အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး မန်ယူနဲ့ မော်ရင်ဟိုကို ဖိအားတိုးစေတဲ့ ဝက်စ်ဟမ်း

အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး မန်ယူနဲ့ မော်ရင်ဟိုကို ဖိအားတိုးစေတဲ့ ဝက်စ်ဟမ်း
Published 30 September 2018

Photo: Reuters

■ ဝက်စ်ဟမ်း ၃-၁ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၇) ရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာတော့ ဝက်စ်ဟမ်းအသင်းက အိမ်ကွင်းမှာ (၃-၁) ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြားရက် လိဂ်ဖလားပွဲစဉ်မှာ ဒါဘီအသင်းကိုအိမ်ကွင်းမှာအရေးနိမ့်ခဲ့လို့ ဖိအားများနေတဲ့ နည်းပြမော်ရင်ဟိုအတွက် ဒီရှုံးပွဲက စိုးရိမ်ရေမှတ်ကိုရောက်စေခဲ့ပြီး၊ ကစားသမားတွေနဲ့အဆင်မပြေမှုတွေ၊ ရလဒ်ဆိုးတွေက အနာဂတ်ကိုပါ လှုပ်ခတ်စေခဲ့ပါပြီ။

ပုံစံကောင်းပြန်ရနေတဲ့ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်တာကြောင့် မော်ရင်ဟိုဟာ ဒီပွဲကိုသတိကြီးကြီးထားချဉ်းကပ်ခဲ့ပြီး တိုက်စစ်မှာ လူကာကူနဲ့ မာစီယဲလ်ကို တွဲဖက်ပေးခဲ့ပါတယ်။

အဲဗာတန်ကိုနိုင်၊ ချယ်လ်ဆီးကိုသရေကစားပြီး ခြေစွမ်းပြနေတဲ့ ဝက်စ်ဟမ်းအသင်းကလည်း အာနော်တိုဗစ်၊ ယာမိုလန်ကို၊ ဖိလစ်ပီအန်ဒါဆန်တို့နဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ကြိုးစားခဲ့တာပါ။

ပွဲစကတည်းကဝက်စ်ဟမ်းအသင်းဟာ မန်ယူအသင်းကို ဘောလုံးအသာစီးနဲ့ကစားခဲ့တာဖြစ်ပြီး ယာမိုလန်ကို၊ ဖိလစ်ပီအန်ဒါဆန်တို့ရဲ့ လျင်မြန်တဲ့တောင်ပံနှစ်ဖက်က မန်ယူခံစစ်ကို အချိန်ပြည့် အလုပ်ရှုပ်စေခဲ့ပါတယ်။

Photo: Twitter

အဖွင့်ဂိုးကိုလည်း ပွဲအစ (၅)မိနစ်မှာပဲ ဝက်စ်ဟမ်းအသင်းရရှိသွားခဲ့ပြီး ဇာဘလက်တာရဲ့ပေးပို့မှုကနေ ဖိလစ်ပီအန်ဒါဆန်က ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂိုးရသွားပြီချိန်မှာ မန်ယူအသင်းချေပဂိုးအတွက် ကစားအားမြှင့်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းကသာ ကစားပုံကောင်းကောင်းနဲ့ပွဲကိုစိုးမိုးခဲ့ပါတယ်။

ပထမပိုင်းပြီးဆုံးဖို့ (၂)မိနစ်အလိုမှာပဲ ဝက်စ်ဟမ်းအသင်း ဒုတိယဂိုးရရှိသွားခဲ့ပြီး ယာမိုလန်ကိုက မန်ယူအသင်းရဲ့ ဂိုးစည်းထဲကနေ အပြင်းကန်သွင်းချက်ဟာ လင်ဒီလော့ဖ်နဲ့ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့တာပါ။

ပထမပိုင်းမှာ (၂) ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့် ဒုတိယပိုင်းမှာ မန်ယူနည်းပြမော်ရင်ဟိုဟာ တိုက်စစ်ကစားဖို့လုပ်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ မာကျောတဲ့ခံစစ်ပိုင်းကို မကျော်နိုင်ခဲ့ပါဘူး။

မန်ယူအသင်းက ဖယ်လေနီ၊ လူကာကူတို့ရဲ့ ဂိုးရဖို့ကြိုးပမ်းမှုတွေကို ဝက်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီးကာကွယ်နိုင်ခဲ့လို့လည်း မန်ယူအသင်း ဂိုးရဖို့ခက်နေတာပါ။

Photo: AP

မန်ယူအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲချိန် (၇၁) မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် မန်ယူအသင်းမျှော်လင့်ချက်ရှိလာခဲ့ပေမယ့် (၃)မိနစ်အကြာ ပွဲချိန် (၇၄) မိနစ်မှာပဲ ဝက်စ်ဟမ်းအသင်း တတိယဂိုးရရှိခဲ့ပါတယ်။

အသင်းခေါင်းဆောင်နိုဘယ်လ်ရဲ့ပေးပို့မှုကို အာနော်တိုဗစ်က မန်ယူခံစစ်ကို ပါးပါးနပ်နပ်ကျော်ဖြတ်ကာ ဂိုးသမားဒီဟေးယားနဲ့ တစ်ဦးချင်းအတွေ့မှာ အပြင်းကန်သွင်းပြီး မန်ယူရဲ့မျှော်လင့်ချက်တွေကို အဆုံးသတ်ပေးခဲ့ပါတယ်။

နောက်ပိုင်းပွဲချိန်မှာတော့ ဝက်စ်ဟမ်းအသင်းက ဂိုးမပေးရရေးအတွက်သာ ထိန်းကစားသွားခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် မန်ယူအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး (၃)ပွဲဆက်နိုင်ပွဲပျောက်ပြီး ဖိအားတွေ ပိုတိုးလာခဲ့ပါတယ်။

 

 

Most Read

Most Recent