UFC ပြိုင်ပွဲ (ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများအနက် အဆင့်မြင့်ဆုံးပြိုင်ပွဲ) ၏ ဝိတ်တန်းနှစ်တန်းချန်ပီယံဟောင်း မက်ဂရီဂေါ်သည် လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်နာမာဂိုမီဒေါ့ဗ်နှင့် Twitter တွင် အပြန်အလှန်တုံ့ပြန်ရေးသားမှုများပြုလုပ်ပြီးနောက် ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။
မက်ဂရီဂေါ်သည် UFC ဖယ်သာဝိတ်နှင့် လိုက်ဝိတ်တန်းပြိုင်ပွဲ၌ ချန်ပီယံခါးပတ်ရရှိဖူးသူဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ခါးပတ်နှစ်ခု ရယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသည်။ သို့သော် မက်ဂရီဂေါ်သည် ပြီးခဲ့သည့် နှစ် အောက်တိုဘာတွင် ခါဘစ်နာမာဂိုမီဒေါ့ဗ်နှင့် လိုက်ဝိတ်တန်းချန်ပီယံခါးပတ်စိန်ခေါ်ပွဲ ထိုးသတ်ရာ စတုတ္ထအချီတွင် လည်ပင်းချုပ်ကွက်မိကာ အရှုံးပေးခဲ့ရသည်။ ပွဲအပြီး တွင် ၎င်းတို့နှစ်ဦးအပါအဝင် အသင်းဖော်များ ရန်ပွဲဖြစ်ပွားမှုကြောင့် ဒဏ်ကြေးနှင့် ပွဲပယ်ပြစ်ဒဏ်များချမှတ်ခံခဲ့ရသည်။
မက်ဂရီဂေါ်သည် ဇူလိုင် တွင် ပြန်လည်ထိုးသတ်ရန် ဆွေးနွေးနေကြောင်း ထုတ်ဖော်ပြောကြားပြီး ရက်ပိုင်းအကြာ မတ် ၂၆ ရက်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း ရုတ်တရက်ကြေညာခဲ့သည်။ ၎င်းင်း၏ကြေညာချက် ထွက်ပေါ်လာပြီးနောက် ခါဘစ်က " တောထဲမှာ ဘုရင်တစ်ပါးတည်းပဲ ရှိတယ်။ တစ်ပါးတည်းပါပဲ" ဟု Twitter တွင် လှောင်ပြောင်ရေးသားရာမှ အပြန်အလှန်တုံ့ပြန်ရေးသားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မက်ဂရီဂေါ်သည် အစ္စလာမ်ဘာသာဝင်များ၏ ဓလေ့ထုံးစံဖြင့် မင်္ဂလာဆောင်ခဲ့သည့် ခါဘစ်တို့မင်္ဂလာပွဲမှ ဓာတ်ပုံများအသုံးပြု၍ ခါဘစ်၏ဇနီးကိုလည်း ရိုင်းစိုင်းသည့် စကားလုံးများဖြင့် ဝေဖန်တိုက်ခိုက်ခဲ့ပြီး မကြာခင်မှာပင် ပြန်ဖျက်ပစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းက " ကျွန်တော် ရှေ့ဆက်သွားချင်တယ်။ ကျွန်တော့်ပရိသတ်တွေရဲ့ ယုံကြည်မှု၊ အားပေးထောက်ခံမှုတွေနဲ့ပေါ့။ အားလုံးရဲ့ယုံကြည်ကိုးစားမှုက ကျွန်တော်တို့အတွက် မိမိကိုယ်တိုင်အကောင်းဆုံးဖြစ် လာစေဖို့ စိန် ခေါ်မှုပါပဲ။ အခုလောလောဆယ်တော့ Octagon (အဋ္ဌဂံပုံစံကစား ကွင်း) ထဲမှာ တွေ့ကြတာပေါ့" ဟု Twitter တွင် ရေးသားခဲ့သည်။