အန်ဖီးလ်မှာ အမှတ်ခွဲယူခဲ့ကြတဲ့ လီဗာပူးလ်နဲ့ မန်စီးတီး

အန်ဖီးလ်မှာ အမှတ်ခွဲယူခဲ့ကြတဲ့ လီဗာပူးလ်နဲ့ မန်စီးတီး
Published 8 October 2018

လီဗာပူးလ် ဝ-၀ မန်စီးတီး

ပရီးမီးယားလိဂ်ပွဲစဉ် (၈) နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ် အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ နှစ်သင်းစလုံးဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပါတယ်။

အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာအတွက် အပြိုင်ဖြစ်နေတဲ့ အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုဖြစ်သလို၊ နှစ်သင်းစလုံး ပုံစံကောင်းရနေတာကြောင့် ပွဲမတိုင်ခင်ကတည်းက စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

နှစ်သင်းစလုံး အဓိက ကစားသမားအစုံအလင်ပါဝင်ခဲ့ပြီး၊ အနိုင်ရဖို့အတွက်ကြိုးစားခဲ့ကြတာပါ။

ရှေ့ပွဲမှာကစားခဲ့တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ နိုင်ပွဲကိုယ်စီရထားလို့ ဒီပွဲဟာ အမှတ်ပေးဇယားရပ်တည်မှု၊ ရမှတ်ကွာဟမှုအတွက်ပါ အရေးပါခဲ့ပါတယ်။

ပွဲအစပိုင်းတွေမှာ နှစ်သင်းစလုံး အခွင့်အရေးစောင့်ပြီး၊ အမှားမရှိအောင်ကစားခဲ့ကြလို့ ဘောလုံးက ကွင်းလယ်မှာအပျက်များနေပြီး၊ ရတဲ့အခွင့်အရေးကိုယ်စီကိုလည်း အသုံးမချနိုင်ခဲ့ကြပါဘူး။

အထူးသဖြင့် အိမ်ရှင်လီဗာပူးလ်အသင်းဟာ မန်စီးတီးအပေါ် တိုက်စစ်ဆင်ဖို့ကြိုးစားပေမယ့် မန်စီးတီးခံစစ်ပိုင်းနဲ့ ဂိုးသမား အီဒါဆန်တို့က အမှားအယွင်းမရှိလို့ အခက်တွေ့ခဲ့ပါတယ်။

ဗန်ဒိုက်ဦးဆောင်တဲ့ လီဗာပူးလ်ရဲ့ခံစစ်ပိုင်းကလည်း အကောင်းဆုံးပုံစံမှာရှိနေခဲ့လို့ မန်စီးတီးတိုက်စစ်အတွက်လည်း အခွင့်အရေးကောင်းတွေမရခဲ့ပါဘူး။

တစ်ပွဲလုံးမှာ အလှည့်အပြောင်းဖြစ်နိုင်တဲ့အခိုက်အတန့်က ပွဲချိန်(၈၆) မိနစ်မှာကြုံခဲ့ပါသေးတယ်။

မန်စီးတီးအသင်းရဲ့ တိုက်စစ်ဆင်မှုမှာ ဆာနေးကို လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ပယ်နယ်တီဧရိယာမှာ ခြေချိတ်ဖျက်ထုတ်ခဲ့တာကြောင့် ဒိုင်လူကြီးက ပယ်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။

ဒီပယ်နယ်တီကို မာရက်ဇ်ကန်သွင်းရာမှာတော့ ဂိုးဘားတန်းအပေါ်ထောင်တက်ခဲ့လို့ မန်စီးတီးအတွက် အကြီးကျယ်ဆုံးနစ်နာမှုဖြစ်ခဲ့ရပါတယ်။

မာရက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ပယ်နယ်တီ (၁၂) ကြိမ်ကန်သွင်းရာမှာ (၇) ကြိမ်သာဂိုးဝင်ခဲ့တာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၅၈%) သာ ဂိုးအဖြစ်ပြောင်းလဲထားနိုင်တာဖြစ်ပါတယ်။

လက်ကျန်မိနစ်မှာတော့ နှစ်သင်းစလုံး အမှားစောင့်ကစားခဲ့ကြလို့ ရင်ခုန်စရာအခွင့်အရေးမရှိတော့ဘဲ ပွဲအပြီးမှာတော့ ဂိုးမရှိသရေနဲ့ အမှတ်ခွဲယူခဲ့ကြပါတယ်။

ဒီသရေပွဲကြောင့် မန်စီးတီးအသင်းဟာ ဒီပွဲမတိုင်ခင်မှာ ချယ်လ်ဆီးအသင်းရယူထားတဲ့ အဆင့် (၁)နေရာကို ပြန်လည်တက်လှမ်းခဲ့ပြီး၊ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်စတဲ့ ထိပ်ဆုံး (၃)သင်းဟာ ရမှတ် (၂၀) စီနဲ့ အမှတ်တူအနေအထားဖြစ်သွားခဲ့ပါတယ်။

 

 

 

 

 

Most Read

Most Recent