NVC ကတ်ကိုင်ဆောင်ရုံဖြင့် နိုင်ငံသားအခွင့်အရေးပေးခြင်းသည် အခြေခံဥပဒေနှင့် ညီ မညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကစိစစ်၍ အများပြည်သူသိရှိရေး ထုတ်ပြန်ပေးရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၇ ခုက သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

NVC ကတ်ကိုင်ဆောင်ရုံဖြင့် နိုင်ငံသားအခွင့်အရေးပေးခြင်းသည် အခြေခံဥပဒေနှင့် ညီ မညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကစိစစ်၍ အများပြည်သူသိရှိရေး ထုတ်ပြန်ပေးရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၇ ခုက သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့
Published 29 April 2018

NVC ကတ်ကိုင်ဆောင်ရုံဖြင့် နိုင်ငံသားအခွင့်အရေးပေးခြင်းသည် အခြေခံဥပဒေနှင့် ညီ မညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကစိစစ်၍ အများပြည်သူသိရှိရေး ထုတ်ပြန်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၂၇) ခုက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဧပြီ ၂၇ ရက် ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာ၌ အကြောင်းအရာအဖြစ် ‘နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော အထွေထွေအရပ်ရပ် အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီ၏ သဘောထားအမြင်များနှင့် ပြည်သူ့အတွက် လိုလားချက်များ ပေးပို့ခြင်း’ ဟု ဖော်ပြထားသည်။

NVC ကတ်ကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ ကန့်သတ်ချက်များ လျှော့ချပေးခဲ့ပြီး လွတ်လပ်စွာ သွားလာခွင့်ရရှိပြီဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေး၏ ပုံစံ (၄) ကို ဖြည့်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားထားသည်။

သို့သော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက NVC ကတ် ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံအတွင်း မည်သည့်နေရာမဆို သွားလာခွင့်ရသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ပြောကြားထားသည်။

ထိုကဲ့သို့ ဝန်ကြီးနှစ်ဦး၏ ပြောဆိုချက်များသည် ဆန့်ကျင်ကွဲလွဲ ရှုပ်ထွေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတထံပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိသည်။

ထိုကဲ့သို့ ဝန်ကြီးနှစ်ဦး၏ ပြောဆိုချက်များအပြင် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ (အမည်မဖော်ပြထား) တစ်ဦးက NVC ကတ်နှင့်ပတ်သက်၍ ပြောဆိုခဲ့မှုများကို ထောက်ပြရေးသားထားကာ ၎င်းတို့သုံးဦး၏ ပြောဆိုချက်များသည် ဆန့်ကျင်ကွဲလွဲ ရှုပ်ထွေးလျက်ရှိကြောင်း သမ္မတထံပေးစာတွင် ဖော်ပြထားသည်။

သို့ဖြစ်၍ ၎င်းတို့၏ပြောချက်များနှင့် ပတ်သက်ပြီး NVC ကတ် ကိုင်ဆောင်ရုံဖြင့် နိုင်ငံသားဖြစ် မဖြစ်ကို တည်ဆဲဥပဒေများအရ လည်းကောင်း၊ ယင်းတို့ကို နိုင်ငံသားအခွင့်အရေးပေးခြင်းသည် အခြေခံဥပဒေနှင့် ညီ မညီကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကလည်းကောင်း စိစစ်၍ အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးရန် အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။

“အဓိကတော့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီးတော့ ဒီဟာအပေါ်မှာ နိုင်ငံတော်ရဲ့ အထွေထွေအရပ်ရပ် အခြေအနေများနဲ့ စပ်လျဉ်းပြီးတော့ ကျွန်တော်တို့ သဘောထားအမြင်နဲ့ ပြည်သူတွေအတွက် လိုလားချက်ကို ပေးပို့တာဖြစ်ပါတယ်။ ဒီလိုပေးပို့တာဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့က အခုလက်ရှိ နိုင်ငံတော်မှာ သမ္မတပြောင်းလဲတာဝန်ထမ်းဆောင်တယ်။ ဒီကာလမှာ နိုင်ငံတော်နဲ့နိုင်ငံသား ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုစီးပွားဘဝအခြေအနေနဲ့ ပတ်သက်တဲ့ လက်တွေ့လောကမှာ တည်ရှိနေတဲ့ အရှိတရားတွေကို ဖော်ပြသွားတဲ့ အိတ်ဖွင့်ပေးစာဖြစ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြားခဲ့သော “နဂိုရှိပြီးသား ကန့်သတ်ချက်တွေ လျှော့ချပြီး ဆောင်ရွက်မည်” ဆိုသည့် စကားရပ်တွင် မည်သည့်ကန့်သတ်ချက်များ ဖြေလျှော့မည်ကို ပြည်သူများ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ရန် ပြောကြားရန် လိုအပ်ကြောင်း၊ နိုင်ငံသားအဖြစ် စိစစ်မှုမခံယူရသေးသူ၊ နိုင်ငံတော်၏သစ္စာကို စောင့်သိရိုသေရန် ကတိသစ္စာမပြုရသေးသူများကို နိုင်ငံတော်အတွင်း နေရာဒေသမရွေး လွတ်လပ်စွာသွားလာခွင့်ပြုရန်မှာ နိုင်ငံတော်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်လုံခြုံရေး၊ ယုံကြည်ကိုးကွယ်မှု၏ အနာဂတ်အရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေပါသဖြင့် ကျွနု်ပ်တို့အနေဖြင့် လက်မခံ ဆန့်ကျင်ကန့်ကွက်ပါကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

သမ္မတထံပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် နိုင်ငံ့စီးပွားရေးအခြေအနေ၊ ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကိစ္စ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းပိုင်ခွင့် (Right to Recall) ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် အပါအဝင် အခြားအကြောင်းအရာများကိုလည်း ထည့်သွင်းရေးထားသည်။

Most Read

Most Recent