ဒေးဗစ်ဆေးလ်ဗားရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီး

ဒေးဗစ်ဆေးလ်ဗားရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီး
Published 3 October 2018

Photo: Bongarts/Getty Images

■ ဟော်ဖန်ဟင်မ် ၁-၂ မန်စီးတီး

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) အင်္ဂါညရဲ့အစောပိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဟော်ဖန်ဟင်မ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အဖွင့်ပွဲစဉ်မှာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ထားတာကြောင့် ဂွါဒီယိုလာဟာ ဒီနေ့ပွဲမှာ လူစုံပွဲထုတ်ခဲ့ပြီး ရှေ့တန်းမှာ စတာလင်၊ ဆာနေး၊ အဂွဲရိုးတို့အတွဲကို တွဲဖက်ပေးခဲ့ပါတယ်။

ဟော်ဖန်ဟင်မ်အသင်းကလည်း (၄-၃-၃)ပုံစံနဲ့ပဲ ပွဲထွက်ခဲ့ပြီး ဘယ်ဖိုဒယ်လ်၊ ဆလိုင်းစတဲ့ ကစားသမားတွေနဲ့ လူစုံခဲ့တာပါ။

ဟော်ဖန်ဟင်မ်အသင်းဟာ မန်စီးတီးကို ပွဲအစပိုင်းမှာ သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပြီး ပွဲစလို့ (၄၄)စက္ကန့်မှာပဲ အဖွင့်ရသွားခဲ့ပါတယ်။ ကွင်းလယ်ကနေ ဒီမာဘေး မျောထိုးပေးတာကို တောင်ပံကစားသမား ဘယ်ဖိုဒယ်လ်က မန်စီးတီးအသင်းရဲ့ပယ်နယ်တီဧရိယာထဲ ဆွဲဝင်ပြီး သွင်းယူခဲ့တာပါ။

Photo: EMPICS Sport

မထင်မှတ်ဘဲ ဂိုးပေးလိုက်ရတာကြောင့် မန်စီးတီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲချိန် (၇)မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုး ရရှိခဲ့ပါတယ်။ ဆေးလ်ဗားနဲ့ ဆာနေးတို့ချိတ်ဆက်မှုကနေ ဆာနေး ချပေးတာကို အဂွဲရိုးက ဟော်ဖန်ဟင်မ်နောက်ခံလူတွေ တားဆီးနေတဲ့ကြားက ကန်သွင်းယူခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ စတာလင်၊ အဂွဲရိုးတို့ ဟော်ဖန်ဟင်မ်ဂိုးသမားနဲ့ တစ်ယောက်ချင်းအနေအထားတွေကနေ ကန်သွင်းခွင့်ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်း မရှိလို့ နစ်နာခဲ့သလို မန်စီးတီးနောက်တန်းကလည်း ဟော်ဖန်ဟင်မ်ရဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်ကစားဖို့ ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး ထပ်မံဂိုးသွင်းနိုင်ခြင်းမရှိတာကြောင့် (၁-၁)ဂိုးနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ အနိုင်ဂိုးရဖို့ ဟော်ဖန်ဟင်မ်ဘက်ကို ပိုမိုဖိကစားလာခဲ့ပါတယ်။ ဒါကြောင့် ဟော်ဖန်ဟင်မ်အသင်းက ပထမပိုင်းကလောက် အခွင့်အရေးမရတော့ဘဲ မန်စီးတီးကို တန်ပြန်တိုက်စစ်လောက်ပဲ ကစားနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ နောက်ပိုင်းမှာတော့ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ ပွဲချိန် (၇၂)မိနစ်မှာ ဆာနေးကို ဟော်ဖန်ဟင်မ်ဂိုးသမား ဘူမန်း ပယ်နယ်တီဧရိယာထဲမှာ ဆွဲလှဲခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပယ်နယ်တီမပေးခဲ့တာကြောင့် မန်စီးတီးတို့ နစ်နာခဲ့ပါတယ်။

Photo: EMPICS Sport

ဒါပေမဲ့ တောက်လျှောက်ဖိအားပေးကစားနေတဲ့ မန်စီးတီးဟာ ပွဲချိန် (၈၇)မိနစ်မှာတော့ အနိုင်ဂိုးရသွားခဲ့ပါတယ်။ ဘယ်တောင်ပံက ဘာနာဒိုဆေးလ်ဗား တင်ပေးတာကို ဟော်ဖန်ဟင်မ် နောက်ခံလူ ဖျက်ထုတ်ဖို့နောက်ကျနေတာကြောင့် ဒေးဗစ်ဆေးလ်ဗားက ဖြတ်လုပြီး ဂိုးသမားနဲ့ အနီးကတ်အနေအထားကနေ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာလည်း မန်စီးတီးတို့ ကစားအားမချဘဲ ဂိုးတွေထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်ခဲ့ဘဲ (၂-၁)ဂိုးနဲ့ပဲ ပြီးဆုံးခဲ့ပြီး မန်စီးတီး ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

 

■ ချန်ပီယံလိဂ် အုပ်စုအဆင့်
ဟော်ဖန်ဟင်မ် ၁-၂ မန်စီးတီး
ဂျူဗင်တပ်စ် ၃-၀ ယန်းဘွိုင်းစ်

Most Read

Most Recent