ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ်ပြတိုက် တည်ဆောက်စေချင်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ်ပြတိုက် တည်ဆောက်စေချင်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 22 April 2018

ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဒဿနများ၊ စကားများသည် နောင်လာနောက်သားများအတွက် သိသင့်သည့် အကြောင်းအရာများဖြစ်သောကြောင့် အမှတ်တရပြတိုက်ပုံသဏ္ဌာန်အထိ လုပ်ဆောင်စေချင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်ကြည်ပြာ (ကျောက်တံတားမြို့နယ်) က ပြောကြားသည်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း လေးနှစ်ပြည့်အတွက် ရန်ကုန်မြို့ ဆူးလေစေတီတော်အနီးရှိ မဟာဗန္ဓုလပန်းခြံအတွင်း၌ ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက မုန့်ဟင်းခါး၊ ဖာလူဒါစသည့် စတုဒိသာကျွေးမွေးမှုများ ပြုလုပ်စဉ် ယင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘဘမှာကြားခဲ့တဲ့ စကားတွေ၊ ဒဿနတွေက နောင်လာနောက်သားတွေအတွက် အကုန်သိသင့်တဲ့ အကြောင်းအရာတွေ။ အဲဒီအတွက်ကြောင့်မို့လို့ အစ်မတို့က ဖြစ်စေချင်တာတော့ ဘဘအတွက် အမှတ်တရပြတိုက်လို ပုံစံမျိုးလေးအထိကို ဖြစ်စေချင်တယ်။ အဲဒီလိုမျိုးလည်း တတ်နိုင်သမျှကြိုးစားဖို့ စိတ်တွေရှိကြတယ်။ သို့ပေမဲ့လက်တွေ့တော့ အကောင်အထည် မဖော်နိုင်သေးဘူးပေါ့။ ဘဘပြောခဲ့တဲ့ဘဝတွေ၊ သူဖြတ်သန်းခဲ့တဲ့ ဒဿနတွေ ဒီမိုကရေစီခရီးကြမ်းမှာ လျှောက်လှမ်းသင့်တဲ့ သူ့ရဲ့မှတ်သားဖွယ်ရာစကားတွေဟာ အခုနောက်ပိုင်းလူငယ်တွေ အရမ်းသိသင့်တယ်။ ဘဘ စာအုပ်တွေဖတ်သင့်တယ်။ ပြောခဲ့တဲ့စကားတွေ လိုက်နာပြီးတော့ နိုင်ငံရေးခရီးလမ်းကို လျှောက်လှမ်းသင့်တယ်။ ဘဘအကြောင်းကို လူငယ်တွေ ပိုသိစေချင်တယ်။ ဒါကြောင့် ပြတိုက်ပုံစံလေးရှိရင် ကောင်းမှာပဲလို့ တွေးမိတာပေါ့ နောက်လူငယ်တွေ လေ့လာလို့ရအောင်” ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။

အဆိုပါပွဲကို နိုင်ငံရေးအကျဉ်းသားများ၊ ဟံသာဝတီဦးဝင်းတင်အား ချစ်ခင်မြတ်နိုးသူများက စုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပြင် လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အခုလေးနှစ်သာ ပြည့်သွားတယ် ဘဘ (ဟံသာဝတီဦးဝင်းတင်) ဖြစ်စေချင်တဲ့လမ်းကြောင်းကို မရောက်သေးတာအသေအချာပဲ။ အစ်မတို့အစိုးရတက်တော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ကျဆုံးသွားတဲ့သူတွေအားလုံးကို အစ်မတို့က ဂုဏ်ပြုသင့်တယ်။ သူတို့အတွက်အစ်မတို့က ကျောက်တိုင်ရှိသင့်တယ်။ သူတို့အတွက် အမှတ်တရနေရာဆိုတာ ရှိသင့်တယ်။ အဲဒီမှာမှ ပိုပြီးထူးထူးခြားခြား ဘဘလိုလူမျိုးကျတော့ တကယ့်ကို အဆောက်အအုံတစ်ခုနဲ့ ဘဘရဲ့အဆိုအမိန့်တွေ၊ လှုပ်ရှားမှုတွေ၊ ဘဘထားခဲ့တဲ့ စာအုပ်စာတမ်းတွေနဲ့ သူ့ရဲ့ နိုင်ငံရေးအရေးအသားတွေနဲ့ အကုန်လုံးစိမ့်ဝင်နိုင်မယ့် နေရာတစ်ခုမျိုး အစ်မတို့ကဖြစ်စေချင်တာ၊ လူကြီးတွေလည်း ဖြည်းဖြည်းနဲ့ဒါကို စီစဉ်သွားမယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါ်ကြည်ပြာ ဆက်လက်ပြောကြားသည်။

ထိုနေ့ပွဲတွင် ပန်းခြံအတွင်း၌ ဟံသာဝတီဦးဝင်းတင်၏ ကျားရဲအမည်ရှိ ကဗျာအပြင် ဓာတ်ပုံများချိတ်ဆွဲခြင်း၊ အမှတ်တရစာသားများ ရေးသားခြင်း၊ တယောထိုး ကဗျာရွတ်ခြင်း စသည့် အမှတ်တရ အောက်မေ့ဖွယ်များလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent