လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိနှင့်စစ်သည်များအား ပညာရှင်ဖြစ်အောင် နှစ်ကာလများစွာအချိန်ပေး၍ လေ့ကျင့်ထားရသဖြင့် သက်ပြည့်သည်အထိ တာဝန်ထမ်းဆောင်စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိနှင့်စစ်သည်များအား ပညာရှင်ဖြစ်အောင် နှစ်ကာလများစွာအချိန်ပေး၍ လေ့ကျင့်ထားရသဖြင့် သက်ပြည့်သည်အထိ တာဝန်ထမ်းဆောင်စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 29 April 2018

လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိနှင့် စစ်သည်များအား ပညာရှင်များဖြစ်အောင် တပ်မတော်မှ နှစ်ကာလများစွာ အချိန်ပေး၍ လေ့ကျင့်ပေးထားရသဖြင့် သက်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ပြီး တပ်မတော်ကို ပြန်လည်အကျိုးပြုစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၂၇ ရက်တွင် ပြောကြားသည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိပြီး ထိုသို့ ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ချိန်၌ တပ်မတော်တွင်အသုံးပြုသည့် စစ်လက်နက်များ၊ ယန္တရားများနှင့် အသုံးအဆောင်ပစ္စည်းများအား စွမ်းအားပြည့် အသုံးပြုနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အသုံးပြုသည့် စစ်လက်နက်ပစ္စည်းများ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ချိန်တွင် ချို့ယွင်းမှုများရှိပါက ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ကြောင်း၊ ထိုကဲ့သို့ ချို့ယွင်းချက်များ မဖြစ်ပေါ်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေရသည့် တပ်မတော်လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ဖွဲ့သည် အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဧပြီ ၂၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်လက်နက်ပစ္စည်းများနှင့် ယန္တရားများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် တပ်မတော် လျှပ်စစ်နှင့်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအနေဖြင့် အင်ပြည့်အားပြည့်ဖြင့် ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့သင်ကြားပေးလိုက်သည့် သင်တန်းသားများ အရည်အချင်းပြည့်ဝစေရန်အတွက် အခြေခံမှစ၍ အဆင့်လိုက် မြှင့်တင်လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ မိမိတို့တပ်မတော်သားများသည် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်အတွင်း ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများဖြစ်သဖြင့် သတ်မှတ်ထားသည့် စစ်မှုထမ်းသက်ပြည့်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သူမဆို သတ်မှတ်ချက်များနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ခွင့်ရှိကြောင်း၊ မိမိတို့ လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအား ပညာရှင်များဖြစ်အောင် တပ်မတော်မှ နှစ်ကာလများစွာ အချိန်ပေး၍ လေ့ကျင့်ပေးထားရသဖြင့် သက်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ပြီး တပ်မတော်ကို ပြန်လည်အကျိုးပြုစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့အတူတပ်မတော်သားများ ပညာရည်မြင့်မားရေးအတွက်လည်း စီမံချက်များချမှတ်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ မှီခိုသူကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်မြင့်မားရေးအတွက်လည်း တပ်မတော်က တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးထားကြောင်း၊ မိမိတို့မိဘများအနေဖြင့်လည်း သားသမီးများအား ပညာအမွေပေးရန်လိုပြီး ပညာတတ်မှသာ မိမိတို့၏သားသမီးများသည် ကိုယ်တိုင်ရပ်တည် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း အသိပညာများ တိုးတက်စေရန်အတွက် စာဖတ်ရန်လိုကြောင်း၊ သို့မှသာ မိမိတို့ဘဝတိုးတက်မည်ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မှာကြားကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent