၂၁ ရာစုပင်လုံ အစည်းအဝေးသို့ တင်သွင်းနိုင်ရန် NCA ထိုးထားသည့် ရှစ်ဖွဲ့က ရေးဆွဲထားသော ဖက်ဒရယ် အခြေခံမူများအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားရယူသည့် ဆွေးနွေးပွဲ ABSDF အဖွဲ့ ရန်ကုန်မြို့၌ ပြုလုပ် 

၂၁ ရာစုပင်လုံ အစည်းအဝေးသို့ တင်သွင်းနိုင်ရန် NCA ထိုးထားသည့် ရှစ်ဖွဲ့က ရေးဆွဲထားသော ဖက်ဒရယ် အခြေခံမူများအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားရယူသည့် ဆွေးနွေးပွဲ ABSDF အဖွဲ့ ရန်ကုန်မြို့၌ ပြုလုပ် 
Published 7 January 2018

ဇန်နဝါရီ ၆ ရက်က ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ပြုလုပ်သော NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့က ရေးဆွဲထားသော ဖက်ဒရယ် အခြေခံမူများအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားရယူသည့် ဆွေးနွေးပွဲအား တွေ့ရစဉ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေးသို့ တင်သွင်းနိုင်ရန် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့က ရေးဆွဲထားသော ဖက်ဒရယ်အခြေခံမူများအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားရယူသည့် ဆွေးနွေးပွဲအား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့က ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ဇန်နဝါရီ ၆ ရက်မှ စတင်ပြုလုပ်လျက် ရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှ ရရှိလာသည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃၇ ချက်အား တင်ပြဆွေးနွေးခြင်းနှင့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့က ရေးဆွဲထားသော ဖက်ဒရယ်အခြေခံမူ ၁၀ ချက်အပေါ် သဘောထားရယူခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီ ၇ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။

“သေချာတာတော့ ဒီတိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာတဲ့ နေရာမှာတော့ ဒီနိုင်ငံရေးပြဿနာရဲ့အဖြေဟာ ရေရှည်တည်တံ့ခိုင်မြဲဖို့ပါ။ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ နိုင်ငံရေးအဖြေရဖို့အတွက်ဆိုရင် ပြည်သူပါဝင်မှုကို တတ်နိုင်သမျှ ကျွန်တော်တို့ ကြိုးပမ်းရမယ်။ ပြည်သူလူထုပါဝင်မှု မြှင့်တင်တယ်ဆိုတဲ့ နေရာမှာလည်း ကျွန်တော်တို့ သတ်မှတ်ထားတဲ့အတိုင်း ကျွန်တော်တို့ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ဆွေးနွေးပွဲတွေ ရှိတယ်။ လူထု တွေ့ဆုံပွဲတွေ ရှိမယ်။ အဲဒါတွေအားလုံး အခုကတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လာမယ့် တတိယအကြိမ်ညီလာခံမှာ ဆွေးနွေးဖို့အတွက်ကို ဖက်ဒရယ် အခြေခံမူတွေ ကျွန်တော်တို့ ပြုစုထားတာ ရှိတယ်။ အဲဒီဖက်ဒရယ် အခြေခံမူတွေကို သက်ဆိုင်ရာဒေသ အသီးသီးမှာ လူထုကိုပြန်လည် တင်ပြတယ်။ တင်ပြပြီး အကြံပြုချက်တွေပေါ်မှာ မူတည်ပြီးမှ ကျွန်တော်တို့ ပြင်ဆင်ဖြည့်စွက်သွားနိုင်ဖို့အတွက် ကြိုးပမ်းနေတဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပါတယ်”ဟု ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် ရန်ကုန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၃၀ နီးပါး တက်ရောက်လျက်ရှိပြီး နိုင်ငံရေးပါတီအချို့လည်း ပါဝင်သည်။

“အဓိက ၁၀ ချက်ထဲမှာတော့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီးတော့ ဖက်ဒရယ်အခြေခံမူကို ကျွန်တော်တို့ ဘယ်လိုသတ်မှတ်နိုင်မလဲ။ ပြည်ထောင်စု ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘယ်လို သတ်မှတ်မလဲ။ နောက်အချုပ်အခြာအာဏာ ခွဲဝေရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသတ်မှတ်မလဲ။ ဥပဒေပြုရေးနဲ့ ပတ်သက်ပြီး ဖက်ဒရယ် အခြေခံမူတွေ ဘယ်လိုသတ်မှတ်မလဲ။ နောက်ပြီးတော့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးနဲ့ ပတ်သက်ပြီး ဖက်ဒရယ် အခြေခံမူတွေ ဘယ်လိုသတ်မှတ်မလဲ ဆိုတာ အဓိကကျတဲ့ အခြေခံမူတွေပေါ့။ အခြေခံမူ ၁၀ ချက်လောက်ကို ဦးတည်ဆွေးနွေးဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်”ဟု ရဲဘော်မျိုး ဝင်းက ပြောကြားသည်။

ABSDF အဖွဲ့အနေဖြင့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး မတိုင်မီကလည်း ယခုကဲ့သို့ လူထုသဘောထားရယူသည့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ထားသည်။

နိုင်ငံရေးဆွေးနွေးပွဲများသို့ နိုင်ငံရေးမူဘောင်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ တင်ပြချက်များ စုစည်းကာ စာတမ်းတင်သွင်းခွင့် ရှိကြောင်း၊ ထို့ပြင် UPDJC နှင့် လုပ်ငန်းကော်မတီများတွင် ပါရှိသည့် အစိုးရအစုအဖွဲ့ (အစိုးရ၊ လွှတ်တော်၊ တပ်မတော်)၊ တိုင်းရင်းသား လက်နက်ကိုင်များအစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့များအနေဖြင့်  စုပေါင်း၍ လည်းကောင်း၊ အစုအဖွဲ့ တစ်ခုချင်းအနေဖြင့်လည်း စာတမ်းတင်သွင်းခွင့် ရှိကြောင်း၊ ထို့ကြောင့် လူထုများနှင့် တွေ့ဆုံကာ ဖက်ဒရယ်အခြေခံမူများအပေါ် အကြံပြုချက် ရယူသည့်အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရေးဆွဲထားသည့် အချက်များနှင့် မတူညီဘဲ တိုင်းပြည်အတွက် အထောက်အကူပြုသည့် သဘောထားများရှိပါက ABSDF အနေဖြင့် သီးခြားစာတမ်း တင်သွင်းမှုမျိုး လုပ်ဆောင်ရန်လည်း စဉ်းစားထားကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။

“ဒီဆွေးနွေးပွဲ ရလဒ်တွေ ဘယ်လိုသယ်ဆောင်သွားမလဲဆိုတာ ဒီဆွေးနွေးပွဲရလဒ် အကြုံပြုချက်တွေကို တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့အတွင်းမှာ ဒီလိုအမြင်ရှိတယ်။ ဒီလိုအကြံရှိတယ်ဆိုတာ သွားရောက်ပြီး ဆွေးနွေးကြမှာပဲ။ ထိုနည်းတူစွာပဲ လိုအပ်ရင်လိုအပ်သလို ABSDF အနေနဲ့ သီးခြားစာတမ်း တင်ပြီးတော့၊ လိုအပ်လို့ပေါ့။ ဒီမှာဆွေးနွေးမှုတွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြင်ဆင်ထားတာနဲ့ သိပ်အပြောင်းအလဲ မရှိဘူးဆိုရင် ဘာမှလုပ်စရာ မလိုဘူးလေ။ ဒါပေမဲ့ အဲဒီမှာရေးဆွဲထားတဲ့အပေါ် မူတည်ပြီး တိုင်းပြည်အတွက် အထောက်အကူပြုတဲ့ အချက်အလက် ပါနေတယ်ဆိုရင်လည်း ABSDF အနေနဲ့ အဲဒါကိုသီးခြားအဖြစ် စဉ်းစားသွားမှာပေါ့။ ဒါနိုင်ငံရေးဖြစ်စဉ်ထဲမှာပါ ဝင်သွားအောင် ကြိုးပမ်းသွားဖို့ ရှိပါတယ်”ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။
ABSDF အနေဖြင့် နိုင်ငံရေး ပါတီများနှင့်လည်း သီးခြားတွေ့ဆုံနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent