ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက် အနိုင်ရခဲ့တဲ့ စပါး

ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက် အနိုင်ရခဲ့တဲ့ စပါး
Published 7 October 2018

Photo: Reuters

■ စပါး ၁-၀ ကာဒစ်ဖ်

ပရီးမီးယားလိဂ်ပွဲစဉ် (၈) စနေညရဲ့ ပွဲစဉ်တွေက စပါးအသင်းနဲ့ ကာဒစ်ဖ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ စပါးအသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒဏ်ရာရကစားသမားတွေများနေပေမယ့် စပါးအသင်းမှာ ဟာရီကိန်း၊ လူးကပ်စ်မော်ရာ၊ ဆွန်ဟောင်မင်၊ ဒိုင်ယာ၊ လိုရစ်စတဲ့ ကစားသမားတွေပါဝင်ခဲ့ပြီး (၄-၄-၂)ပုံစံနဲ့ ကစားခဲ့ပါတယ်။

ဧည့်သည် ကာဒစ်ဖ်အသင်းကတော့ (၄-၅-၁)ပုံစံနဲ့ ခင်းကျင်းပြီး ပတ်တာဆန်ကို အထောင်ထားကာ ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

စပါးအသင်းက ကာဒစ်ဖ်အသင်းကို ပွဲအစကတည်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် (၈)မိနစ်မှာပဲ အဖွင့်ဂိုး ရခဲ့ပါတယ်။ ဒါဗင်ဆန်ဆန်းချက်ဇ်ရဲ့ ခေါင်းတိုက်ဘောကို ကာဒစ်ဖ်နောက်ခံလူ ရှင်းထုတ်ဖို့နောက်ကျနေတာကို အခွင့်ကောင်းယူပြီး ဒိုင်ယာက ဂိုးသမားနဲ့အနီးကပ်အနေအထားကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Photo: Getty Images

အဲဒီနောက်ပိုင်းမှာလည်း စပါးကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပြီး ကာဒစ်ဖ်ကတော့ တန်ပြန်တိုက်စစ်လောက်ပဲ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် (၂၃)မိနစ်မှာ ကာဒစ်ဖ်တို့ ဂိုးရနိုင်တဲ့အခွင့်အရေးတစ်ကြိမ်ရခဲ့ပြီး ဟွိုင်းလက်စ်အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ပထမပိုင်းမှာ စပါးဘက်က မော်ရာ၊ ဟာရီကိန်းတို့အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ စပါးက (၁-ဝ)ဂိုးနဲ့ပဲ နိုင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း စပါးအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် (၅၉)မိနစ်မှာတော့ ကစားပုံကြမ်းတမ်းတဲ့ ကွင်းလယ်လူ ဂျိုးရောလ် အနီကတ်နဲ့ ထုတ်ပယ်ခံရလို့ ကာဒစ်ဖ်တို့ အခက်တွေ့ခဲ့ပါတယ်။

လူတစ်ယောက်အသာရသွားတဲ့ စပါးအသင်းဟာ ကာဒစ်ဖ်အသင်းကို ပိုမိုဖိကစားနိုင်ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အပြင် ကာဒစ်ဖ်ရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း သတိထားကစားခဲ့ရပါတယ်။

ဒါပေမဲ့ စပါးတို့ အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ ကာဒစ်ဖ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက် နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

 

■ ယနေ့ကစားသည့် ဥရောပပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်
ဘန်လေ ၁-၁ ဟတ်ဒါဖီးလ်
ခရစ္စတယ်ပဲလေ့စ် ဝ-၁ ဝုလ်ဗ်
လက်စတာ ၁-၂ အဲဗာတန်
စပါး ၁-၀ ကာဒစ်ဖ်
ဝက်ဖို့ဒ် ဝ-၄ ဘုန်းမောက်

လာလီဂါ
ဟီရိုနာ ၂-၃ အီဘာ

စီးရီးအေ
ကာဂလီယာရီ ၂-၀ ဘိုလော့ဂ်နာ

ဘွန်ဒစ်လီဂါ
ဒေါ့မွန် ၄-၃ အော့စ်ဘတ်
ဟန်နိုဗာ ၃-၁ စတုဂတ်
မိန့်ဇ် ဝ-၀ ဟာသာဘာလင်
ဒစ်ဆယ်ဒေါ့ဖ် ဝ-၂ ရှော်လ်ကေး

လိဂ်ချန်ပီယံရှစ်
လိဒ်စ် ၁-၁ ဘရန့်ဖို့ဒ်
ဘာမင်ဂမ် ၃-၁ ရော့သာဟမ်
မစ်ဒယ်ဘရော့ ဝ-၂ နော်တင်ဟမ်
မီဝေါလ် ၂-၁ အက်စတွန်ဗီလာ
နောဝစ်ချ် ဝ-၁ စတုတ်စီးတီး
ပရက်စတန် ၄-၀ ဝီဂန်
QPR ၁-၁ ဒါဘီ
ရှက်ဖီးယူနိုက်တက် ၁-၀ ဟားလ်စီးတီး
ဆွမ်ဆီး ၂-၃ အစ်ဝစ်ချ်
ဝက်စ်ဘရွန်း ၄-၁ ရက်ဒင်း

Most Read

Most Recent