ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်မည့်စီမံကိန်းများနှင့် ဒေသန္တရစီမံကိန်းများကို တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြီး သဘောတူညီချက်နှင့်သာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား

ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်မည့်စီမံကိန်းများနှင့် ဒေသန္တရစီမံကိန်းများကို တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြီး သဘောတူညီချက်နှင့်သာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား
Published 21 February 2018

ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့်စီမံကိန်းများနှင့် ဒေသန္တရစီမံကိန်းများကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြပြီး သဘောတူချက်နှင့်သာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖေဖော်ဝါရီ ၂၀ ရက်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) တွင်ပြောကြားသည်။

အဆိုပါကိစ္စအား တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်က “မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ အရ အစိုးရအဖွဲ့အနေဖြင့် စီမံကိန်းကြီးများ ဆောင်ရွက်ရာတွင် လွှတ်တော်သို့တင်ပြ၍ သဘောတူညီချက်ရယူပြီး အဆိုပါစီမံကိန်းကြီးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ သိရှိလိုကြောင်း” မေးခွန်းနှင့်ပတ်သက်ပြီး ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လစီမံကိန်းကို ရေးဆွဲပြီးတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို ရက်ပိုင်းအတွင်း တင်ပြမှာဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလကနေ စက်တင်ဘာလအထိရှိတဲ့ နှစ်စဉ်ဒေသန္တရစီမံကိန်းနဲ့ အဲဒီနှစ်အပါအဝင် ကာလလတ်သုံးနှစ်စီမံကိန်း ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ အထိ ပါဝင်တဲ့ကာလပတ် သုံးနှစ်စီမံကိန်းကိုလည်း ရေးဆွဲလျက်ရှိပါတယ်။ မကြာခင်ကာလပတ် စီမံကိန်းတစ်ခု ရေးဆွဲပြီးတဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုတင်ပြသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်တိုင်လည်း ရှင်းလင်းမယ်လို့ သိရှိပြီးဖြစ်ပါတယ်။ ချမှတ်ရေးဆွဲထားတဲ့ စီမံကိန်းများ၊ ဒေသန္တရစီမံကိန်းများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြသဘောတူညီချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ထို့ပြင်ဆောင်ရွက်ရန် လျာထားသည့် စီမံကိန်းများကိုကြိုတင်ပြီး သက်ဆိုင်ရာဒေသရှိ ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာချပြ၍ ဆောင်ရွက်လျက်ကြောင်း ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မြို့သစ်စီမံကိန်းများ ဆောင်ရွက်ရာတွင် မြေပိုင်ရှင်များ၊ တောင်သူလယ်သများ၏ ပိုင်ဆိုင်မူပစ္စည်းများ၊ မြေများ၊ အခွင့်အလမ်းများမဆုံးရှုံးရစေရန် စီမံကိန်းနှင့်ပတ်သက်ပြီး အသိပေးခြင်း၊ ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ပြီး အဘက်ဘက်မှ ခိုင်မာစွာစီမံကိန်းများ စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။

“နှစ်အလိုက် ဒေသန္တရစီမံကိန်းများအပြင် JICA/KOICA စတဲ့ နိုင်ငံခြားအဖွဲ့အစည်းများကလည်း ကာလရှည်စီမံကိန်းများကို ရေးဆွဲပြီးတော့ တိုင်းဒေသကြီးအနေနဲ့ စုစည်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ Master Plan များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ မြို့ပြဖွံ့ဖြိုးမှုမဟာစီမံကိန်းများကို Master Plan အဖြစ် ၂၀၁၇-၂၀၁၈ မှာရေးဆွဲခဲ့ပါတယ်။ အဲဒါကို ၂၀၁၇-၂၀၁၈ ဒေသန္တဥပဒေတင်သွင်းတဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ တိုင်းဒေသကြီးလွှတ်တော်ကို အသိပေးတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ စီမံကိန်းတစ်ရပ်အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့အခါမှာ နိုင်ငံတော်နဲ့ ဒေသအတွက် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရန် ညှိနှိုင်းဆောင်ရွက်ပြီးတော့ လုပ်ငန်းစီမံချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပုဒ်မ ၂၅၁ အရ လွှတ်တော်သို့ တင်ပြသဘောတူချက်ရယူပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းများကို ရေးဆွဲရာတွင် နိုင်ငံ၏ရှားပါးလှသော သယံဇာတ၊ မြေကြီး၊ ကျွမ်းကျင်အလုပ်သမား၊ ငွေကြေးဇာစ်မြစ်များသည် အင်မတန်မှအရေးကြီးကြောင်း၊ နောက်ပိုင်းတွင် နည်းပညာသည်လည်း အင်မတန်မှအရေးကြီးကြောင်း၊ ရှားပါးလှသောသယံဇာတများကို အကောင်းဆုံးရွေးချယ် အသုံးချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းမှာ အဓိကအားဖြင့် နှစ်ပိုင်းရှိပြီး ရေးဆွဲခြင်းအပိုင်းနှင့် အကောင်အထည်ဖော်ရေးအပိုင်းတို့ဖြစ်ကြောင်း၊ စီမံကိန်းရေးဆွဲအပိုင်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ စီမံကိန်းများဆောင်ရွက်ရာ၌ စီးပွားရေးအရ တွက်ခြေကိုက်မှု၊ ပြည်သူများအတွက် အကျိုးရှိမရှိ၊ ဒေသဖွံ့ဖြိုးရေးကို အကျိုးပြု မပြု၊ ပတ်ဝန်းကျင်ထိခိုက်မှု ရှိ မရှိ၊ လုပ်ငန်းအောင်မြင်နိုင်မှုအခြေအနေနှင့် လုပ်ငန်းကုန်ကျစရိတ် အကျိုးအမြတ်များတွက်ခြေကိုက်မှု ရှိ မရှိ၊ ဘက်စုံလေ့လာစမ်းစစ်ပြီးမှ ဒီစီမံကိန်းများ ရွေးချယ်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ယင်းကဲ့သို့ဆောင်ရွက်ရာတွင်လည်း ကျွမ်းကျင်သည့်အဖွဲ့အစည်းများနှင့် ဘက်ပေါင်းစုံလေ့လာပြီးမှသာ စီမံကိန်းများကို ရွေးချယ်ဆောင်ရွက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent