အိမ်ကွင်းမှာ နိုင်ပွဲဆက်ခဲ့တဲ့ အာဆင်နယ်

အိမ်ကွင်းမှာ နိုင်ပွဲဆက်ခဲ့တဲ့ အာဆင်နယ်
Published 24 September 2018

ပရီးမီးယားလိဂ်ပွဲစဉ် (၆) တနင်္ဂနွေညရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ အဲဗာတန်အသင်းတို့ ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက အိမ်ကွင်းအီမရိတ်စ်မှာ (၂-ဝ) ဂိုးနဲ့အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၄)ပွဲဆက်အနိုင်ရခဲ့ပါတယ်။

ရာသီအစ ပွဲစဉ် (၁)နဲ့ (၂) ကိုရှုံးနိမ့်အပြီးမှာ ဖိအားတွေနဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲဆက်အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြ အူနိုင်းအမ်မရီလက်အောက်မှာ တဖြည်းဖြည်းနဲ့ အသားကျလာနေပြီလို့ဆိုရမှာပါ။

အိမ်ကွင်းမှာရလဒ်ကောင်းဖို့အတွက် နည်းပြ အမ်မရီဟာ အိုဇေးလ်၊ ချာကာ၊ တော်ရဲရား၊ အူဘာမီယန်း၊ လာကာဇက်တို့နဲ့ လူစုံထုတ်ခင်းကျင်းခဲ့ပြီး၊ အဲဗာတန်အသင်းကလည်း အဝေးကွင်းမှာ အမှတ်ရဖို့အတွက် အနီကတ်ပြစ်ဒဏ်ကလွတ်လာတဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်အပါအဝင် ဆီဂတ်ဒ်ဆန်၊ ကယ်လ်ဗတ်လူဝင်၊ ဝေါလ်ကော့၊ တွမ်ဒေးဗီးစ်တို့နဲ့ ပြန်လည်ရင်ဆိုင်ခဲ့တာပါ။

ပထမပိုင်းမှာ နှစ်သင်းစလုံး အခွင့်အရေးလွဲချော်မှုတွေနဲ့အတူ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပါတယ်။

အာဆင်နယ်အတွက် အလှည့်အပြောင်းဖြစ်ခဲ့တာက ဒုတိယပိုင်းမှာ ဂိုး(၂)ဂိုးကိုဆက်တိုက်ရသွားခဲ့တာဖြစ်ပြီး အဖွင့်ဂိုးကို ပွဲချိန် (၅၆) မိနစ်မှာ လာကာဇက်နဲ့ ဒုတိယဂိုးကို ပွဲချိန် (၅၉) မိနစ်မှာ အူဘာမီယန်းတို့ကသွင်းယူခဲ့တာပါ။

ဒီသွင်းဂိုး (၂)ဂိုးစလုံးကို ကွင်းလယ်လူရမ်ဆေးက ဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။

အူဘာမီယန်းနဲ့ လာကာဇက်တို့ (၂)ဦးစလုံးဂိုးသွင်းနိုင်ခဲ့တာဟာ အာဆင်နယ်အသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲမှာ (၃)ပွဲမြောက်လည်းဖြစ်ပါတယ်။

အထူးသဖြင့် လာကာဇက်ရဲ့ ဂိုးသွင်းခြေစွမ်းပြန်ရလာတာက အမ်မရီအတွက်တော့ ကျေနပ်စရာဖြစ်ခဲ့ပြီး တိုက်စစ်ပိုင်းသွင်းဂိုးတွေအတွက်လည်း စိုးရိမ်မှုလျော့စေခဲ့တာအမှန်ပါ။

လက်ကျန်မိနစ်တွေမှာ အဲဗာတန်အသင်းချေပဂိုးတွေအတွက် ကြိုးစားခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းက အကောင်းဆုံးထိန်းချုပ်ကစားသွားခဲ့တာကြောင့် (၂-ဝ) ဂိုးရလဒ်နဲ့ပဲပွဲပြီးဆုံးခဲ့တာပါ။

ဒီပွဲအပြီးမှာတော့ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် (၆)နေရာမှာရှိနေပြီး၊ အဲဗာတန်အသင်းကတော့ အဆင့် (၁၂)နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။

Most Read

Most Recent