၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပနိုင်ရုံဖြင့် မိမိတို့နိုင်ငံ၏ အရင်းခံ နိုင်ငံရေးပြဿနာများ ပြေလည်မည် မဟုတ်ကြောင်း KNU ဥက္ကဋ္ဌ ပြောကြား

၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပနိုင်ရုံဖြင့် မိမိတို့နိုင်ငံ၏ အရင်းခံ နိုင်ငံရေးပြဿနာများ ပြေလည်မည် မဟုတ်ကြောင်း KNU ဥက္ကဋ္ဌ ပြောကြား
Published 1 July 2018

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၁ ရက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ (၂၂) ကြိမ်မြောက် အစည်းအဝေး ပြုလုပ်နေစဉ် ( ဓာတ်ပုံ- NCA-SEAO)

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေးကျင်းပနိုင်ရုံဖြင့် မိမိတ့ိုနိုင်ငံ၏ အရင်းခံ နိုင်ငံရေး ပြဿနာများ ပြေလည်မည် မဟုတ်ကြောင်း  ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၁ ရက်က စတင်ပြုလုပ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ (၂၂)  ကြိမ်မြောက်အစည်းအဝေး၌ အဖွင့်အမှာစကားပြောရာတွင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ယင်းသို့ပြောကြားခြင်းဖြစ်ကြောင်း NCA SEAO ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပနိုင်ရုံနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အရင်းခံ နိုင်ငံရေးပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူး ဆိုတာကိုလည်း သတိမူကြ စေလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်အရ ညီလာခံတစ်ခုစီကို ရောက်ရှိဖို့အတွက် မရှိမဖြစ်ပြုလုပ်ဖို့ လိုအပ်တဲ့ အဆင့်ဆင့်သော အစည်းအဝေးပေါင်း များစွာကို ကျော်ဖြတ်ရမှာ ဖြစ်သလို သက်ဆိုင်သူများအကြား အဲဒီအစည်းအဝေးပေါင်း များစွာမှာ ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်စွာ ညှိနှိုင်းနိုင်ခဲ့ကြသလဲဆိုတဲ့ အပေါ်မှာ မူတည်လို့ပဲ ဖြစ်ပါတယ်” ဟု PPST အဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ခြောက်ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

ထို့ပြင် “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးကနေ ငြိမ်းချမ်းတဲ့ အနာဂတ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံကို ထူထောင်ကြမှာမို့ အဲဒီအခြေခံ မူတွေကို ရရှိရေး စဉ်းစားတဲ့အခါမှာ မတူကွဲပြား ခြားနားမှုကို အသိအမှတ်ပြုပြီး သဘောထားကြီးမှု၊ အမြင်ကျယ်မှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ခံယူချက်၊ သဘောထားအမြင်တွေ ကိုယ်စီထားရှိကြရမှာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်တွေကို ပြင်ဆင်နိုင်တဲ့ နိုင်ငံရေးအရ လွှမ်းခြုံတဲ့ အခြေခံမူတွေ ရရှိရေးကို ဦးတည်စဉ်းစား အဖြေထုတ်လိုတဲ့ ဆန္ဒမွန် ရှိဖို့လည်း အရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

မိမိတို့နိုင်ငံသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းအောက်တွင် ရှိနေသည်ဆိုခြင်းကို သတိမူရန် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

NCA စာချုပ် အပိုဒ် (၂၂) (ဃ) တွင် “ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်” ဟု ဖော်ပြခဲ့သည်။

PPST ၏ (၂၂) ကြိမ်မြောက် အစည်းအဝေးကို ဇွန် ၁ ရက်မှ ၂ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးတွင် PPST အဖွဲ့ဝင်များ၏ လုံခြုံရေးကဏ္ဍ အလွတ်သဘော အစည်းအဝေး၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် အစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများနှင့် ပတ်သက်၍ အစီရင်ခံစာ တင်ပြခြင်းနှင့် တတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း NCA-SEAO ရုံးက သတင်းထုတ်ပြန်သည်။

PPST အဖွဲ့ကို ကနဦး NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် NCA လက်မှတ်ရေးထိုးခဲ့သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့မှာ မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်လျက်ရှိသည်။

 

Most Read

Most Recent