အမှတ်ခွဲယူခဲ့ကြတဲ့ မန်ယူနဲ့ ဗလင်စီယာ

အမှတ်ခွဲယူခဲ့ကြတဲ့ မန်ယူနဲ့ ဗလင်စီယာ
Published 3 October 2018

Photo: Twitter

■ မန်ယူ ဝ-၀ ဗလင်စီယာ

ချန်ပီယံလိဂ်ပွဲစဉ် (၂) အင်္ဂါညရဲ့ပွဲစဉ်ထဲက တစ်ပွဲဖြစ်တဲ့ မန်ယူနဲ့ ဗလင်စီယာတို့ပွဲမှာတော့ ဂိုးသွင်းနိုင်ခြင်းမရှိဘဲ (ဝ-၀)ဂိုးနဲ့ သရေကျပြီး အမှတ်ခွဲယူခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားနေတာကြောင့် အနာဂတ်လှုပ်ခတ်နေတဲ့ မော်ရင်ဟိုဟာ ဒီနေ့ပွဲမှာတော့ ဆန်းချက်ဇ်ကို ပြန်လည်အသုံးပြုခဲ့ပြီး ရှေ့တန်းမှာ လူကာကူ၊ ရပ်ရှ်ဖို့ဒ်တို့နဲ့ တွဲဖက်ပေးခဲ့သလို ပေါ့ဘာ၊ ဖယ်လေနီ၊ ဘာယီ၊ မာတစ်တို့နဲ့ လူစုံခဲ့ပါတယ်။

ဗလင်စီယာအသင်းကတော့ (၄-၄-၂)ပုံစံပွဲထွက်လာခဲ့ပြီး ရှေ့တန်းမှာ ရိုဒရီဂိုနဲ့ ဘက်ရှူအာယီတို့ ကစားခဲ့ကာ ပါရီဂျို၊ ကိုကီလင်၊ ဂယ်ဒက်စ်စတဲ့ ကစားသမားတွေနဲ့ လူစုံခဲ့ပါတယ်။

အိမ်ရှင် မန်ယူအသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူ ကစားခဲ့ပြီး ဗလင်စီယာ နောက်တန်းကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပါတယ်။

Photo: Twitter

အထူးသဖြင့် ရပ်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့ရဲ့ ဘယ်တောင်ပံဟာ ဗလင်စီယာအသင်းနောက်တန်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ် ဖြတ်တင်ဘောကို ဗလင်စီယာနောက်ခံလူတွေ တားဆီးရင်း လက်နဲ့ ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပယ်နယ်တီမပေးခဲ့လို့ မန်ယူနစ်နာခဲ့သလို ရပ်ရှ်ဖို့ဒ်ကလည်း ရရှိလာတဲ့အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။

ပထမပိုင်းမှာ မန်ယူကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကာ ဖိကစားသွားခဲ့ပြီး ဗလင်စီယာကတော့ တန်ပြန်တိုက်စစ်ကစားဖို့တောင် တော်တော်ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။

Photo: Reuters

ဒုတိယပိုင်းမှာလည်း မန်ယူအသင်းကပဲ ဆက်လက်ဖိကစားခဲ့ပါတယ်။ ဗလင်စီယာအသင်းဟာ ပထမပိုင်းကထက် ပိုကောင်းလာခဲ့ပါတယ်။

ဒါပေမဲ့ မန်ယူအသင်းကပဲ ဂိုးသွင်းခွင့်တွေ ပိုရခဲ့သလို အခွင့်အရေးတွေလည်း ပိုသာခဲ့ပါတယ်။ ဒါပေမဲ့ အခွင့်အရေးတွေကိုတော့ ပထမပိုင်းမှာလိုပဲ အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။

ပွဲချိန် မိနစ် (၇၀)မှာ တန်ပြန်တိုက်စစ်ကနေ ပေါ့ဘာ တင်ပေးတာကို လူကာကူရသွားပြီး ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းခဲ့ပေမယ့် ဗလင်စီယာဂိုးသမား နက်တို ပုတ်ထုတ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ မော်ရင်ဟိုဟာ ခြေစွမ်းမပြနိုင်တဲ့ ဆန်းချက်ဇ်ကို ထုတ်ပြီး မာစီယဲလ်ကို ထည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ဗလင်စီယာနောက်တန်းကို ကျော်ဖြတ်နိုင်ခြင်း မရှိတာကြောင့် ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

■ ယနေ့ကစားသည့် ဥရောပပွဲစဉ် ရလဒ်များ

ချန်ပီယံလိဂ် အုပ်စုအဆင့်
ဟော်ဖန်ဟင်မ် ၁-၂ မန်စီးတီး
ဂျူဗင်တပ်စ် ၃-၀ ယန်းဘွိုင်းစ်
ဘိုင်ယန်မြူးနစ် ၁-၁ အေဂျက်စ်
AEK အေသင် ၂-၃ ဘင်ဖီကာ
လိုင်ယွန် ၂-၂ ရှက်တာဒိုးနက်
CSKA မော်စကို ၁-၀ ရီးယဲလ်မက်ဒရစ်
ရိုးမား ၅-၀ ဗစ်တိုးရီးယားပါလ်ဇန်
မန်ယူ ဝ-၀ ဗလင်စီယာ

 

လိဂ်ဖလား တတိယအဆင့်
အဲဗာတန် ၁-၁ ဆောက်သမ်တန်
(Pen ၄-၃ ဂိုးဖြင့် ဆောက်သမ်တန်နိုင်)

 

လိဂ်ချန်ပီယံရှစ်
အက်စတွန်ဗီလာ ၃-၃ ပရက်စတန်
ဘရန့်ဖို့ဒ် ၁-၁ ဘာမင်ဂမ်
အစ်ဝစ်ချ် ဝ-၂ မစ်ဒယ်ဘရော့
ဝီဂန် ဝ-၀ ဆွမ်ဆီး
ဟားလ်စီးတီး ဝ-၁ လိဒ်စ်
ရက်ဒင်း ဝ-၁ QPR
စတုတ်စီးတီး ၂-၀ ဘော်လ်တန်

Most Read

Most Recent