စတုတ်စီးတီးအသင်းနှင့် နည်းပြပေါလ်လမ်းဘတ် လမ်းခွဲ

စတုတ်စီးတီးအသင်းနှင့် နည်းပြပေါလ်လမ်းဘတ် လမ်းခွဲ
Published 20 May 2018

Photo: Skysports

ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့သော စတုတ်စီးတီးအသင်းသည် နည်းပြ ပေါလ်လမ်းဘတ်နှင့် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ပေါလ်လမ်းဘတ်အသင်းသည် စတုတ်စီးတီးအသင်းကို ယခုနှစ် ဇန်နဝါရီလကမှ စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး (၄)လတာ ကာလအတွင်း ပရီးမီးယားလိဂ် ပွဲစဉ် (၁၅)ပွဲတွင် (၂) ပွဲနိုင်သာ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် စတုတ်စီးတီးအသင်းသည် ပရီးမီးယားလိဂ်တွင် (၁၀)ရာသီကြာ ကစားပြီးနောက် ရမှတ် (၃၃)မှတ်ဖြင့် ဆွမ်ဆီး၊ ဝက်စ်ဘရွန်းတို့နှင့် အတူ တန်းဆင်းသွားခဲ့ရသည်။

စတုတ်စီးတီးအသင်း၏ ထုတ်ပြန်ချက်တွင် "အသင်းကို ပရီးမီးယားလိဂ်တွင် တင်ကျန်အောင် မစွမ်းဆောင်နိုင်ခဲ့သော်လည်း ပေါလ်လမ်းဘတ်၏ ကြိုးစားမှုနှင့် ပရိုပီသမှုကို လေးစားပါကြောင်း၊ (၄)လတာကာလတွင်း အသင်းအတွက် ပေါလ်လမ်းဘတ် စွမ်းဆောင်ပေးခဲ့မှုများကို ကျေးဇူးတင်ပါကြောင်း၊ ပေါလ်လမ်းဘတ်အနေဖြင့် အနာဂတ်တွင် ကံကောင်းပါစေဟု ဆုတောင်းပါကြောင်း" ဖော်ပြပါရှိသည်။

စတုတ်စီးတီးအသင်းသည် နည်းပြပေါလ်လမ်းဘတ်၏နေရာတွင် အစားထိုးရန် နည်းပြတစ်ဦးကို အလျင်အမြန် ရှာဖွေသွားမည်ဖြစ်ပြီး၊ ဝက်စ်ဟမ်းအသင်းနှင့် လမ်းခွဲခဲ့သော ဒေးဗစ်မွိုက်စ်မှာ စတုတ်စီးတီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေကြောင်း သိရှိရသည်။