ကုန်သွယ်မှု၊ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်စေမှု (၂၆)

ကုန်သွယ်မှု၊ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်စေမှု (၂၆)
Published 13 September 2017

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ဒီတစ်ပတ်မှာတော့ စာရေးသူတို့နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆင်းရဲမှုလျော့ကျစေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရေးမှာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တဲ့ Balancing Act လို့ခေါ်တဲ့ မျှခြေဖြစ်စေမှု လုပ်ဆောင်ချက်တွေကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စေဖို့ လိုအပ်ချက်တွေကို ရေးဖို့ စိတ်ကူးပေါ်လာခဲ့ပါတယ်။ စာရေးသူတို့နိုင်ငံမှာ နှစ်ပေါင်း ရာစုနှစ်ဝက်ကျော်ကာလအထိ အနာဂတ်အမြင်နဲ့ မိမိနိုင်ငံတိုးတက်စေဖို့နဲ့ မိမိနိုင်ငံသားတွေဘ၀ အရည်အသွေး တိုးတက်လာစေရေးဆိုတဲ့ ကောင်းမွန်တဲ့ အနာဂတ်အမြင်တွေ မထားရှိနိုင်ခဲ့ကြဘဲ Egoism လို့ခေါ်တဲ့ အတ္တတွေများပြီး ကိုယ်ကျိုးစီးပွားရှာတာ များလွန်းရာကနေ နိုင်ငံက အဘက်ဘက်မှာ ယိုယွင်းလာတာကို ပြန်လည်ကောင်းမွန်လာအောင် အတွေးသစ်၊ အမြင်သစ်၊ လုပ်ဆောင်မှုကောင်းတွေနဲ့ တစ်ယောက်တစ်လက် တစ်တပ်တစ်အား ဖြည့်ဆည်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

Unity is Strength လို့ခေါ်တဲ့ စည်းလုံးညီညွတ်ခြင်းသည် ခွန်အားဆိုတာ ရှိပါတယ်။ ဝါးကတစ်လုံးချင်းဆိုရင် ချိုးဖဲ့ဖြတ်ပိုင်းနိုင်စေဖို့ လွယ်ကူစေပေမယ့် ဝါးတွေအားလုံး စုစည်းထားရင် ချိုးဖဲ့ခုတ်ပိုင်းစေဖို့ မလွယ်ကူနိုင်တော့ပါ။ ဒါကို စံနမူနာယူပြီး မိမိနိုင်ငံသားတွေ အချင်းချင်း စည်းလုံးညီညွတ်မှုတွေ ရှိကြရင် ပြင်ပကနေ သွေးကွဲအောင်လုပ်လို့ မရနိုင်စေပါ။ ဒီအတွက် တစ်ဦးချင်းမှာ Pessimism လို့ခေါ်တဲ့ မကောင်းမြင်မှုတွေ မရှိတော့ဘဲ အကောင်းမြင်မှု (Optimism) များ လာစေကြရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် စာရေးသူ အခုရေးပြမယ့် Balancing Act လို့ခေါ်တဲ့ မျှခြေဖြစ်စေမှုက ရုပ်လုံးပေါ်လာစေမှာ ဖြစ်ပါတယ်။

Balancing Act မျှခြေဖြစ်စေမှု သဘောတရားက လူတစ်ဦးချင်းစီကနေ အစပြုကြရတာဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေမှုကလည်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေ မျှခြေဖြစ်မှုအပေါ် မူတည်နေပါတယ်။ Health is Wealth ဆိုတဲ့ စကားရှိပါတယ်။ လူတစ်ဦးချင်းက ကျန်းမာပါမှ မိမိလုပ်ဆောင်ဖွယ်ရာ ကိစ္စအ၀၀ကို အလုံးစုံပြီးစီးအောင် စိတ်သွားတိုင်းကိုယ်ပါပြီး လိုရာဆန္ဒ ပြည့်ဝနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ ခန္ဓာကိုယ်ရဲ့ မျှခြေဖြစ်စေမှုကို ပထမဦးစားပေးကြရတာ ဖြစ်ပါတယ်။ နောက်တစ်ခုဆိုချင်တဲ့ လူတစ်ဦးချင်းစီရဲ့ မျှခြေဖြစ်စေမှု လိုအပ်ချက်က နှစ်ဖက်အမြင်ရှိမှုကို မျှခြေဖြစ်အောင် လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။ အတ္တတွေများပြီး မိမိအတွက်သာကြည့်တတ်တဲ့ Egoism သမားဆိုရင်တော့ မျှခြေဖြစ်စေမှာ မဟုတ်ပါ။ စာရေးသူတို့နိုင်ငံက အတ္တသမား လူနည်းစုကြောင့် နှစ်ပေါင်းများစွာ အများဒုက္ခရောက်ကြရတယ်။ ဒါတွေကို မျှခြေဖြစ်အောင် အတ္တစိတ်ကို ဖျောက်ဖျက်ပစ်ဖို့ အရေးကြီးတယ်။

လူ့ဘဝမှာ လူတွေကတစ်ဦးတည်း ရပ်တည်နေထိုင်လို့မရဘဲ အစုအဖွဲ့ အပေါင်းအသင်းတွေ ရှိကြတယ်။ လူအချင်းချင်း ပေါင်းသင်းကြရာမှာ အသွင်တူမှ အိမ်သူဖြစ်တယ်ဆိုတာလည်း ရှိပါတယ်။ အိမ်ထောင်ပြုကြရာမှာလည်း ဟိုအတိတ်ကာလမှာတော့ အနည်းဆုံး သုံးနှစ် သုံးမိုး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေ့လာပြီးမှ အိမ်ထောင်သည်ဘဝကို တည်ထောင်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာသာ တစ်ဦးနဲ့တစ်ဦး Mutual Benefit ဒါမှမဟုတ် Mutual Interest လို့ခေါ်တဲ့ နှစ်ဖက်အကျိုးရှိစေမှုကို လုပ်ဆောင်နိုင်ကြမှသာ မျှခြေအခြေအနေကို ဖန်တီးလုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။

လူတွေက ဘဝရပ်တည်မှုအတွက် စီးပွားရေးလုပ်ငန်းတွေကို အစုအဖွဲ့ပုံစံနဲ့ ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေနဲ့ပါ ချိတ်ဆက်ပြီး လုပ်ဆောင်ကြရာမှာလည်း Mutual Interest လို့ခေါ်တဲ့ နှစ်ဖက်အကျိုးရှိစေမှုဖြစ်တဲ့ မျှခြေဖြစ်မှုကို စဉ်းစားကြရတာ ဖြစ်ပါတယ်။ တစ်ခါက တရုတ်နိုင်ငံက ကလေးအရုပ်တွေ ထုတ်လုပ်ရောင်းချတာ သူ့ရဲ့ကလေးကစားစရာ အရုပ်တွေက အမေရိကန်နိုင်ငံကို အမေရိကန် ဒေါ်လာသန်းနဲ့ချီ ငွေကြေးရဖို့တင်ပို့ရာမှာ အမေရိကန်နိုင်ငံက အဲဒီအရုပ်တွေကို စစ်ဆေးရာမှာ ကလေးတွေ အန္တရာယ်ဖြစ်စေနိုင်မယ့် အရာတွေပါ ရှိနေတာကိုတွေ့လို့ အဲဒီအရုပ်တွေကို လက်မခံတဲ့အတွက် အရုပ်ထုတ်သူ သူ့ကိုယ်သူ သတ်သေသွားတယ်ဆိုတာ ဖတ်လိုက်ရဖူးတယ်။ သဘောက အတ္တနဲ့ လုပ်ဆောင်မှုကြောင့် ရလာတဲ့ ဆုံးရှုံးမှုကို မိမိဘဝကို မျှခြေမဖြစ်စေတဲ့သဘောပါ။ ကုမ္ပဏီတွေတည်ထောင်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ကြရာမှာ စီးပွားရေးလုပ်ငန်း စီမံလျက် ရေးဆွဲအလုပ်လုပ်ကြရတာလည်း Return On Investment (ROI) လို့ ခေါ်တဲ့ မိမိရင်းနှီးမြှုပ်နှံထားတဲ့ ငွေရင်းပမာဏ ပြန်လည်ရရှိစေမှုကို ဦးစွာလုပ်ဆောင်ကြရတာကလည်း မျှခြေသဘောတရား Balancing Act ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အခြေခံကျကျ မြင်နိုင်စေဖို့ အစပျိုးရေးသားတာ ဖြစ်ပါတယ်။

အခုဆက်ပြီး နိုင်ငံတစ်နိုင်ငံချင်းက မိမိတစ်နိုင်ငံတည်း သီးခြားရပ်တည်ပြီး မိမိနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်လို့မရကြဘဲ အစုအဖွဲ့တွေဖွဲ့ပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုတွေ လုပ်နေကြရတာ ဖြစ်တယ်။ စာရေးသူတို့ နိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အတွက် အဖွဲ့ကနေ ရေရှည်အတွက် သတ်မှတ်ထားတဲ့ မူဝါဒတွေနဲ့ မိမိနိုင်ငံတိုးတက်လာအောင် ပေါင်းစည်းအလုပ်လုပ်နေကြရတယ်။ ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ ASEAN အတွင်း ဝင်ရောက်တဲ့နှစ်မှာပဲ ၂၀၁၅ ခုနှစ်မှာ ASEAN FREE TRADE AREA (AFTA) လို့ခေါ်တဲ့ အာဆီယံစီးပွားရေးလွတ်လပ်တဲ့ ကုန်သွယ်မှုဇုန် တည်ထောင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ နှစ်ကာလတာရှည် အချိန်ယူပြီး စီးပွားရေးမျှခြေဖြစ်ဖို့ မူဝါဒတွေချမှတ်ခဲ့ကြပေမယ့် အဲဒီအချိန်က စာရေးသူတို့နိုင်ငံက အစိုးရတာဝန်ရှိသူတွေ ကိုယ်တိုင်စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက် လုပ်ဆောင်ခဲ့ကြတာကြောင့် မျှခြေအခြေအနေ ရောက်ရှိမလာခဲ့ဘဲ နိုင်ငံက အကျင့်ပျက် ခြအစားဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သာ ပေါ်ထွက်လာခဲ့ရပါတယ်။ ဒါတွေက လူမှန်နေရာမှန် မဖြစ်ဘဲ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ASEAN က AFTA ကို အကောင်အထည် မဖော်နိုင်သေးဘဲ အမည်ကိုသာ AEC လို့ခေါ်တဲ့ ASEAN Economic Community အာဆီယံစီးပွားရေး အစုအဖွဲ့ ပုံစံပြောင်းပြီး ရုပ်လုံးဖော်လာတာကိုလည်း အချိန်ရွှေ့ဆိုင်းခဲ့ပါတယ်။ AED လို အနောက်နိုင်ငံတွေကလည်း အလားတူ စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်စေဖို့ အဖွဲ့အစည်းကိုဖွဲ့ပြီး လုပ်ဆောင်လာကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်စေမှုအတွက် ဈေးကွက်က မိမိနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်မယ့် စီးပွားရေး အဖွဲ့အစည်းတွေရှိဖို့ လိုအပ်သလို မိမိနိုင်ငံက ထုတ်ကုန်တွေကိုလည်း နိုင်ငံတကာ ဈေးကွက်ကိုပို့ပြီး ထုတ်ကုန်နဲ့ သွင်းကုန်မျှခြေဖြစ်စေဖို့ Export-Import Balacning Act ကို လုပ်ဆောင်တတ်ကြရမှာ ဖြစ်တယ်။ စီးပွားရေးမှာ လုပ်ငန်းစီမံချက် (Business Plan) အရ ပေါ်ပေါက်လာမယ့် Break - Even Point ဆိုတာက မျှခြေဖြစ်လာမယ့် အရင်းကျေမှတ် ဖြစ်ပါတယ်။ မိမိတို့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးပမာဏကို ဦးစွာပြန်ရအောင် Return On Investment လို့ ခေါ်တဲ့ ရင်းနှီးငွေပြန်ရအောင် လုပ်ဆောင်ကြရတယ်။ ဒါမှ မျှခြေဖြစ်လာပြီး နိုင်ငံတိုးတက်လာစေမှာ ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံက စီးပွားရေးမျှခြေဖြစ်လာရင် နိုင်ငံသားတွေမှာလည်း စားရေး၊ ဝတ်ရေးနှင့် နေရေးဆိုတဲ့ အရေးသုံးပါးလည်း မျှခြေဖြစ်လာစေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကုန်သွယ်မှုကို စနစ်တကျ ရုပ်လုံးဖော် ဆောင်ရွက်နိုင်စေဖို့ လိုအပ်ပါတယ်။ တစ်နည်းဆိုရရင် ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေဖို့ Sustainable Development လို့ခေါ်တဲ့ ရေရှည်ခံဆောင်နိုင်အား ကောင်းမွန်စေမယ့် ရည်မှန်းချက်ပန်းတိုင်တွေထားရှိ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ခိုင်မာတဲ့ နိုင်ငံတကာငွေကြေးစနစ်နဲ့အတူ ပုဂ္ဂလိက နိုင်ငံတကာ ငွေအရင်းအနှီးစီးဆင်းမှု (Private International Financial Flows) အထူးသဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) (FDI) က မိမိနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်စေမှု ကြိုးပမ်းချက်တွေမှာ အဓိကကျစေတာ ဖြစ်ပါတယ်။

နိုင်ငံတွေကို ဖွံ့ဖြိုးတိုးတက်စေမှု လှေကားအပေါ်ရောက်အောင် ရွေ့လျားရာမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ မက်လုံးတွေပေးနိုင်ဖို့ လိုအပ်တယ်လို့ ဆိုတယ်။ သဘောက နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတစ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်တဲ့အခါ အခြေအနေ လေးရပ်ကို လေ့လာစူးစမ်းမှုတွေ လုပ်ကြရတယ်။ အဲဒီအချက်တွေကတော့ -

(၁) မိမိရင်းနှီးမြှုပ်နှံမယ့်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ (Political Situations)

(၂) စီးပွားရေးအခြေအနေ (Economical Situations)

(၃) လူမှုရေးအခြေအနေ (Social Situations)

(၄) နည်းပညာဆိုင်ရာအခြေအနေ (Technological Situations) တွေ ဖြစ်ပါတယ်။

ဒီအချက်လေးချက်ကို အတိုကောက်အားဖြင့် (PEST) လို့ လူသိများပါတယ်။ စာရေးသူတို့နိုင်ငံမှာ ဈေးကွက်စီးပွားရေး စတင်ဖွင့်လှစ်ချိန်မှာ အဲဒီအချက် လေးချက်ကို မလေ့လာမစူးစမ်းဘဲ ဝင်လာကြတဲ့တွက် စီးပွားရေးမျှခြေကို မရောက်ကြဘဲ ပြန်လည် ထွက်ခွာသွားခဲ့ကြရတယ်။ နိုင်ငံအတွင်း FDI တွေ ဝင်လာနိုင်စေဖို့ နိုင်ငံအတွင်းမှာ နိုင်ငံရေးတည်ငြိမ်မှု (Political Stability) ရှိဖို့လိုအပ်တယ်။ နိုင်ငံခြားကနေ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမယ့် စီးပွားရေး လုပ်ငန်းရှင်တွေကို သူတို့ရဲ့ ရေရှည်အကျိုးအတွက်ကိုပါ ကြည့်ပြီး Tax Exemption လို့ ခေါ်တဲ့ အခွန်ကင်းလွတ်ခွင့်ကိုလည်း အချိန်ကာလ အတိုင်းအတာအထိ ပေးကြရတယ်။ ယခင်ကတော့ သုံးနှစ်ကာလကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။ အထူးသဖြင့် သူတို့ဘက်မှာ ဖြစ်လာနိုင်တဲ့ ပြင်းထန်စွာ ပျက်စီးဆုံးရှုံးမှု အခွန် (Pernicious Tax) ကိုပါ စဉ်းစားပေးကြရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားကနေ တိုက်ရိုက်လာရောက်ပြီး စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်တဲ့အတွက် မိမိနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေများစွာ ပွင့်လာနိုင်စေမှာဖြစ်သလို နည်းပညာနဲ့ အသိပညာဖလှယ်မှုတွေမှာလည်း ပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်။ လုပ်ငန်းတွေ လုပ်ဆောင်ရင်း အငြင်းပွားမှု၊ အချေအတင်ဖြစ်မှုတွေက နိုင်ငံခြားကနေ မြန်မာနိုင်ငံကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူတွေနဲ့ မြန်မာနိုင်ငံ ကုမ္ပဏီတွေအကြားမှာ ပေါ်ပေါက်လာနိုင်တယ်။ အဲဒီလို ပေါ်ပေါက်လာခဲ့တဲ့ အခါမှာလည်း နှစ်ဦးနှစ်ဖက်ပြေလည်အောင် ညှိနှိုင်းတိုင်ပင် ဆွေးနွေးလုပ်ဆောင်ကြရတယ်။ အဲဒီလိုမှ မရရင်တော့ ခုံသမာဓိလူကြီး (Arbitrators) တွေ ခန့်အပ်ဆောင်ရွက်မှုနဲ့ နောက်ဆုံးအဆင့်မှာ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ အနုပညာက စီရင်ဆုံးဖြတ်မှု ဥပဒေ (2016,Myanmar Arbitration Law) အရ ပြေငြိမ်းမှုရရှိအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ မိမိနိုင်ငံတိုးတက်ရေးအတွက် အခုဆောင်းပါးကို ရေးသားလာခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product) (OVOP) နဲ့ ထုတ်လုပ်နိုင်မယ့် ထုတ်ကုန်တွေကို သုတေသနပြုလုပ်ကာ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး စနစ်တကျ အကောင်အထည်ဖော်နိုင်ရင် နိုင်ငံတိုးတက်မှုဖြစ်လာမယ်လို့ ဆိုချင်ကြောင်းပါ။