လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၌ ကြိုတင်ပြင်ဆင်ထားရန်နှင့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ရာတွင် အချိန်သတ်မှတ်ချက်တစ်ခု တိတိကျကျညှိနှိုင်းထားရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၌ ကြိုတင်ပြင်ဆင်ထားရန်နှင့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ရာတွင် အချိန်သတ်မှတ်ချက်တစ်ခု တိတိကျကျညှိနှိုင်းထားရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 14 February 2018

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၌ ကြိုတင်ပြင်ဆင်ထားရန်နှင့် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်အကောင်အထည်ဖော်ရာတွင် အချိန်သတ်မှတ်ချက်တစ်ခု တိတိကျကျညှိနှိုင်းထားရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော် MICC-2 တွင် ဖေဖော်ဝါရီ ၁၃ ရက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

NCA စာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုး၍ ထာဝရငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လာမှုသည် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည့် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအတွက် ယုံမှားသံသယစိတ်များနှင့် စိုးရိမ်ပူပန်မှုများကိုလည်း အတော်အတန်လျော့ပါးစေမည်ဖြစ်သလို ပါဝင်လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွက်လည်း ဆုံးဖြတ်ချက်မမှားဘဲ ယုံယုံကြည်ကြည်၊ သံသယကင်းစွာဖြင့် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်လာကြလိမ့်မည်ဆိုသည့် မျှော်လင့်ချက်များကိုလည်း ဖြစ်ပေါ်စေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်အချို့တွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များသည် လက်နက်ချခိုင်းသည်ဆိုသည့် မှားယွင်းစွာမှတ်ယူကြမှုများ၊ သံသယစိတ်များ၊ မယုံကြည်စိတ်များ ဖြစ်ပေါ်နေကြသည်ကို တွေ့မြင်နေရကြောင်း၊ NCA ကို လက်မှတ်ရေးထိုးခြင်းသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် တပ်မတော်အပေါ် အလျှော့ပေးခြင်းမဟုတ်ဆိုသည့် အယူအဆရှိသူများ၊ ပုဂ္ဂိုလ်ရေးခံစားချက်ရှိသူအချို့လည်း တွေ့ရှိရကြောင်း၊ ထိုသို့သံသယစိတ်၊ မယုံကြည်စိတ်၊ စိုးရိမ်စိတ်များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီး၏ အဖွဲ့ဝင်များအနေဖြင့် မရှိကြရန်နှင့် မထားကြရန်လည်းလိုကြောင်း၊ NCA လက်မှတ်ရေးထိုးခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်သာဖြစ်၍ နှစ်ပေါင်း ၇၀ နီးပါး အဖြေရှာမရသေးသည့် နိုင်ငံရေးပြဿနာများကို တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စုပေါင်းတွေ့ဆုံဆွေးနွေး အဖြေရှာညှိနှိုင်းခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်အပေါ် သံယောဇဉ်အစွဲအလမ်း ဖြတ်တောက်ပစ်နိုင်ရန် အကောင်းဆုံးအာမခံချက်ပေးနိုင်သည့် တစ်ခုတည်းသောအရာသည် NCA စာချုပ်ပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“ဒီစာချုပ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အစထားပြီး ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကိုပါ တိတိကျကျ ဖော်ပြထားတာဖြစ်ပါတယ်။ အဆင့်ဆင့်သောလုပ်ငန်းစဉ်တွေကို ကျော်လွန်ခြင်းမရှိဘဲ တစ်ဆင့်ပြီးတစ်ဆင့် ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုရင် အခက်အခဲမရှိနိုင်ပါကြောင်း ပြောကြားလိုပါတယ်။ အကောင်အထည်ဖော်ရာမှာလည်း သတိပြုကြရမယ့် အဓိကအချက်ကတော့ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်ချက် ဖြစ်စဉ်အတိုင်း “လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်” များမှာ ကြိုတင်ပြင်ဆင်စရာကိစ္စရပ်များကို ပြင်ဆင်ထားဖို့လိုပါတယ်။ ဒါ့အပြင် NCA မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ရာတွင်လည်း အချိန်သတ်မှတ်ချက် (Time Frame) တစ်ခု တိတိကျကျညှိနှိုင်းထားရှိပြီး လိုအပ်သလို ဆွေးနွေးညှိနှိုင်းအဖြေရှာရင်း အောင်မြင်စွာ ဖြတ်ကျော်ကြရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များအခန်းတွင်ပါရှိသည့် သဘောတူညီချက်များအတိုင်း တိတိကျကျလိုက်နာမည်ဆိုပါက NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းကာလများတွင် လက်နက်ကိုင်ပဋိပက္ခထပ်မံဖြစ်ပွားရန် အကြောင်းမရှိဘဲ အကယ်၍ မတော်တဆနားလည်မှုလွဲမှားပြီး ပဋိပက္ခအငယ်များ ဖြစ်လာပါကလည်း ဖြေရှင်းရမည့်နည်းလမ်းများကို NCA တွင် အတိအကျပြဋ္ဌာန်းထားခြင်းဖြစ်၍ လိုက်နာဆောင်ရွက်သွားပါက မည်သည့်ပြဿနာမှ ဖြစ်လာစရာမရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တပ်မတော်သည် နိုင်ငံတော်မှထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများ၊ တပ်မတော်အက်ဥပဒေများ၊ နည်းဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းရသည်ဖြစ်၍ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး လုပ်ဆောင်၍မရသည့်အတွက် NCA စာချုပ်ပါအချက်များအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်စဉ်ကပင် ချမှတ်ခဲ့သောမူဝါဒခြောက်ရပ်အတိုင်း သွေဖည်ခြင်းမရှိဘဲ တိတိကျကျဆောင်ရွက်နေခြင်းဖြစ်ပြီး တည်ဆဲဥပဒေများ၊ ချမှတ်ထားသည့်မူဝါဒများ၊ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များကို မလိုက်နာသူများကိုလည်း တိတိကျကျ၊ မှန်မှန်ကန်ကန် ဖော်ထုတ်အရေးယူနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

Most Read

Most Recent