ထပ်မံဖွင့်လှစ်ခွင့်ပြုမည့် ဘဏ်သစ်ငါးခုအနက် ရွှေနန်းစောဘဏ်ကို အချိန်ယူစိစစ်မည်ဖြစ်ပြီး ကျန်ဘဏ်လေးခုမှာ ယခင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့သောဘဏ်များဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား

ထပ်မံဖွင့်လှစ်ခွင့်ပြုမည့် ဘဏ်သစ်ငါးခုအနက် ရွှေနန်းစောဘဏ်ကို အချိန်ယူစိစစ်မည်ဖြစ်ပြီး ကျန်ဘဏ်လေးခုမှာ ယခင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့သောဘဏ်များဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 15 March 2018

ပြည်တွင်း၌ ပုဂ္ဂလိကဘဏ် ၂၄ ခုအထိရှိနေသော်လည်း ထပ်မံဖွင့်လှစ်ခွင့်ပြုမည့် ဘဏ်သစ်ငါးခုအနက် ရွှေနန်းစောဘဏ်တစ်ခုသာ လက်ရှိအစိုးရလက်ထက် တင်ပြလာသည့် ဘဏ်သစ်ဖြစ်သဖြင့် အချိန်ယူစိစစ်သွားမည်ဖြစ်ပြီး ကျန်ဘဏ်လေးခုမှာ ယခင်အစိုးရလက်ထက်တွင် ခွင့်ပြုပေးထားခဲ့သော ဘဏ်များဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

အဆိုပါပြောကြားချက်ကို မတ် ၁၄ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးကျော်ထွေးက မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်များအတွက် ပြည်တွင်း၌ ပုဂ္ဂလိကဘဏ်များ တည်ထောင်ဖွင့်လှစ်နိုင်ရန် မူဝါဒများ မည်သို့ချမှတ်ထားသည်ကိုသိရှိလိုခြင်း၊ လက်ရှိအစိုးရလက်ထက် ပြည်တွင်းပုဂ္ဂလိကဘဏ်များ တည်ထောင်လုပ်ကိုင်ခွင့်ပြုပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့မှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက “လောလောဆယ်မှာ နောက်ထပ် ပြည်တွင်းဘဏ်ငါးဘဏ်က ဘဏ်လုပ်ငန်းတွေ ဆောင်ရွက်ခွင့် တင်ပြထားခြင်းအပေါ် စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီဘဏ်ငါးဘဏ်ကတော့ တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် (မန္တလေး)၊ ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (စစ်ကိုင်း)၊ သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာ့ခရီးသွားဘဏ်လီမိတက်နဲ့ ရွှေနန်းစောဘဏ်လီမိတက်တို့ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

အဆိုပါ ဘဏ်ငါးဘဏ်ဖွင့်လှစ်ခွင့် တင်ပြလာခြင်းအပေါ် စိစစ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ပြီးမြောက်မှုအရ ဘဏ်လုပ်ငန်းဆောင်ရွက်ကြသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ တိုးပွားလာမည်ဖြစ်ကြောင်းနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက်နေသည့်ဘဏ်နှင့် နောက်ထပ်ဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ရရှိလာမည့်ဘဏ်များ၏ အရေအတွက်သည် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား၊ လူဦးရေပမာဏနှင့် လက်ရှိစီးပွားရေးအခြေအနေများအရ သင့်တင့်မျှတသည်ဟု ဆိုနိုင်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ခေတ်မီနည်းပညာဖြစ်သော မိုဘိုင်းဖုန်းများကိုအသုံးပြု၍ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲပြောင်းခြင်း၊ ငွေပေးချေခြင်း စသည်များကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာကြပြီဖြစ်ကြောင်း၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ခွင့်ပြုပေးလျက်ရှိပြီး လျင်မြန်သည့်အရှိန်ဖြင့် တိုးတက်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်းပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်နှင့် ဆက်သွယ်ရေးကုမ္ပဏီ လေးခုတို့မှ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုများကို ပေးလျက်ရှိကြောင်း၊ ထို့ပြင် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများအဖြစ် ဖွဲ့စည်းထားသည့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကကုမ္ပဏီများမှလည်း အဆိုပါဝန်ဆောင်မှုများပေးရန် ခွင့်ပြုချက်အများအပြားကို တောင်းခံလျက်ရှိကြောင်း၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုများသည် ဘဏ်မရှိသောဒေသများတွင် ဘဏ်၏ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်သဖြင့် ကမ္ဘာအနှံ့ ကျယ်ပြန့်စွာဆောင်ရွက်လာကြသည့် ဘဏ်ဝန်ဆောင်မှုဖြစ်၍ ငွေရေးကြေးရေးကဏ္ဍတွင် အားလုံးပါဝင်ရေးကို ထိရောက်စွာပံ့ပိုးနိုင်သည့် ဝန်ဆောင်မှုဖြစ်ကြောင်း၊ ယင်းအချက်များကြောင့် ဘဏ်သစ်များ ဖွင့်လှစ်ခွင့်ပြုခြင်းကို လောလောဆယ် ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ဦးကျော်ထွေးက “ဘဏ်ငါးဘဏ်ကို စိစစ်ဆောင်ရွက်နေတာကို သိရပါတယ်။ ဘဏ်အမျိုးအစားနဲ့ ရည်ရွယ်ချက်တွေကမတူတဲ့အတွက် စိစစ်ဆောင်ရွက်တဲ့ကာလကို ဘယ်လောက်ယူထားလဲ၊ သတ်မှတ်စည်းကမ်းချက်နဲ့ ပြည့်စုံတယ်ဆိုရင် အရင်စိစစ်ပြီးတဲ့ဘဏ်တွေ အရင်ချပေးမှာလား၊ အားလုံးတစ်ပြိုင်နက် ချပေးမှာလားဆိုတာကို သိချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုအား ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက “ဒီဘဏ်တွေနဲ့ပတ်သက်လို့ Date နဲ့အချိန်ကို အတိအကျမပြောနိုင်ပေမဲ့ အဲဒီဘဏ်ငါးဘဏ်အနက်မှာ ရွှေနန်းစောကလွဲရင် ကျန်တဲ့ဘဏ်တွေက ပြီးခဲ့တဲ့အစိုးရလက်ထက်က ခွင့်ပြုခဲ့တဲ့ဘဏ်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ကက်ဘိနက်အထိတင်ပြီးတော့ ခွင့်ပြုချက်ရရှိပြီးတဲ့ ဘဏ်တွေဖြစ်ပါတယ်။ အဲဒီခွင့်ပြုချက်ရရှိပြီးတဲ့နောက်မှာ အစိုးရအပြောင်းအလဲဖြစ်သွားတဲ့အခါမှာ ဗဟိုဘဏ်အနေနဲ့ကနောက် အစိုးရကို ဒီအခြေအနေတွေရှိတယ်ဆိုတာကို သိနိုင်အောင် တင်ပြခဲ့တဲ့အတွက်ကြောင့်မို့ လုပ်ငန်းစဉ် နည်းနည်းလေးကြာသွားပါတယ်။ ပြီးခဲ့တဲ့ ၉ ရက်နေ့က အစည်းအဝေးမှာ ... ဘဏ်သုံးဘဏ်ကို စီးပွားရေးကော်မတီမှာတင်ပြပြီးတော့ နောက်ဆုံးအတည်ပြုချက်ရပါပြီ။ အဲဒါကြောင့် ဒီဘဏ်တွေဟာ တော်တော်ကြီးကို မကြာခင်မှာ လိုင်စင်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ် (မန္တလေး) အနေနဲ့ကတော့ လိုင်စင်ထုတ်ပေးရုံပဲရှိပါတော့တယ်။ သူ့ကိုငွေသွင်းခိုင်းတဲ့အချိန်မှာ ငွေမသွင်းဘဲ အချိန်တော်တော်ကြာခဲ့ပါတယ်။ ဒါကြောင့် မတ် ၃၁ ရက်ကို နောက်ဆုံးထားပြီးတော့ ဒီငွေကိုသွင်းပါ။ မသွင်းရင် လုပ်ကိုင်ခွင့်ချပေးထားခြင်းကို ပြန်ဖျက်မယ်ဆိုပြီးတော့ အကြောင်းကြားထားပါတယ်။ ရွှေနန်းစောဘဏ်လီမိတက်ကတော့ အသစ်ဖြစ်ပါတယ်။ သူ့ကိုက အချိန်နည်းနည်းယူရဦးမှာဖြစ်ပါတယ်။ ဒါက နောက်ဆုံးအခြေအနေဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

Most Read

Most Recent