တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ဖျက်ဆီးခဲ့သော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းကို လျင်မြန်စွာ ပြုပြင်ပေးနိုင်ရေး ကချင်ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ဖျက်ဆီးခဲ့သော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းကို လျင်မြန်စွာ ပြုပြင်ပေးနိုင်ရေး ကချင်ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း
Published 8 February 2018

ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော်အား တွေ့ရစဉ်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ဖျက်ဆီးခဲ့သော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းကို လျင်မြန်စွာ ပြုပြင်ပေးနိုင်ရေး ကချင်ပြည်နယ် လွှတ်တော်တွင် အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၇ ရက်က တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို ပူတာအိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ဦးခန်လင်က တင်းသွင်းခဲ့ခြင်းဖြစ်ပြီး “ပူတာအိုခရိုင်အတွင်း တစ်ခုတည်းသော ကုန်စည်စီးဆင်းသည့်လမ်း ဖြစ်သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ဖျက်ဆီးခဲ့သော လမ်းပိုင်းကို ဆောလျင်စွာ ပြုပြင်ပေးနိုင်ရေးနှင့် ယာဉ်များသွားလာနိုင်ရေး စီမံဆောင်ရွက်ပေးပါရန် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” ခေါင်းစဉ်ဖြင့် အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုရှင်ဖြစ်သူ ဦးခန်လင်က ပူတာအိုခရိုင်သည် မြန်မာနိုင်ငံ မြောက်ဘက်အကျဆုံးခရိုင်ဖြစ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး ခရိုင်တစ်ခု ဖြစ်ပါကြောင်း၊ ပူတာအိုမြို့သို ကုန်းကြောင်း၊ လေကြောင်းဖြင့် သွားလာနိုင်သော်လည်း ကုန်စည်အတွက် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းကို အဓိက အသုံးပြုနေရခြင်း ဖြစ်ကြောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အတွင်း ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ဆွမ်ပရာဘွမ်မြို့နယ်အပိုင်းတွင် ဆီနင်ခတံတားနှင့် လမ်းပိုင်းနှစ်နေရာကို ဖျက်ဆီးခဲ့ပြီး မော်တော်ယာဉ်များ သွားလာမရ ဖြစ်လာခဲ့ပါကြောင်း၊ လမ်းလုပ်သားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ဒုက္ခရောက်ကြသည်မှာ လမ်းလုပ်သားများသာမက ပူတာအိုခရိုင်အတွင်းရှိ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ဖြစ်ပါကြောင်း၊ ဓာတ်ဆီ တစ်ပုလင်းကို ကျပ် ၁၀၀၀ မှ ၃၀၀၀ အထက် တက်သွားကြောင်း၊ ဆန်နို့ဆီသုံးဘူး ၁၀၀၀ ကျပ်အထိ ဈေးတက်လာကြောင်း၊ ယခုအဖြစ်ဆိုးကြောင့် လောင်စာဆီ ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်စည်ပြတ်လပ်ခြင်းများ ကြုံတွေ့နေရပြီဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းပိုင်းကို ဆောလျင်စွာ ပြုပြင်ခြင်းပြုလုပ်ပြီး လုံခြုံရေးတာဝန်များကို အပြည့်အ၀ ချထားစေလိုပါကြောင်း၊ ထို့ကြောင့် ယခုအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ လမ်းလုပ်သားများ၏ လုံခြုံရေးအခြေအနေကို အကြောင်းပြုကာ ကန့်ကွက်သူ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရှိသဖြင့် အဆိုကို ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ လွှတ်တော်ကိုယ်စားလှယ် ၉၈ ရာခိုင်နှုန်းက ထောက်ခံသဖြင့် ဆက်လက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နောင်မွန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ဈေးတွေက တံတားတွေ ကျိုးပြီးတာနဲ့ နေ့ချင်းတက်သွားတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပူတာအိုမှာ ကုန်စည်အပိုမရှိလို့ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့က ပူတာအိုလမ်းပိုင်းမှာ အသုံးပြုနေကျ သရီးဂရောင်း ကုန်ကားများကို မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ အသုံးမပြုရတော့ ကုန်ပစ္စည်းတွေ မလှောင်နိုင်တာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေ အားလုံးလည်း ရပ်ဆိုင်းဖို့ရှိနေပါတယ်။ အစိုးရဝန်ထမ်းတွေဟာ ကုန်ဈေးနှုန်းတွေ ဒီလောက်ကြီးနေရင် အခုအခြေအနေအရ ဆန်၊ ဆီ၊ ဆား ဈေးနှုန်းကြောင့် ဘယ်ဝန်ထမ်းမှ ကျန်မှာမဟုတ်ပါဘူး။ ဒီလိုဖြစ်မှန်းသိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကတော့ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ရှုတ်ချပါတယ်။ အဆိုကိုလည်း အလေးအနက် ထောက်ခံပါတယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးက လတ်တလော အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသည့် ဆန်၊ ဆီ၊ ဆား ဈေးမတက်စေရေးအတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတွင် တာဝန်ရှိပြီး ရက်ပိုင်းအတွင်း လေကြောင်းအကူအညီဖြင့် ဖြေရှင်းပေးနိုင်ရန် တိုက်တွန်းခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များကဲ့သို့သော အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုအပ်နေကြောင်း၊ ရေရှည်ပြဿနာများကို မဖြေရှင်း ဆက်လက်ပြုလုပ်ပါက အခက်အခဲများ ကြုံတွေ့နေရဦးမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ကြပြီး လုံခြုံရေးနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ရှင်းလင်းခဲ့သည်။

၎င်းက “အဆိုတွင် အကြောင်းအရာနှစ်ခုကို တွေ့ရပါတယ်။ လမ်းပိုင်းပြန်လည် တည်ဆောက်ရေးနဲ့ လုံခြုံရေးပြည့်ဝရေး ဖြစ်ပါတယ်။ လမ်းပိုင်းတည်ဆောက်ရေး အနေဖြင့် မိမိ မပြောနိုင်သော်လည်း လုံခြုံရေးအနေဖြင့် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ နောက်ခံအကြောင်းတရားတွေ ဘယ်လိုဖြစ်ဖြစ် ပူတာအိုခရိုင်ဟာ ပြည်နယ်ရဲ့ အစိတ်အပိုင်း၊ နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အများပြည်သူ ဒုက္ခရောက်ပြီး အဓိက လမ်းမပိုင်းမှာ လုံလုံခြုံခြုံမသွားနိုင်တာကို လုံးဝလက်မခံနိုင်ပါဘူး။ ဖေဖော်ဝါရီ ၆ ရက်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မိမိအပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေနဲ့ ပြည်နယ်ဝန်ကြီးချုပ် လမ်းညွှန်ချက်နဲ့ ယင်းကိစ္စရပ်များ ဆွေးနွေးခဲ့ပါတယ်။ လျှို့ဝှက်ကိစ္စရပ်များ ပါဝင်သဖြင့် မပြောသင့်တာပါ ရှိနေပါတယ်။ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာလည်း မိမိနှင့် ပြည်နယ်အစိုးရအဖွဲ့က လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးကိုလည်း မြောက်ပိုင်းတိုင်း စစ်ဌာချုပ်မှာတွေ့ဆုံကြဖို့ ခေါ်ထားတာ ရှိပါတယ်။ အုပ်ချုပ်မှုယန္တရားကိုတော့ ပျက်ပြားမခံနိုင်ပါဘူး။ အမြန်ဆုံး ဆောင်ရွက်သွားမယ် ဆိုတာလည်း ကတိပြုပြောကြားလိုပါတယ်။ အဆိုရှင်ရဲ့အဆိုအရ ယခုထက် ပိုမိုလုံခြုံစွာ ဆောင်ရွက်ပေးဖို့ ရှိပါတယ်။ ကျန်တဲ့ အခက်အခဲတွေကိုလည်း လုံး၀ လက်ခံမှာ မဟုတ်ပါဘူး”ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က မှတ်တမ်းအဖြစ်သာ တင်စေလိုကြောင်း ဖြေကြားသဖြင့် လွှတ်တော်၏ သဘောထားရယူပြီး မှတ်တမ်းအဖြစ် ထားရှိခဲ့သည်။

Most Read

Most Recent