အင်တာနက်အသုံးပြု၍ကျူးလွန်သည့် ပြစ်မှုများကို ထိထိရောက်ရောက် အရေးယူနိုင်ရန် နိုင်ငံတကာ စံနှုန်းများဖြင့် ညီညွတ်သော Cyber Law ရေးဆွဲနေသည်မှာ အကြမ်းထည်ပြီးစီးပြီ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ပြောကြား

အင်တာနက်အသုံးပြု၍ကျူးလွန်သည့် ပြစ်မှုများကို ထိထိရောက်ရောက် အရေးယူနိုင်ရန် နိုင်ငံတကာ စံနှုန်းများဖြင့် ညီညွတ်သော Cyber Law ရေးဆွဲနေသည်မှာ အကြမ်းထည်ပြီးစီးပြီ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ပြောကြား
Published 20 March 2018

အင်တာနက် အသုံးပြု၍ ကျူးလွန်သည့် ပြစ်မှုများကို ထိထိရောက်ရောက် အရေးယူနိုင်ရန် နိုင်ငံတကာ စံနှုန်းများဖြင့် ညီညွတ်သော Cyber Law ရေးဆွဲနေသည်မှာ အကြမ်းထည် ပြီးစီးပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၆၄၂၆ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ နေပြည်တော်၌ မတ် ၁၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook သုံးစွဲရာမှာ လိုက်နာသတိပြုရမယ့် အချက်များကို ပြည်သူလူထု အကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံတော်ပိုင် ရုပ်သံ၊ ရေဒီယိုတွေကနေပြီးတော့ ပညာပေးဇာတ်လမ်းတွေ ထုတ်လွှင့်တယ်။ NGO များ လူမှုအထောက်အကူပြု အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ အဲဒီလိုပဲ အင်တာနက် အသုံးပြုပြီးတော့ ကျူးလွန်တဲ့ အမှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရန် နိုင်ငံတကာစံနှုန်းများနဲ့ ညီညွတ်တဲ့ Cyber ဥပဒေတစ်ရပ် ပေါ်ထွက်လာရေးအတွက် နိုင်ငံတကာ ကျွမ်းကျင်သူ ပညာရှင်များနဲ့ ညှိနှိုင်းပြီးတော့ ရေးဆွဲနေတာ အကြမ်းထည် ပြီးစီးပြီ ဖြစ်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

ထို့ပြင် Facebook က ပြဋ္ဌာန်းထားသည့် လူမှုကွန်ရက်စံနှုန်းများကို အသုံးပြုသူများက သိရှိလိုက်နာခြင်းမရှိဘဲ စည်းကမ်းချိုးဖောက်နေကြခြင်းနှင့် စပ်လျဉ်း၍ ထိရောက်စွာ မြန်မြန်ဆန်ဆန် အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းပြီး ဖြေရှင်းသည့် နည်းလမ်းများကို ဆွေးနွေးလျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။

ဆက်လက်ပြီး ဆက်သွယ်ရေးစနစ် တစ်မျိုးမျိုး အင်တာနက် သို့မဟုတ် ဆိုရှယ်မီဒီယာများကို အသုံးပြု၍ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နစ်နာအောင် ပြုလုပ်နေသည့် ဖြစ်စဉ်ဖြစ်ရပ်များကို ရှာဖွေဖော်ထုတ် နိုင်ရေးအတွက် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုခုက အဆင့်မြင့် နည်းပညာများ အသုံးပြု၍ စနစ်တကျ စောင့်ကြပ်ကြည့်ရှု ဖော်ထုတ်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ဆိုရှယ်မီဒီယာများကို ဥပဒေနှင့်အညီ စောင့်ကြည့်ထိန်းကျောင်းမှု ပြုလုပ်နိုင်ရေးအဖွဲ့ Social Media Monitoring Team (SMMT) ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခွင့် ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

အဆိုပါ SMMT အဖွဲ့ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် ၁၉/၂၀၁၈ ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent