောပြပေးတယ်။ ဘယ်လမ်းက သူတို့ကိုခေါ်သွားတယ်ဆိုတာကို။ ရဲရယ်၊ စစ်ကြောင်းရယ်၊ ကျွန်တော်တို့ရှာကြတော့ စက်တင်ဘာ ၂၄ ရက်မှာ ၂၈ လောင်းရတယ်။ နောက်တစ်နေ့မှာ ယောက်ျားတွေကို ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဟိန္ဒူအမျိုးသမီးပြောလို့ရတာ။ သူပြောတဲ့လမ်းကြောင်း အတိုင်း တောင်ရွာဘုရားကျောင်းနဲ့ တည့်တည့်လမ်းကိုလာပြီး ဘင်္ဂါလီရွာကိုဖြတ်၊ ဘင်္ဂါလီရွာကနေ ချောင်းကိုဖြတ်၊ ချောင်းဖြတ်ပြီးတော့ သူခန့်မှန်းပြောတဲ့နေရာကို ရောက်တယ်။ အဲဒီမှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် စစ်ကြောင်းတွေနဲ့ရှာတော့ အဲဒီ ၂၈ လောင်းကိုရတာ။ နောက်နေ့ ၂၅ ရက်နေ့မှ ဒီဘက်ကိုလာရှာတဲ့အချိန်မှာ ယောက်ျားအလောင်း ၁၇ လောင်းကို ထပ်ရတယ်။ နောက်ထပ် ရဲဘော်ကျကနေ ယူ (ဒေသအခေါ်) သွားတယ်ဆိုတဲ့ လမ်းအတိုင်းခန့်မှန်းပြီးတော့ သွားရှာတယ်။ အခုထိ ရှာမတွေ့သေးဘူး။ ရဲဘော်ကျကခေါ် လာတာကို ကျွန်တော်အသေအချာ မသိရဘူး။ တောင်ရွာကလူတွေကိုတော့ ဘင်္ဂါလီတွေက အုပ်စုလိုက်ခေါ်လာတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဟိန္ဒူအမျိုးသမီးက ကျွန်တော့်ကိုပြောတာ” ဟု ပြောကြားသည်။

ဒေသခံ ဟိန္ဒူဘာသာဝင်များ၏ ပြောကြားချက်နှင့် အသတ်ခံခဲ့ရသူများ၏ ဆွေမျိုးအသိုက်အဝန်း၏ ပြောကြားချက်များအရ ရဲဘော်ကျကျေးရွာနေ ဟိန္ဒူဘာသာဝင်များဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ပဏာမ စစ်ဆေးတွေ့ရှိချက်များအရ သေဆုံးသွားသူများမှာ မျက်နှာကို အဝတ်စည်း၍ လက်ပြန်ကြိုးတုပ်ကာ လည်ပင်းလှီး၍အ သတ်ခံထားရခြင်းဖြစ်ပြီး အချို့မှာ ခြေလက်များ ဖြတ်တောက်ခံထားရကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားချက်များတွင် မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းနှင့် တွေ့ဆုံမေးမြန်းထားသည်ကို တွေ့ရသည်။

“တူးဖော်ထားတဲ့ အလောင်းတွေကို စစ်ဆေးကြည့်တဲ့အခါလည် ပင်းလှီးပြီး သတ်ထားတာကို တွေ့ရတယ်။ အချို့အလောင်းတွေက လက်တွေ၊ ခြေတွေကို ဓားနဲ့ခုတ်ထားတယ်။ ခြေထောက်ဖြတ်ပြီးမှ လည်ပင်းကို လှီးတာတွေ့ရတယ်” ဟု ဒေါက်တာကျော်မောင်မောင်သိန်းက ပြောကြားကြောင်း ဖော်ပြထားသည်။

တူးဖော်တွေ့ရှိခဲ့သည့် ရုပ်အလောင်းများအား မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မောင်မောင်သိန်း၊ မြို့နယ်တရားသူကြီး ဦးဇော်ဇော်သန်း၊ မှုခင်းတပ်ဖွဲ့မှ ရဲမှူးရဲအောင်တို့က စိစစ်ရာ လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိရပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ချွန်ထက်သော အရာများဖြင့် ထိုးသွင်းထားသော ဒဏ်ရာများကြောင့် လွန်ခဲ့သော တစ်လခန့်က သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။

ပျောက်ဆုံးလျက်ရှိသည့် ဟိန္ဒူဘာသာဝင်များကိုလည်း ဆက်လက်ရှာဖွေရန် စီစဉ်ထားကြောင်း သိရသည်။

ဟိန္ဒူဘာသာဝင်များ ပျောက်ဆုံးလျက်ရှိသည်ဟု သတင်းများရရှိ ကတည်းက ရှာဖွေနေခြင်းဖြစ်ကြောင်း၊ ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင် ၁၁၄ ဦးခန့်ရှိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က စက်တင်ဘာ ၂၇ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က “ပျောက်ဆုံးတဲ့ အင်ဖော်မေးရှင်း စရတဲ့နေ့ကစပြီး ကျွန်တော်တို့ ဒီသတင်းနဲ့ပတ်သက်ပြီး မြေပြင်မှာရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှာတယ်။ နောက် ဟိန္ဒူဘာသာဝင်တွေနဲ့ လိုက်ဆက်စပ်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ လိုက်ဆက်စပ်တယ်။ ဒါကိုအတည်ပြုနိုင်ဖို့ စုံစမ်းနေတာ ကြာနေပါပြီ။ ဒါနဲ့ပတ်သက်လို့ မီဒီယာအဖွဲ့တွေအားလုံး ရဲဘော်ကျမှာ မေးခဲ့တဲ့ ဦးနီမောလ်က သတင်းဆက်ရပြီးတော့မှ လုံခြုံရေးအဖွဲ့တွေက မြေပြင်ကို ကွင်းဆင်းပြီးတော့မှ တောက်လျှောက်လိုက်နေတာ။ အဲဒီအချိန်အထိ အစောဆုံးကတည်းက ကျွန်တော်တို့ ရှာခဲ့ပါတယ်။ ဒါပေမဲ့ နယ်မြေရှင်းလင်းရေးကိစ္စ နယ်ခြားစောင့်က သီးခြားလုပ်နေတာပါ။ အခုကျမှသွားတဲ့ လမ်းကြောင်း အခြေအနေအပေါ် မူတည်ပြီးတော့မှ မျက်မြင်သက်သေ၊ ပါသွားတဲ့ သက်သေအကုန်လုံးက နယ်မြေဒေသ အခြေအနေအပေါ် မူတည်ပြီးတော့ စိုးရိမ်လို့ စစ်တွေကို ထွက်ပြေးသွားတာနဲ့။ နောက်ပြီးရင် ဘူးသီးတောင်သွားတာနဲ့ သူတို့နဲ့ ကျွန်တော်တို့ ပြန်ပြီးမေးရတယ်။ ဒီသတင်းရအောင် ပြန်တည်ဆောက်ရတယ်။ သေချာပြီဆိုတော့မှ ကျွန်တော်တို့ မြေပြင်ကို ကွင်းဆင်းပြီးတော့မှ အသေအချာ ရှာရတာပါ။ နောက်ဆက်တွဲကျန်တဲ့ ဟာတွေကိုလည်း ကျွန်တော်တို့ ရှာပါမယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စတွေ့တဲ့ စက်တင်ဘာ ၂၄ ရက်က ခရိုင်မှာ ဒုခရိုင်အုပ်ချုပ်ရေးမှူး အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဖွဲ့ပေးထားပါတယ်။ အဲဒီမှာ မှုခင်းဆရာဝန်ပါတယ်။ ဥပဒေပါတယ်။ နောက်ပြီးရင် မျက်မြင်သက်သေပါတယ်။ ရပ်ကျေးပါတယ်။နောက်ပြီးရင် ကျေးရွာနဲ့ ပတ်သက်တဲ့ ရပ်မိရပ်ဖပါမယ်။ အဲဒီအဖွဲ့ကိုဖွဲ့ပြီး မြေပြင်ကွင်းဆင်းပြီးတော့မှ အလောင်းနဲ့ပတ်သက်ပြီး ရင်ခွဲစစ်ဆေးချက် ဆောင်ရွက်တယ်။ ပြီးတော့မှ ကာယကံရှင်မိသားစုတွေရဲ့ သူတို့ရဲ့အလောင်းပိုင်ရှင် ဟုတ် မဟုတ် ကျွန်တော်တို့  ခေါ်မေးတယ်” ဟု ပြောကြားသည်။

တွေ့ရှိခဲ့သည့်အလောင်းများကို ဆွေမျိုးသားချင်းများက အတည်ပြုပေးမှသာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူများအား ရင်ခွဲစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တွေ့ရှိတဲ့ မျက်နှာအနေအထား မှတ်မိတာရှိတယ်။ တချို့ဟာဆိုရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့အတွက် မမှတ်မိတာလည်းရှိတယ်။ တော်တော်များများ ကျွန်တော်တို့ကဒါကို နာမည်စာရင်းအသေးစိတ် ကောက်ပြီးတော့မှ  ပျောက်ဆုံးစာရင်းထဲကနေ နုတ်ပြီးမှ သေဆုံးစာရင်းထဲ ပြန်သွင်းမယ်။ အဲဒီအဖွဲ့မှာလည်း မှုခင်းဆရာဝန်ပါတယ်။ နောက် ဥပဒေအရာရှိ ပါတဲ့အတွက် ကျွန်တော် အဖွဲ့ဖွဲ့ပြီး စနစ်တကျလုပ်တဲ့အတွက် DNA စစ်ဆေးချက်ကို ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

တူးဖော်ရရှိခဲ့သည့် ဟိန္ဒူအလောင်းများကို ၎င်းတို့၏ ဘာသာထုံးစံအတိုင်း စက်တင်ဘာ ၂၈ ရက်က သြင်္ဂိုဟ်ခဲ့ပြီး စစ်တွေရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသူများမှာ လာရောက်နိုင်ခြင်း မရှိခဲ့ပေ။

“သွားရေးလာရေး ခက်ခဲလို့ ဆွေမျိုးတွေတချို့ မရောက်တာ ရှိပါတယ်။ အားလုံး ၇၀ လောက်ရောက်တယ်။ ဒါပေမဲ့ ရောက်လာတဲ့ ဆွေမျိုးတွေကနေ ဖို့ထိုင်ဖို့ ကြောက်တယ်။ ဘယ်လောက်ပဲ လုံခြုံရေးပေးပေး သူတို့မနေရဲကြလို့ သြင်္ဂိုဟ်တော့မယ်ဆိုပြီးတော့ သြင်္ဂိုဟ်လိုက်တာ” ဟု ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောလ်က ပြောကြားသည်။

ဟိန္ဒူတွေကို ဘယ်သူသတ်တာလဲ

မောင်တောမြို့အကြမ်းဖက် တိုက်ခိုက်ခံရမှုအပြီးတွင် ယခုကဲ့သို့ မြုပ်နှံထားသည့် အလောင်းများကို တစ်နေရာတည်းတွင် တွေ့ရှိမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

အလောင်းများတွင် ရရှိထားသည့် ဒဏ်ရာများမှာ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံရခြင်းဖြစ်ကာ အချို့သော အလောင်းများမှာ လည်ပင်းတွင် လှီးဖြတ်ခံထားရခြင်းများကို တွေ့ရှိရကြောင်း မှုခင်းပညာရှင်များနှင့် ဆရာဝန်များက ပြောကြားထားသည်။

အသတ်ခံရသည့် ဟိန္ဒူဘာ သာဝင်များကို သတ်ဖြတ်ခဲ့သူများမှာ ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက် များဖြစ်ကြောင်း အစိုးရနှင့် အသတ်ခံရသည့် ဟိန္ဒူဘာသာဝင်များ၏ မိသားစုများက ပြောကြားသည်။

ဘင်္ဂါလီအစွန်းရောက်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီး၏ ပြောကြားချက်အရ ပြုလုပ်သူများမှာ ဘင်္ဂါလီအကြမ်းဖက် သမားများဖြစ်ကြောင်း  အလောင်းများ ရှာဖွေရာတွင် ပါဝင်သူ ခမောင်းဆိပ် (တောင်ရွာ) မှ ဟိန္ဒူဘာသာဝင် အရှကူ (ခ)မောင်ဘက ပြောကြားသည်။

“ငါတို့တော့ မျက်လုံးနဲ့ ကိုယ်တိုင်မြင်တာ မဟုတ်ဘူး။ အော်တဲ့ အသံတွေ၊ သတ်တာပုတ်တာ အသံတွေ ကြားရတယ်ဆိုပြီး သူကပြောတယ်။ သူလှမ်းပြောလို့ အလောင်းတွေကိုလည်း တွေ့တာပါ” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ၎င်းင်းအနေဖြင့်လည်း မောင်တောမြို့သို့ သွားရောက်နေထိုင်ခဲ့ခြင်းကြောင့် အသက်ရှင်ခဲ့ခြင်း ဖြစ်ကြောင်း အရှကူ (ခ)မောင်ဘက ပြောကြားသည်။

“ကျွန်တော့်ရဲ့ ခြောက်နှစ်အရွယ် သမီးတစ်ယောက်ကိုတော့ မတွေ့သေးဘူး။ သေသွားတဲ့အထဲမှာ ကျွန်တော့်အစ်ကိုရဲ့ သားနှစ်ယောက်၊ ယောက္ခမတစ်ယောက်၊ ယောက်ဖတစ်ယောက် ပါသွားတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်မိန်းမရယ်၊ သားတစ်ယောက်ရယ် မောင်တောမှာ သွားနေလို့ အသက် ရှင်ရတာ”ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် အခင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မီဒီယာများအား စက်တင်ဘာ ၂၈ ရက်တွင် ခေါ်ယူရှင်းလင်းခဲ့ပြီး မြန်မာအစိုးရက လူမျိုးသုဉ်းသတ်ဖြတ်မှုများ ရှိနေသည်ဟုဆိုသော စွပ်စွဲပြောကြားချက်များနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိစေရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောကြားသည်။

“ဒီခရီးစဉ်ကို စီစဉ်ပေးတယ်။ စီစဉ်ပေးတယ်ဆိုတာက ကျွန်တော်တို့နိုင်ငံနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီဆိုတဲ့လူမျိုး လူနည်းစုတွေကိုပေါ့။ ကျွန်တော်တို့ လူမျိုးသုဉ်းသတ်ဖြတ်နေတယ်။ အခုနက ပြောသလိုပေါ့။ ကျွန်တော်တို့က အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိတယ်။ အခုဒီဖြစ်စဉ်ကတော့ ခင်ဗျားတို့ သတင်းမီဒီယာများ အားလုံးကို ခေါ်ပြတဲ့ရည်ရွယ်ချက်က ကြည့်ပါ။ ဘယ်လိုတွေဖြစ်တာလဲ။ ဘယ်သူတွေသေနေတာလဲ။ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေက ခင်ဗျားတို့ကို ဘယ်လိုမျိုးပြောပါသလဲ။ ဒါကို ကျွန်တော်တို့က သိစေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့ လူမျိုးသုဉ်းသတ်ဖြတ်နေတာ မဟုတ်ဘူး။ နောက်ပြီးတော့ ဘယ်သူက လူများစုဖြစ်လဲ။ ဘယ်သူက လူနည်းစုဖြစ်လဲ။ ဒါလေးကိုလည်း ခင်ဗျားတို့ မှန်မှန်ကန်ကန် မျှမျှတတသိဖို့ လိုပါတယ်။ ဒီနယ်မြေမှာတော့ အခုနက ပြောသလို ဘင်္ဂါလီလူဦးရေက သိန်းနဲ့ချီရှိပါတယ်။ ဒေသခံ တိုင်းရင်းသားတွေရော ဟိန္ဒူတွေရောက လူနည်းစုဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူ့ကို သတ်နေတာလဲ။ မြေပြင်မှာ မျက်ဝါးထင်ထင် ကျွန်တော်တို့ မြင်စေချင်ပါတယ်” ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောကြားသည်။

ထို့ပြင် ရိုနေဆန်းလွင် ဆိုသည့် Facebook အကောင့်က လွှင့်တင်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဒုက္ခသည်များ ဟုဆိုသည့် အမျိုးသမီးများကို အင်တာဗျူးထားသည်များ ဖော်ပြရာတွင် အကြမ်းဖက်ဘင်္ဂါလီများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးအချို့ ပါဝင်ခဲ့သည်။

“Facebook အကောင့်မှာ ကျွန်တော်တို့ ဟိန္ဒူမိန်းကလေးတွေကို မြင်ရတယ်။ ကျွန်တော့်ယောက်ဖ မိန်းမတွေပါပါတယ်။ ရွာသား မိန်းမတွေ၊ မိသားစုမိန်းမတွေ ပါနေပါတယ်။ အဲဒီမှာကြည့်တော့ မိန်းမတွေက ဘူခါခြုံပြီးတော့ ဖြစ်နေတယ်။ ဟိန္ဒူမိန်းမတွေ ကုလားဘူခါ ခြုံထားတယ်။ ငါတို့ကိုဖျက်ဆီးပြီး တော့ထားတယ်။ အဲဒါနဲ့ ကြောက်ပြီးတော့ ဘာသာပြောင်းသွားတာ။ အဲဒီလိုမျိုးပြောတယ်။ သူတို့အဲဒီလိုမျိုး ပြောနေတာ ငိုပြီးတော့ ကြောက်လန့်ပြီး ပြောနေတာပါ” ဟု အမည်မဖော်လိုသူ ဟိန္ဒူဘာသာဝင်အမျိုးသားတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ဌာနေရခိုင်တိုင်းရင်းသားများ သာမက ဟိန္ဒူဘာသာ ကိုးကွယ်သည့် မာရမာကြီးလူမျိုးစုများလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အများစုမှာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်များ၏ အကြမ်းဖက်ခြင်းကို ခံခဲ့ရကြောင်း ဟိန္ဒူဘာ သာဝင်များကို မေးမြန်းချက်များအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များအနက် ၂၀၁၂ ခုနှစ်တွင် ဇွန် ၆ ရက်က ဖြစ်ပွားခဲ့သည့် အရေးအခင်းတွင် တိုင်းရင်းသားများနှင့် အခြားဘာသာဝင်အချို့ သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း အဆိုပါ ကာလက ရခိုင်ပြည်နယ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကိုကိုနိုင်က ပြောကြားသည်။

“၂၀၁၂ ဇွန် ၆ ရက်နေ့ မောင်တောတောင်ဘက်ခြမ်းမှာ ဘင်္ဂါလီရွာတွေမှာရှိတဲ့ ဗလီထဲကအသံချဲ့စက်နဲ့ တစ်ခွန်းပဲ ပြောလိုက်တယ် တစ်ရွာလုံး ကလေး၊ မိန်းမ၊ လူငယ် လူကြီးတစ်ယောက်မကျန် ရွာတိုင်းရွာတိုင်း ရရာလက်နက် ဓား၊ လှံ၊ တုတ်တွေကိုင်ပြီး ထွက်လာကြတာ ရွာပြင်ကွင်းပြင်မှာ လူပင်လယ်ကြီးဖြစ်လို့ လူလှိုင်းစစ်ဆင်ရေးပေါ့။ အနည်းစုဖြစ်တဲ့ တိုင်းရင်းသားရွာတွေ ဆီချီတက်ပြီး တိုက်ခိုက်မီးရှို့သတ်ဖြတ်ကြတာ တိုင်းရင်းသားတွေ ကိုယ်လွတ်ရုန်းပြေးကြရတယ်။        မပြေးနိုင်တဲ့သူတွေကိုတော့ လည်လှီးထားတဲ့ ဒဏ်ရာနဲ့ သေနေတာ နောက်နေ့ရွာရောက်တော့ တွေ့ရတာပဲ” ဟု ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေ ဘယ်လောက်ရှိလဲ

၁၂၀၃ ခုနှစ်တွင် ဘင်္ဂလားနယ်အား မွတ်စလင်ဘာသာဝင်များက ဝင်ရောက်သိမ်းပိုက်ပြီး နောက်ပိုင်းတွင် ဟိန္ဒူဘာသာဝင်များကို မွတ်စလင်ဘာသာသို့ အတင်းအကျပ်သွတ်သွင်းခြင်းများကြောင့် အချု့ိမှာ ရခိုင်ပြည်နယ်သို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ပြောကြားသည်။

“တချို့က ရခိုင်ပြည်နယ်ကို ဝင်ပြေးကြတယ်။ သူတို့ကို ဘရူးဝါးလို့ ခေါ်တယ်။ အခု ရခိုင်တွေ ခေါ်ခေါ်နေတဲ့ မရမာကြီးလို့ ခေါ်တဲ့လူမျိုးတွေပေါ့။ နေခဲ့တာက တွက်ကြည့်ပေါ့။ ဘယ်လောက်ရှိနေပြီလဲဆိုတာ။ ရခိုင်ဘုရင်တွေ လက်ထက်ကတည်းက နေလာတာဆိုရင် ကမန်ရှိမယ်၊ ခုနကပြောတဲ့ မရမာကြီးပေါ့။ ဘရူးဝါးတွေရှိမယ်” ဟု ဒေါက်တာ အေးချမ်းက ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နှင့် မောင်တောမြို့ ပတ်ဝန်းကျင် ကျေးရွာများတွင် အများဆုံးနေထိုင်သူများမှာ ဘင်္ဂါလီအများစုဖြစ်ပြီး မောင်တောခရိုင်တစ်ခုလုံးတွင် ခန့်မှန်းစာရင်းများအရ တစ်သန်းကျော်ရှိနိုင်ကြောင်း သိရပြီး ရခိုင်တိုင်းရင်းသားနှင့် ရခိုင်တိုင်းရင်းသားအနွယ်ဝင် မရမာကြီး၊ မြို၊ ခမီ၊ သက်၊ ကမန် လူမျိုးများမှာ အနည်းစုဖြစ်သည်။

ကျေးရွာများ တည်ဆောက်ပုံမှာလည်း အချို့သောတိုင်းရင်းသား ကျေးရွာများအပါအဝင် ဟိန္ဒူကျေးရွာများမှာ ဘင်္ဂါလီကျေးရွာများ ပတ်လည်ဝိုင်းထားသည့် နေရာများတွင် တည်ရှိပြီး အကြမ်းဖက်မှုများ စတင်ဖြစ်ပွားချိန်တွင် ထွက်ပြေးနိုင်ခြင်းမရှိဘဲ ပိတ်မိနေခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ဟိန္ဒူဘာသာဝင်များမှာ မောင်တောမြို့နှင့် မောင်တောမြို့ မြောက်ပိုင်းတွင် အဓိကလုပ်ကိုင်သည့် ဆံပင်ညှပ်ခြင်းနှင့် အဝတ်လျှော်ဖွပ်ခြင်းများ လုပ်ကိုင်ကြောင်း သိရသည်။ အခြားသော လုပ်ငန်းများ ဖြစ်သည့် ပန်းထိမ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများတွင်လည်း လုပ်ကိုင်လျက်ရှိသော် လည်းအနည်းငယ်သာရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နှင့် မောင်တောမြို့နှစ်မြို့ပေါင်းတွင် ရခိုင်တိုင်းရင်းသားနှင့် ဟိန္ဒူဘာသာဝင်စုစုပေါင်း ငါးရာခိုင်နှုန်းခန့်သာရှိပြီး မောင်တောမြို့တွင် နှစ်ရာခိုင်နှုန်းခန့်သာ ရှိသည်။ အဆိုပါ လူဦးရေ ရာခိုင်နှုန်းအနက် မောင်တောမြို့တွင် ဟိန္ဒူဘာသာဝင်လူဦးရေမှာ ရာခိုင်နှုန်း အနည်းငယ်သာရှိကြောင်း ရခိုင်ပြည်နယ်ရှိ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ တာဝန်ခံဖြစ်သူ ဦးရာဂူနေမြင့်က ပြောကြားသည်။

ဟိန္ဒူဘာသာဝင်များ အသတ်ခံရမှုနှင့် ပတ်သက်ပြီး အစိုးရ ဘယ်လိုတာဝန်ယူခဲ့လဲ

အသတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်များမှာ မောင်တောမြောက် ပိုင်းခမောင်းဆိပ်မြို့ ရဲဘော်ကျ ရပ်ကွက်ရှိ ရဲဘော်ကျကျေးရွာနှင့် ခမောင်းဆိပ်(တောင်ရွာ) အမည်ရှိ ဟိန္ဒူကျေးရွာနှစ်ခုမှ ဖြစ်ပြီး အဆိုပါ ကျေးရွာများမှာ တစ်ရွာနှင့်တစ်ရွာ တစ်မိုင်ခွဲခန့် ဝေးကွာသည်။

ပဋိပက္ခများဖြစ်ပွားမှုအပြီး နယ်မြေများတည်ငြိမ်အေးချမ်းမှုများ ရရှိလာသည့်အချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပျောက်ဆုံးနေသည့် ဟိန္ဒူကျေးရွာသားများ၏ အကြောင်းစုံစမ်းမှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ပြီး မကြာမီတွင် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အလောင်းများ တွေ့ရှိအပြီးတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ကာ အလောင်းများကို ပြန်လည်တူးဖော်ခဲ့ပြီး ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို နှစ်သိမ့်အားပေးမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးအချို့အား ပြန်လည်ခေါ်ယူနိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းစီစဉ်လျက်ရှိသော်လည်း လက်ရှိအချိန်အထိ  အကောင်အထည် မပေါ်သေးပေ။

အစိုးရအနေဖြင့် ယခုဖြစ်စဉ်အား သတိထားကိုင်တွယ်လျက်ရှိသည့် အနေအထားတွင်ရှိပြီး နိုင်ငံတကာ၏ ဝေဖန်မှုများ ထွက်ပေါ်လာနိုင်သည့် အခြေအနေများကို ကြုံ တွေ့နိုင်ရကြောင်း ဒေါက်တာ အေးချမ်းက သုံးသပ်ပြောကြားသည်။

“အခုအဖမ်းခံရပြီး ဟိုဘက်ကို (ဘင်္ဂလားဒေ့ရှ်) ရောက်နေတဲ့သူ တွေကိုတော့ ကယ်ဖို့ကြိုးစားပေမယ့် အစုလိုက် ထွက်ပြေးသွားတဲ့သူတွေကိုတော့ လျစ်လျူရှုနေတယ်ဆိုတဲ့ အမြင်တွေကလည်းလာနိုင်တယ်။ အစိုးရအနေနဲ့လည်း သတိထားကိုင်တွယ်နေရတယ်လို့ မြင်တယ်” ဟု ဒေါက်တာအေးချမ်းက ပြောကြားသည်။

တူးဖော်ရရှိသည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများကို ပြသနိုင်ရန် နိုင်ငံတကာမှ သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများကို ဖိတ်ကြားကာ ရခိုင်ပြည်နယ်သို့ ခေါ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ထိုစဉ်က ရာသီဥတုဆိုးရွားမှုကြောင့် ခရီးစဉ်အား နောက်ဆုတ်ခဲ့ရသည်။

လက်ရှိတွင် နေရပ်စွန့်ခွာလျက်ရှိသည့် ဒေသခံတိုင်းရင်းသားများသာမက အခြားတိုင်းရင်းသား များကိုလည်း ကယ်ဆယ်ရေးစခန်းများတွင် ထားရှိကာ လိုအပ်မှုများကို လူမှုအဖွဲ့အစည်းများနှင့် အစိုးရက ထောက်ပံ့မှုများ ပေးအပ်လျက်ရှိသည်။

ဟိန္ဒူဘာသာဝင်များ အသတ်ခံရမှုတွင် အသံမထွက်ခဲ့သည့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ

ရခိုင်အကြမ်းဖက်ဖြစ်စဉ်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးလျက်ရှိသည့် ဘင်္ဂါလီများနှင့် ပတ်သက်ပြီး နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများက အစိုးရအား ပြစ်တင်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။

သို့သော် အစုလိုက် သတ်ဖြတ်ခံရပြီး မြှုပ်နှံထားသည့် ဟိန္ဒူဘာသာဝင်များ၏ အလောင်းများ ပြန်လည်တွေ့ရှိသည့် ဖြစ်စဉ်နောက်ပိုင်းတွင် နိုင်ငံတကာလူ့အဖွဲ့အစည်းများ အနေဖြင့် အသံတိတ်နေသည်ဟု ပြည်တွင်းရှိ ဟိန္ဒူဘာသာရေး အသင်းအဖွဲ့အချို့က ဝေဖန်မှုများရှိသည်။

တူးဖော်ရရှိသည့် ဟိန္ဒူရုပ်အလောင်းများမှာ အကြမ်းဖက်ခံရပြီး သေဆုံးခဲ့သည်မှာ ထင်ရှားကြောင်း၊ မည်သူက ပြုလုပ်သည်ဆိုသည်ကို အစိုးရက အဖြေရှာနေကြောင်း၊ အသတ်ခံရသူများအတွက် အမှန်တရား ဖော်ထုတ်ပေးရန် လိုအပ်ကြောင်း နိုင်ငံတကာတွင် ယခုဖြစ်စဉ်အား ပြောကြားမှုများမှာ နည်းပါးကြောင်း ၁၉၉၆ ခုနှစ်၊ ၁၉၉၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ တာဝန်ခံဖြစ်သူ ဦးရာဂူနေမြင့်က ပြောကြားသည်။

“အကြမ်းဖက်ခံရပြီး သေသွားတယ်ဆိုတာကတော့ သေချာတယ်။ ဒါကိုဘယ်သူကလုပ်တာလဲဆိုတာကို အစိုးရနဲ့ တတ်သိပညာရှင်တွေက အဖြေရှာနေတယ်။ အကြမ်းဖက်ခံရတာကိုလည်း ရှုတ်ချတယ်။ အဲဒီအတွက် ပြောချင်တာကတော့ အကြမ်းဖက်ခံရတဲ့သူတွေအတွက် အမှန်တရား ဖော်ထုတ်ပေးပါ။ နောက်ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းပေါ့။ အခုဖြစ်စဉ်ကို ပြောတာတွေက အရမ်းနည်းနေတယ်။ အလောင်းတွေ တွေ့တာက နည်းနည်းလေး  မဟုတ်ပါဘူး။ အစုလိုက်အပြုံလိုက် တွေ့တာပါ။ အဲဒါတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားတဲ့သူတွေအနေနဲ့ ဘာသံမှ မထွက်တာကို အံ့သြပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ဟိန္ဒူဘာသာဝင်တွေလည်း လူတွေပါပဲ။ ဘာကြောင့်အသံတိတ်နေလဲ” ဟု ဦးရာဂူနေမြင့်က ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများနည်းတူ ဟိန္ဒူဘာသာဝင်များ စတေးခံခဲ့ရသည့် ရခိုင်အရေး

၂၀၁၂ ခုနှစ်နောက်ပိုင်းမှစပြီး လက်ရှိအချိန်အထိ ဆက်တိုက်နီးပါး ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းပဋိပက္ခများတွင် ရခိုင်တိုင်းရင်းသားများ အပါအဝင် အခြားတိုင်းရင်းသားများမှာ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်။

သို့သော် ယခုကဲ့သို့ အသတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိမှုမှာ ၂၀၁၂ ခုနှစ်မှစပြီး အများဆုံး တွေ့ရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။

ပဋိပက္ခဖြစ်စဉ်များအပြီးတွင် ရခိုင်တိုင်းရင်းသားများ သတ်ဖြတ်ခံရခြင်း၊ အခြားတိုင်းရင်းသားများ သတ်ဖြတ်ခံရခြင်းများရှိခဲ့ပြီး အိုးအိမ်စွန့်ခွာရမှုများလည်း ရှိခဲ့သည်။

မိသားစုဝင် အားလုံးနီးပါး သတ်ဖြတ်ခံရသည့် ဟိန္ဒူဘာသာဝင် ဒေါ်ရှော်ရွတ်မနားအတွက် ပဋိပက္ခဖြစ်စဉ်မှာ ယခုအကြိမ်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂၀၁၂ ခုနှစ်ကလည်း အလားတူနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ သို့သော် ယခုဖြစ်စဉ်တွင် သူမအတွက် မိသားစုတစ်ခုလုံး ပေးဆပ်လိုက်ရသည်။

သူမအနားတွင်ထိုင်ကာ ငိုကြွေးနေသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများအတွက်လည်း အစားထိုးမရသည့် ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

နိုင်ငံတကာတွင် ဘင်္ဂါလီများ၏ အသံများကျယ်လောင်နေသော်လည်း မောင်တောမြို့တွင် တစ်-ရာခိုင်နှုန်းခန့်ပင် မရှိသည့် ဟိန္ဒူဘာသာဝင်များ အသံများမှာ ပျောက်ကွယ်လျက်ရှိသည်။ အမှန်တကယ် လူနည်းစုဖြစ်သည့် ၎င်းတို့၏ ဒုက္ခများကို မည်သည့်အချိန်တွင် အသိအမှတ်ပြု ခံရမည်ဆိုသည်မှာ.....။

Most Read

Most Recent