ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းများ အောင်မြင်စေရေး ဝိုင်းဝန်းကူညီနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းများ အောင်မြင်စေရေး ဝိုင်းဝန်းကူညီနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 31 October 2017

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တွေ့ဆုံနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော် အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းများ အောင်မြင်စေရေး ဝိုင်းဝန်းကူညီနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr. Don Pramudwinai အား အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ဧည့်သည်တော် နိုင်ငံခြားရေးဝန်ကြီးက မိမိတို့နှစ်နိုင်ငံသည် ရှည်လျားစွာ နယ်နိမိတ် ထိစပ်နေသော်လည်း ကြီးမားသည့် ပြဿနာများ မရှိပါကြောင်း၊ တပ်မတော် နှစ်ရပ်အကြား အကောင်းဆုံးသော ဆက်ဆံရေး ရှိသကဲ့သို့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနချင်းလည်း ဆက်ဆံရေး ကောင်းမွန်ကြောင်း၊ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ အပြန်အလှန် ထောက်ခံအားပေးမှုများလည်း ရှိပါကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အစိုးရ၏ ရပ်တည်လုပ်ဆောင်မှုများကို ထောက်ခံပါကြောင်း၊ ရခိုင်ဒေသ အရေးနှင့် ပတ်သက်၍ အစိုးရ၏ လုပ်ဆောင်မှုများမှာ တိုးတက်မှု ရှိသော်လည်း အချိန်ယူ ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း ယင်းအခြေအနေမျိုး ကြုံတွေ့ခဲ့ရ၍ ရှုပ်ထွေးမှုနှင့် အချိန်ယူဖြေရှင်းရန် လိုအပ်မှုကို သိရှိနားလည်ကြောင်း၊ ကာလတို၊ ကာလလတ်၊ ကာလရှည်ခွဲခြားပြီး ဘက်ပေါင်းစုံမှကြည့်၍ လုပ်ဆောင်ရမည့် အရေးဟု ရှုမြင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ-ထိုင်း နှစ်နိုင်ငံ ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ထိစပ်နေပြီး နယ်နိမိတ် တိုင်းတာရန် နေရာအချို့ ကျန်ရှိသော်လည်း ကြီးမားသည့် နယ်စပ်ပြဿနာ မရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံအားလုံးနှင့် နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကို အေးချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နေသော်လည်း အနောက်ဘက်ခြမ်းတွင် ပြဿနာအချို့ရှိကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံ အများစုက မိမိတို့ နိုင်ငံ၏ အဖြစ်အပျက်အမှန်များကို မသိကြဘဲ မီဒီယာများ၏ စွပ်စွဲပြောဆိုမှုများအပေါ် အခြေခံ၍ မြန်မာနိုင်ငံအပေါ် ဖိအားများ ပေးနေကြကြောင်း၊ မည်သို့ပင်ဖြစ်စေ အမှန်တရားကို လက်ခံရမည်သာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးသည် နှစ်ကာလများစွာက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ အပေါ်တွင် အခြေခံပြီး ကြိုတင်ပြင်ဆင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမဆို မည်သူမည်ဝါ ဖြစ်သည်ကို မခွဲခြားနိုင်ဘဲ နိုင်ငံသားအဖြစ် လက်မခံနိုင်ကြောင်း၊ ယင်းကို စိစစ်ရန် လုပ်ဆောင်ရာမှ ပြဿနာ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ဘင်္ဂါလီ အကြမ်းဖက် အင်အား ၄၀၀၀ ခန့်က တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး စတင်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အင်အားသုံး၍ တိုက်ခိုက်သတ်ဖြတ်မှု၊ အကြမ်းဖက် ဖိနှိပ်မှုများ ကျူးလွန်မှု မရှိကြောင်း၊ ဖြစ်ရပ်မှန်များကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း၊ မိမိတို့ အနေဖြင့် အမှန်အတိုင်းသာ ရပ်တည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းများ အောင်မြင်စေရေး ဝိုင်းဝန်းကူညီ လုပ်ဆောင်နေကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အောက်တိုဘာ ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

Most Read

Most Recent