ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ မန်ယူ

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ မန်ယူ
Published 7 October 2018

Photo: Reuters

■ မန်ယူ ၃-၂ နယူးကာဆယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၈) စနေညရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မန်ယူနဲ့ နယူးကာဆယ်ပွဲမှာတော့ ပထမပိုင်းမှာ (၂)ဂိုးပြတ်ရှုံးနေတဲ့ မန်ယူအသင်းက ဒုတိယပိုင်းမှာ (၃)ဂိုးပြန်သွင်းပြီး (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

နှစ်သင်းစလုံး ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဒီနေ့ပွဲမှာ လူစုံနီးပါးပွဲထုတ်ခဲ့ကြတာပါ။ မော်ရင်ဟိုကတော့ ပြဿနာတွေရှိနေပြီး ခြေစွမ်းပျောက်ဆုံးနေတဲ့ ဆန်းချက်ဇ်ကို အရန်ခုံမှာပဲ ထားခဲ့ပြီး ရှေ့တန်းမှာ မာစီယဲလ်၊ လူကာကူ၊ ရပ်ရှ်ဖို့ဒ်တို့ကို ပွဲထုတ်ခဲ့ကာ (၄-၃-၃)ပုံစံနဲ့ ကစားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးတဲ့ နယူးကာဆယ်ကတော့ ဂျပန်တိုက်စစ်မှူး မူတိုကို အထောင်ထားပြီး အယိုဇေပီရက်ဇ်ကို နောက်ချန်တိုက်စစ်အဖြစ်အသုံးပြုကာ (၄-၄-၁-၁)ပုံစံနဲ့ ကစားသွားခဲ့ပါတယ်။

Photo: Reuters

မန်ယူက ပွဲစပြီးဆိုတာနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားဖို့ ကြိုးစားခဲ့ပေမယ့် လျင်မြန်တဲ့ နယူးကာဆယ်ရဲ့ တိုက်စစ်ကို မထိန်းနိုင်ဘဲ ပွဲချိန် (၇)မိနစ်မှာပဲ ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ ကွင်းလယ်ကနေ အယိုဇေပီရက်ဇ်က မျောထိုးပေးလိုက်တာကို ကန်နေဒီက လိုက်ပါလာတဲ့ အက်ရှ်လေယန်းကို တစ်ချက်လိမ်ပြီး ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

နောက်(၃)မိနစ်အကြာပဲ နယူးကာဆယ်တို့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ပွဲချိန် (၁၀)မိနစ်မှာ ရှယ်လ်ဗေးရဲ့ ပေးပို့မှုကနေ မူတိုက ပယ်နယ်တီဧရိယာထဲမှာ မန်ယူနောက်ခံလူတွေကို လိမ်ခေါက်ပြီး ကန်သွင်းယူသွားခဲ့တာပါ။

အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ (၁၀)မိနစ်အတွင်း နှစ်ဂိုးပေးလိုက်ရတာဟာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ မန်ယူတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၂၂)မိနစ်မှာ လူကာကူတင်ပေးတာကို ရပ်ရှ်ဖို့ဒ်အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုသာခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေ ပိုဖန်တီးနိုင်ခဲ့တာ နယူးကာဆယ်အသင်းပဲ ဖြစ်ပြီး ပထမပိုင်းမှာ နယူးကာဆယ်အသင်းက ဂိုးပေါက်တည့်ကန်သွင်းမှု (၆)ကြိမ်အထိ ရှိခဲ့ပြီး မန်ယူအသင်းကတော့ (၂)ကြိမ်ပဲ ရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တွမ်မီနေးအစား ဖယ်လေနီကို ထည့်သွင်းပြီး မန်ယူတို့ ချေပဂိုးရဖို့ ဖိကစားခဲ့ပါတယ်။ ပွဲချိန် (၅၀)မိနစ်မှာ ထောင့်ကန်ဘောကနေ ပြန်ထွက်လာကို ပေါ့ဘာ ကန်သွင်းချက် ကောင်းမွန်ခဲ့ပေမယ့် နယူးကာဆယ်ဂိုးသမားက လက်စွမ်းပြ ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ပြန်ထွက်လာတဲ့ ဘောလုံးကို မာတစ် ပယ်နယ်တီဧရိယာအတွင်းကနေ အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးပေါ်ထောင်ကန်ခဲ့လို့ မန်ယူတို့ နစ်နာခဲ့ရပါတယ်။

Photo: Twitter

ပွဲချိန် (၆၇)မိနစ်မှာတော့ ဆန်းချက်ဇ်ကို ရပ်ရှ်ဖို့ဒ်အစား ထည့်သွင်းခဲ့ပါတယ်။ တောက်လျှောက်ဖိကစားနေတဲ့ မန်ယူဟာ ပွဲချိန်မိနစ် (၇၀)မှာတော့ ပထမချေပဂိုး ရခဲ့ပါတယ်။ မာတာက ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း မန်ယူတို့ဆက်တိုက် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဖယ်လေနီ၊ စမောလင်းတို့ရဲ့ ကန်ချက်တွေက ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် နယူးကာဆယ်ဂိုးသမား ဒူဘရာကာ လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် (၇၆)မိနစ်မှာတော့ မန်ယူတို့ ဒုတိယချေပဂိုး ရရှိခဲ့ပါတယ်။ ဘယ်တောင်ပံမှာ ကစားနေတဲ့ မာစီယဲလ်က ပေါ့ဘာနဲ့ ဝမ်းတူးရိုက်ပြီး ပယ်နယ်တီဧရိယာထဲကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ချက်ချင်းဆိုသလို နယူးကာဆယ်အသင်းအခွင့်အရေးရခဲ့ပေမယ့် လူကာကူ ဂိုးစည်းပေါ်က ရှင်းထုတ်ခဲ့လို့ မန်ယူတို့ ကံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။

Photo: PA

အဲဒီနောက်ပိုင်းမှာတော့ မန်ယူအသင်းက အနိုင်ရဖို့အတွက် တောက်လျှောက်ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန်မိနစ် (၉၀)မှာ ညာတောင်ပံကနေ အက်ရှ်လေယန်းရဲ့ ဖြတ်တင်ပေးပို့မှုကို လူစားဝင်ကစားသမား ဆန်းချက်ဇ်က ခေါင်းတိုက်ပြီး အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲအနိုင်ကြောင့် မန်ယူအသင်းဟာ ပြိုင်ပွဲစုံ (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့သလို နယူးကာဆယ်နဲ့ ရင်ဆိုင်ရတိုင်း အိမ်ကွင်းမှာ အနိုင်ရလေ့ရှိတဲ့ မော်ရင်ဟိုကလည်း (၁၀၀)ရာခိုင်နှုန်း အနိုင်ရတဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ရလဒ်တွေ ဆိုးရွားနေတာကြောင့် အနာဂတ်လှုပ်ခတ်နေတဲ့ မော်ရင်ဟိုအတွက် ဒီနိုင်ပွဲဟာ ဖိအားလျော့သွားခဲ့ရသလို ဒီထက်ပိုပြီး ကျေနပ်စရာဖြစ်ခဲ့တာက ဒုတိယပိုင်းမှာ မန်ယူအသင်းရဲ့ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းကို ပြန်လည်မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

■ ယနေ့ကစားသည့် ဥရောပပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်
ဘန်လေ ၁-၁ ဟတ်ဒါဖီးလ်
ခရစ္စတယ်ပဲလေ့စ် ဝ-၁ ဝုလ်ဗ်
လက်စတာ ၁-၂ အဲဗာတန်
စပါး ၁-၀ ကာဒစ်ဖ်
ဝက်ဖို့ဒ် ဝ-၄ ဘုန်းမောက်
မန်ယူ ၃-၂ နယူးကာဆယ်

လာလီဂါ
ဟီရိုနာ ၂-၃ အီဘာ
ဂီတာဖေး ဝ-၁ လီဗန်တေး
အလာဗတ်စ် ၁-၀ ရီးယဲလ်မက်ဒရစ်
လီဟာနက်စ် ၁-၀ ဗယ်လက်ကာနို

စီးရီးအေ
ကာဂလီယာရီ ၂-၀ ဘိုလော့ဂ်နာ
အူဒီးနီးစ် ဝ-၂ ဂျူဗင်တပ်စ်
အမ်ပိုလီ ဝ-၂ ရိုးမား

ဘွန်ဒစ်လီဂါ
ဒေါ့မွန် ၄-၃ အော့စ်ဘတ်
ဟန်နိုဗာ ၃-၁ စတုဂတ်
မိန့်ဇ် ဝ-၀ ဟာသာဘာလင်
ဒစ်ဆယ်ဒေါ့ဖ် ဝ-၂ ရှော်လ်ကေး
ဘိုင်ယန်မြူးနစ် ဝ-၃ မိုချန်ဂလာဘတ်

လီဂူး
လိုင်လီ ၃-၁ စိန့်အက်တီယန်
အာမီယန်စ် ၁-၀ ဒီယွန်း
အန်ဂါစ် ၂-၂ စထရာဘိုး
ဂူအင်ဂမ့် ၁-၁ မောင့်ပယ်လီယာ
နီးစ် ဝ-၀ Reims

လိဂ်ချန်ပီယံရှစ်
လိဒ်စ် ၁-၁ ဘရန့်ဖို့ဒ်
ဘာမင်ဂမ် ၃-၁ ရော့သာဟမ်
မစ်ဒယ်ဘရော့ ဝ-၂ နော်တင်ဟမ်
မီဝေါလ် ၂-၁ အက်စတွန်ဗီလာ
နောဝစ်ချ် ဝ-၁ စတုတ်စီးတီး
ပရက်စတန် ၄-၀ ဝီဂန်
QPR ၁-၁ ဒါဘီ
ရှက်ဖီးယူနိုက်တက် ၁-၀ ဟားလ်စီးတီး
ဆွမ်ဆီး ၂-၃ အစ်ဝစ်ချ်
ဝက်စ်ဘရွန်း ၄-၁ ရက်ဒင်း
ဘော်လ်တန် ဝ-၁ ဘလက်ဘန်း

Most Read

Most Recent