နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အား အမြန်ဆုံး လက်ခံရန်နှင့် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၄၄ ဦးနှင့် တရားရင်ဆိုင်နေရသူ ၁၉၆ ဦးကို အမြန်ဆုံး လွှတ်ပေးရန် အစိုးရအား AAPP တောင်းဆို

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အား အမြန်ဆုံး လက်ခံရန်နှင့် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၄၄ ဦးနှင့် တရားရင်ဆိုင်နေရသူ ၁၉၆ ဦးကို အမြန်ဆုံး လွှတ်ပေးရန် အစိုးရအား AAPP တောင်းဆို
Published 18 March 2018

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အမြန်ဆုံး လက်ခံရန်နှင့် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၄၄ ဦးနှင့် တရားရင်ဆိုင်နေရသူ ၁၉၆ ဦးအား အမြန်ဆုံး လွှတ်ပေးရန် အစိုးရအား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ် ၁၆ ရက်က ထုတ်ပြန်သည့် ဖေဖော်ဝါရီလအတွက် လစဉ်အစီရင်ခံစာတွင် တောင်းဆိုထားသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၂၄၀ ရှိပြီး အဆိုပါထဲတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၄ ဦး အကျဉ်းကျခံနေရကာ တက်ကြွလှုပ်ရှားသူ ၇၅ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရပြီး ၁၂၁ ဦးသည် ထောင်ပြင်ပမှနေ၍ တရားရင်ဆိုင်နေရကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

AAPP ၏ အစီရင်ခံစာအရ ဖေဖော်ဝါရီအတွင်း၌ အရပ်သား စုစုပေါင်း ၃၆ ဦး ဖမ်းဆီးခြင်းခံခဲ့ရပြီး အဆိုပါ ၃၆ ဦးအနက် ၂၈ ဦးသည် လီဆူတိုင်းရင်းသားများ ဖြစ်ကြကာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျန်ရှစ်ဦးသည် စစ်တွေမြို့ ဗုံးပေါက်ကွဲမှုနှင့် ဆက်နွှယ်ကာ သံသယဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီအတွင်း၌ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် ငါးဦး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ (ဈ) ဖြင့် လေးဦး အပါအဝင် စုစုပေါင်း ကိုးဦး အမှုဖွင့် တရားစွဲဆိုခြင်း ခံခဲ့ရကြောင်း၊ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကိုက တရားလိုပြုလုပ်ပြီး တရားရုံး မထီမဲ့မြင်ပြုမှု၊ ပုဒ်မ ၂၂၈ ဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ကြောင်းလည်း AAPP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ တရားမဝင် တူမီးသေနတ်များ ကိုင်ဆောင်မှု၊ လိုင်စင်မဲ့ကားများ တွေ့ရှိမှု၊ စစ်ဆင်ရေး နယ်မြေအတွင်း သွားလာမှု၊ တရားမဝင် စကားပြောစက်များ အသုံးပြုမှုတို့ အပါအဝင် အမှု ၁၂ မှုဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုပုံးမြို့နယ်မှ အရပ်သား ရှစ်ဦးသည် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား ခြောက်ဦးဖြစ်ကြသော ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင် ခေါ် ကိုကတုံး၊ ကိုလဖိုင်ဂမ်၊ ဦးဒွမ်ဒေါ့နောင်လတ်၊ ကိုအောင်ကိုထွေး၊ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးတို့မှာ ကျန်းမာရေးကောင်းမွန်မှု မရှိကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) သည် အကျဉ်းထောင်တွင်း လူဦးရေ အလွန်အမင်း ပြည့်သိပ်နေခြင်းကို စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုအခြင်းအရာကို လျော့နည်း သက်သာစေရန်အတွက် လွှတ်ပေးသင့်သော အကျဉ်းသားများကို လွှတ်ပေးရန် ဖေဖော်ဝါရီ ၇ ရက်တွင် နိုင်ငံတော်သမ္မတထံသို့ စာပေးပို့တင်ပြ၍ တိုက်တွန်းခဲ့ကြောင်း၊ MNHRC အဖွဲ့ဝင် ဦးယုလွင်အောင်က အကျဉ်းထောင်အတွင်း အများဆုံး အကျဉ်းကျခံနေရသူများသည် မူးယစ်ဆေးဝါးအမှုများဖြစ်ပြီး အကျဉ်းထောင် လူဦးရေပမာဏ၏ ၄၆ ရာခိုင်နှုန်းကျော် ရှိသည့်အတွက် လွှတ်ပေးသင့်သူများကို စိစစ်ကာ လွှတ်ပေးရမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ပြင် အဆိုပါစာအတွင်း၌ ပြစ်မှုကျူးလွန်သည်ဟု တိကျသော သက်သေမရှိဘဲ သံသယနှင့် ထောင်ကျခံရသူများ၊ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာသန်စွမ်းမှု မရှိသောသူ၊ သတ်ရန်ရည်ရွယ်ချက် မရှိဘဲ မတရားခံရခြင်းကို ဝင်ကူရင်း အသက်သေဆုံး၍ ထောင်ကျခံရသူ၊ ပြစ်မှုကြီး မဟုတ်ဘဲ ထောင်ကျနေသော အမျိုးသမီး ကလေးမိခင်များကိုလည်း ပြန်လွှတ်ပေးသင့်သည်ဟု ပါဝင်ကြောင်း AAPP ၏ အစီရင်ခံစာအရ သိရသည်။

သို့ရာတွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေးသည့်အတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တင်ပြသည့်စာအတွင်းတွင် သီးခြားတင်ပြထားခြင်း မရှိသေးပါဟု MNHRC က ပြောကြားခဲ့ကြောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ၂၀၁၇ ခုနှစ်အတွင်း ကော်မရှင်က သွားရောက်စစ်ဆေးခဲ့သော အကျဉ်းထောင် ၂၆ ခု၊ အလုပ်စခန်း ၂၅ ခုမှ အကျဉ်းသား ၄၅၃ ဦးနှင့် တွေ့ ဆုံခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ပြောကြားခဲ့သူ တစ်ဦးမျှမရှိဟု ပြောကြားခဲ့ ကြောင်း၊ MNHRC မှ နိုင်ငံတော်သမ္မတထံသို့ စာပေးပို့၍ အကျဉ်းသားများအရေးကို တင်ပြ တိုက်တွန်းခဲ့ခြင်းသည် အပြုသဘောဆောင်သော တိုးတက်မှုတစ်ရပ် ဖြစ်သော်လည်း ကော်မရှင်က အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများကို စိစစ်၍ လွှတ်ပေးရန် တိုက်တွန်းပြောကြားခြင်း သို့မဟုတ် အစိုးရအား နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်ခံရန် တိုက်တွန်းခြင်းတို့ ပြုလုပ်ရန် AAPP က ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

အကျဉ်းထောင်တွင်း အခြေအနေများသည် နိုင်ငံရေး အကျဉ်းသားဟောင်း အများအပြားအတွက် နာတာရှည်ရောဂါများကို ဖြစ်ပွားစေခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက် လိုအပ်နေဆဲ ဖြစ်သည်ကို ပြသနေကြောင်း၊ ထိုကဲ့သို့ အခြေအနေများကြောင့် AAPP အပါအဝင် များစွာသော လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့များက အစိုးရအား အကျဉ်းထောင်များကို နိုင်ငံတကာ အဆင့်အတန်း မီစေရေးအတွက် ဆက်လက် တောင်းဆိုလျက်ရှိကြောင်း၊ ပြည့်စုံသော အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးသည် လက်ရှိအစိုးရ လက်ထက်တွင် ဦးစားပေးအနေဖြင့် ရှိမနေကြောင်း၊ များစွာသော ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေခြင်းသည် တိုးတက်မှုဖြစ်သော်လည်း လူတိုင်း လူ့ဂုဏ်သိက္ခာ နှင့် လေးစားမှုကို ရရှိစေရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း လုပ်ဆောင်ပါရန် တိုက်တွန်းကြောင်းနှင့် မြန်မာနိုင်ငံ၏ အကျဉ်းထောင်စနစ်တွင် လူ့ဂုဏ်သိက္ခာနှင့် လေးစားမှုတို့ကို ထိန်းသိမ်းထားခြင်းမရှိကြောင်း AAPP က ထောက်ပြထားသည်။

အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော် ဆောင်ရွက်မှုအချို့ ရှိသည်ကို ဖေဖော်ဝါရီလအတွင်း လေ့လာတွေ့ရှိခဲ့ကြောင်း၊ ယခု ပညာသင်နှစ်တွင်လည်း အကျဉ်းသားများ အားလုံးသည် စာမေးပွဲဖြေဆိုခွင့် ရရှိမည်ဖြစ်ကြောင်း၊ ထိုမျှသာမက အိုးဘိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း အဆင့်ပညာရေးရှိသော အကျဉ်းသား၊ အကျဉ်းသူများကို စာရင်းကိုင်ပညာရပ်အား သင်ကြားပေးမည် ဖြစ်ကြောင်း၊ ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်ခြင်းကို ကြိုဆိုကြောင်း၊ ပညာရေးဆိုင်ရာ လိုအပ်မှုများအတွက် အာဏာပိုင်များသည် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များကို နိုင်ငံတကာအဆင့်အတန်းသို့ လက်လှမ်းမီစေရေးအတွက် ပံ့ပိုးကူညီမှုပေးလျက် ရှိသော်လည်း ထိုအခြင်းအရာများသည် နိုင်ငံတကာအဆင့်အတန်းကို လက်လှမ်းမီနေပြီဟု ဆို၍မရကြောင်း၊ အကျဉ်းသားများကို ပြုမူဆက်ဆံရမည့် စည်းမျဉ်းများ၊ အပိုဒ် ၈ တွင် အကျဉ်းသားများ လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် အထောက်အကူပြုသော အခြေအနေများ ဖန်တီးရန် အစိုးရတွင် တာဝန်ရှိသည်ဟု ဖော်ပြထားပြီး ထိုမှသာ ၎င်းတို့ လွတ်မြောက်လာပြီးနောက်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း AAPP ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

ပညာရေးဆိုင်ရာ အဆင့်အတန်းများ နိမ့်ကျနေသည့်အပြင် အကျဉ်းသားဦးရေ အလွန်အမင်း ပြည့်သိပ်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များသည် နိုင်ငံတကာ အဆင့်အတန်းသို့ ရောက်ရှိခြင်း မရှိသေးကြောင်း၊ AAPP ၏ တွက်ချက်မှုအရ ၂၀၁၇ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များသည် ပျမ်းမျှအကျဉ်းသားဦးရေ ၇၉ ဒသမ ၇၃ ရာခိုင်နှုန်း ပြည့်သိပ်နေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိကြောင်း၊ အကျဉ်းထောင်တွင်း လူဦးရေ ပြည့်သိပ်နေခြင်းသည် ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်ပြီး ထိုအခြင်းအရာမှ သန့်ရှင်းမှုမရှိသော နေထိုင်မှုအခြေအနေများ နှင့် ကူးစက်ရောဂါများကို ဖြစ်ပွားစေကြောင်း၊ အကျဉ်းထောင်တွင်း လူဦးရေပြည့်သိပ်နေခြင်းသည် ထိုစည်းမျဉ်းများအားလုံးကို တိုက်ရိုက် ချိုးဖောက်လျက်ရှိပြီး ထိုအခြင်းအရာသည် ညှဉ်းပန်းနှိပ်စက်မှု ပုံစံတစ်မျိုးဖြစ်သည် ဟု ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်သည့်အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ထိုကဲ့သို့ သတ်မှတ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent