ပရီးမီးယားလိဂ်တွင် အာဆင်နယ်၊ မန်စီးတီးနှင့် စပါးတို့ နိုင်ပွဲဆက်

ပရီးမီးယားလိဂ်တွင် အာဆင်နယ်၊ မန်စီးတီးနှင့် စပါးတို့ နိုင်ပွဲဆက်
Published 30 September 2018

Photo: Reuters

ပရီးမီးယားလိဂ်ပွဲစဉ် (၇) စနေညပွဲစဉ်များတွင် အာဆင်နယ်၊ မန်စီးတီးနှင့် စပါးအသင်းတို့သည် ပြိုင်ဘက်များကို ဂိုးပြတ်အနိုင်ယူကာ နိုင်ပွဲဆက်ခဲ့ကြသည်။

အာဆင်နယ်နှင့် ဝက်ဖို့ဒ်အသင်းတို့၏ ပွဲစဉ်တွင် အာဆင်နယ်အသင်းက ဒုတိယပိုင်းသွင်းဂိုးများကြောင့် (၂-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ဝက်ဖို့ဒ်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ကစားနိုင်ခဲ့သည်။ ဝက်ဖို့ဒ်အသင်းအနေဖြင့် အာဆင်နယ်အသင်းဘက်သို့ ဂိုးကန်သွင်းများရရှိခဲ့သော်လည်း ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေ။  ပွဲချိန် (၈၁) မိနစ်တွင် ဝက်ဖို့ဒ်နောက်ခံလူ ကက်ကတ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိသဖြင့် အာဆင်နယ်အသင်း အဖွင့်ဂိုး ရသွားခဲ့သည်။

အာဆင်နယ်အတွက် ဒုတိယဂိုးကို ပွဲချိန် (၈၃) မိနစ်တွင် အိုဇေးလ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ရာသီအစက ပရီးမီးယားလိဂ်တွင် အဖွင့်ပွဲစဉ် (၂)ပွဲဆက်ရှုံးနိမ့်ခဲ့သော်လည်း နောက်ဆုံး (၅)ပွဲဆက်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Photo: Twitter

လက်ရှိချန်ပီယံ မန်စီးတီးအသင်းမှာမူ အိမ်ကွင်းတွင် ဘရိုက်တန်အသင်းနှင့် ကစားခဲ့ရပြီး (၂) ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအတွက် အနိုင်ဂိုးများကို ပွဲချိန် (၂၉) မိနစ်တွင် စတာလင်နှင့် ပွဲချိန်(၆၅) မိနစ်တွင် အဂွဲရိုးတို့က သွင်းယူခဲ့ခြင်းဖြစ်သည်။

ယခုပွဲစဉ်တွင် ဂိုးသွင်းနိုင်ခဲ့သည့် မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးမှာ ၎င်းပါဝင်ကစားခဲ့သည့် ပရီးမီးယားလိဂ် နောက်ဆုံး (၁၁) ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု (၁၈) ကြိမ် (၁၅ ဂိုးသွင်း၊ ၃ ဂိုးဖန်တီး) အထိရှိခဲ့သည်။ မန်စီးတီးအသင်းသည် ယခုနိုင်ပွဲကြောင့် ချယ်လ်ဆီးနှင့် လီဗာပူးလ်ပွဲမကစားမီ အဆင့် (၁)နေရာသို့ ရောက်ရှိခဲ့သည်။

Photo: AFP/Getty Images

စပါးအသင်းသည် အဝေးကွင်းတွင် ကစားခဲ့ရသော်လည်း ဟတ်ဒါဖီးလ်အသင်းကို အသင်းခေါင်းဆောင် ဟာရီကိန်း၏ ပထမပိုင်းသွင်းဂိုး (၂) ဂိုးဖြင့် (၂)ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ စပါးအသင်းသည် ဟတ်ဒါဖီးလ်အသင်းကို ပွဲအစကတည်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် (၂၅) မိနစ်တွင် ထရစ်ပီယာ၏ ပေးပို့မှုမှ ဟာရီကိန်းကခေါင်းတိုက်သွင်းယူခဲ့သလို၊ ပွဲချိန် (၃၄) မိနစ်တွင်လည်း ပယ်နယ်တီမှတစ်ဆင့် ၎င်းကပင် စပါးအသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

စပါးအသင်းတွင် နောက်ပိုင်းပွဲစဉ်များ၌ ဂိုးပေါက်ပျောက်နေခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ဟာရီကိန်းသည် ဟတ်ဒါဖီးလ်အသင်း၏ ကွင်းတွင် (၂)ပွဲကစားရာ၌ (၄) ဂိုးအထိသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

■ ဥရောပပွဲစဉ်များ ရလဒ်

 

ပရီးမီးယားလိဂ်
ဝက်စ်ဟမ်း ၃-၁ မန်ယူ
အာဆင်နယ် ၂-၀ ဝက်ဖို့ဒ်
အဲဗာတန် ၃-၀ ဖူလ်ဟမ်
ဟတ်ဒါဖီးလ် ဝ-၂ စပါး
မန်စီးတီး ၂-၀ ဘရိုက်တန်
နယူးကာဆယ် ဝ-၂ လက်စတာ
ဝုလ်ဗ် ၂-၀ ဆောက်သမ်တန်

လာလီဂါ
ဆိုစီဒက် ဝ-၁ ဗလင်စီယာ

 

စီးရီးအေ
ရိုးမား ၃-၁ လာဇီယို

 

ဘွန်ဒစ်လီဂါ
ရှော်လ်ကေး ၁-၀ မိန့်ဇ်
ဟော်ဖန်ဟင်မ် ၁-၂ လိုက်ပ်ဇစ်
စတုဂတ် ၂-၁ ဝါဒါဘရီမင်
ဝုလ်ဖ်ဘတ် ၂-၂ မိုချန်ဂလာဘတ်
နုရင်ဘတ် ၃-၀ ဒစ်ဆယ်ဒေါ့ဖ်

လိဂ်ချန်ပီယံရှစ်
ဘာမင်ဂမ် ၂-၂ အစ်ဝစ်ချ်
ဘလက်ဘန်း ၂-၂ နော်တင်ဟမ်
ဘော်လ်တန် ၁-၀ ဒါဘီ
ဘရန့်ဖို့ဒ် ၂-၂ ရက်ဒင်း
ဟားလ်စီးတီး ၁-၁ မစ်ဒယ်ဘရော့
မီဝေါလ် ၂-၃ ရှက်ဖီးယူနိုက်တက်
နောဝစ်ချ် ၁-၀ ဝီဂန်
ပရက်စတန် ၂-၃ ဝက်စ်ဘရွန်း
ဆွမ်ဆီး ၃-၀ QPR

Most Read

Most Recent