အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲကိုယ်စီယူခဲ့ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီး

အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲကိုယ်စီယူခဲ့ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီး
Published 8 October 2018

■ ဖူလ်ဟမ် ၁-၅ အာဆင်နယ်

■ ဆောက်သမ်တန် ဝ-၃ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ပွဲစဉ် (၉) ရဲ့တနင်္ဂနွေညပွဲစဉ်တွေမှာတော့ လန်ဒန်အသင်း (၂)သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။

ပြိုင်ပွဲစုံမှာ (၉)ပွဲဆက်နိုင်ပွဲရထားတဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့လန်ဒန်ဒါဘီအဝေးကွင်းပွဲစဉ်မှာလည်း ဖူလ်ဟမ်အသင်းကို အကောင်းဆုံးပုံစံပြကာ (၅-၁) ဂိုးနဲ့အနိုင်ရပြီး ပြိုင်ပွဲစုံ(၉)ပွဲဆက်အနိုင်ရလဒ်ကို ဖန်တီးခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီဟာ အသင်းရဲ့တိုက်စစ်မှာ အူဘာမီယန်းကို ပွဲအစမှာမသုံးခဲ့ဘဲ ဝဲလ်ဘက်နဲ့ လာကာဇက်ကို တွဲဖက်ပွဲထွက်စေခဲ့ကာ တော်ရဲရား၊ အီဝိုဘီ၊ ချာကာ၊ မစ်ခီတာရီယန်တို့နဲ့ လူစုံခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းကလည်း အိမ်ကွင်းမှာရလဒ်ကောင်းဖို့ ဗီယက်တို၊ မီထရိုဗစ်၊ ဆီဆက်နွန်၊ ရှိုလာတို့နဲ့ တုံ့ပြန်ခဲ့ပေမယ့် အာဆင်နယ်အသင်းကို ယှဉ်ဖို့ခက်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ အာဆင်နယ်အသင်းရဲ့ ဖိအားပေးမှုကို တောင့်မခံနိုင်ခဲ့ဘဲ (၂၉) မိနစ်မှာတော့ ဖူလ်ဟမ်တို့ ဂိုးစပေးခဲ့ရပါတယ်။

ဒီဂိုးကိုတော့ မွန်ရီယဲလ်ရဲ့ပေးပု့ိမှုကနေ လာကာဇက်က (၁၈) ကိုက်စည်းအတွင်း တစ်ချက်ထိန်းကာ ကန်သွင်းယူခဲ့တာပါ။

ပွဲချိန် (၄၄) မိနစ်မှာတော့ ဖူလ်ဟမ်အသင်း ချေပဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဗီယက်တိုရဲ့ပေးပို့မှုကနေ ရှိုလာက အာဆင်နယ်ဂိုးသမား လေနိုကိုကျော်ပြီး အသာအယာကန်သွင်းယူသွားခဲ့တာပါ။

ချေပဂိုးရပြီးနောက်ပိုင်းမှာတော့ အာဆင်နယ်အသင်းရဲ့ပွဲဖြစ်သွားခဲ့ပြီး ဖူလ်ဟမ်အသင်းဘက်ကို တောက်လျှောက်ဖိအားပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက်နောက်ထပ်ဂိုးတွေကိုတော့ ပွဲချိန် (၄၉) မိနစ်မှာ လာကာဇက်က အဝေးကန်ချက်နဲ့သွင်းယူပြီး တတိယဂိုးကိုတော့ အာဆင်နယ်ရဲ့အကောင်းဆုံးသောတန်ပြန်တိုက်စစ်ကနေ အူဘာမီယန်း ပေးပို့တာကို ရမ်ဆေးက လှလှပပပိတ်သွင်းယူခဲ့တာပါ။

ဆက်တိုက်ဆိုသလိုပဲ (၇၉) မိနစ်မှာ ဘယ်လာရင်ရဲ့ပေးပို့မှုကနေ အူဘာမီယန်းက ပတ်ကန်သွင်းယူခဲ့ပြီး၊ နောက်ဆုံးဂိုးကိုလည်း မိနစ် (၉၀) အပြီးနာကျင်အချိန်ပိုမှာ ရမ်ဆေးရဲ့ပေးပို့မှုကနေ အူဘာမီယန်းကပဲ ကန်သွင်းယူသွားခဲ့တာပါ။

ဒီနိုင်ပွဲဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲဆက်နိုင်ပွဲရခဲ့တာဖြစ်ပြီး ဒီပွဲမှာ (၂) ဂိုးစီသွင်းယူခဲ့တဲ့ လာကာဇက်နဲ့ အူဘာမီယန်းတို့ရဲ့ (၂) ဦးပေါင်းပရီးမီးယားလိဂ်သွင်းဂိုးကလည်း (၈) ဂိုးအထိရှိလာခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းဟာ အဝေးကွင်းမှာ ဆောက်သမ်တန်အသင်းကို (၃-ဝ) ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် (၇) မှာ လီဗာပူးလ်ကိုသရေကျခဲ့တာကြောင့် ချယ်လ်ဆီးနည်းပြ ဆာရီဟာ ဒီပွဲမှာရလဒ်ကောင်းဖို့ ကြိုးစားခဲ့ပြီး ကိုဗာချစ်နေရာမှာ ဘာကလေကိုပြောင်းလဲခဲ့တာကလွဲလို့ ချယ်လ်ဆီးရဲ့လူစာရင်းဟာ အပြောင်းအလဲမရှိခဲ့ပါဘူး။

ချယ်လ်ဆီးအသင်းကို အိမ်ကွင်းမှာ အမြဲအခက်တွေ့စေတဲ့ ဆောက်သမ်တန်အသင်းကလည်း ဒီပွဲမှာ အကောင်းဆုံးတုံ့ပြန်ဖို့ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ကစားကွက်အောက်မှာ အရာမထင်ခဲ့ပါဘူး။

ဒီနေ့ပွဲမှာ ဟာဇက်ဟာ သူ့ရဲ့တန်ဖိုးကို ထပ်ပြသွားခဲ့ပြီး ပွဲချိန်မိနစ် (၃၀)မှာ ဘာကလေရဲ့ပေးပို့မှုကနေ ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဟာဇက်ရဲ့တစ်ဦးချင်းထိုးဖောက်မှုတွေဟာ ဆောက်သမ်တန်နောက်တန်းကို တစ်ချိန်လုံးအလုပ်ရှုပ်စေခဲ့ပြီး၊ ဆောက်သမ်တန်အသင်းအနေနဲ့လည်း အခွင့်အရေးကောင်းတချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ချေပဂိုးနဲ့ဝေးခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းအတွက် ဒုတိယဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန် (၅၇) မိနစ်မှာ ဂျရူးရဲ့ပေးပို့မှုကနေ ဘာကလေက အသင်းအတွက် သူ့ရဲ့ပထမဆုံးသော ပရီးမီးယားလိဂ်ဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း ချယ်လ်ဆီးအသင်းကသာ ကစားကွက်စီးခဲ့ပြီး ဆောက်သမ်တန်အသင်းကို ဖိအားပေးခဲ့တာပါ။

ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ မိနစ် (၉၀) အပြီးနာကျင်အချိန်ပိုမှာ ဟာဇက်ရဲ့ပေးပို့မှုကနေ မိုရာတာက သွင်းယူပေးခဲ့တာပါ။

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၁၁) ပွဲမှာ (၁၂) ဂိုးအထိ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပြီး (၉)ဂိုးသွင်းကာ (၃) ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Most Read

Most Recent