၂၀၀၆-၂၀၀၇ ရာသီ ဂီတာဖေးအသင်းနှင့် စပိန်ဘုရင့်ဖလားပွဲမှ မက်ဆီ၏သွင်းဂိုး ဘာစီလိုနာသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးအဖြစ် ရွေးချယ်ခံရ

၂၀၀၆-၂၀၀၇ ရာသီ ဂီတာဖေးအသင်းနှင့် စပိန်ဘုရင့်ဖလားပွဲမှ မက်ဆီ၏သွင်းဂိုး ဘာစီလိုနာသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးအဖြစ် ရွေးချယ်ခံရ
Photos : fc barcelona
Photos : fc barcelona
Published 30 March 2019

၂၀၀၆-၂၀၀၇ ရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘာစီလိုနာနှင့် ဂီတာဖေးအသင်းတို့ကစားသည့်ပွဲ၌ မက်ဆီသွင်းယူခဲ့သည့်ဂိုးမှာ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် အကောင်း ဆုံးဂိုးအဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။

ဘာစီလိုနာအသင်း စတင်တည်ထောင်ချိန်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၁၁၉ နှစ်အတွင်း သွင်းယူခဲ့သည့် ဂိုးများအနက် အကောင်းဆုံးဂိုးရွေးချယ်ရန် ပရိသတ်များအား မဲပေးစေရာ မက်ဆီ၏သွင်းဂိုး က မဲအများဆုံးရရှိခဲ့ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်သွင်းဂိုး ၆၃ ဂိုး ရွေးချယ်၍ မဲပေးစေရာ သုံးလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၆၀ ကျော်မှ ပရိသတ်ငါးသိန်းဝန်းကျင်က ဝင်ရောက်မဲပေးခဲ့ကြောင်း သိရ သည်။ 

အကောင်းဆုံးဆုရရှိသည့်သွင်းဂိုးကို မတ် ၂၈ ရက်က ထုတ်ပြန်ကြေညာရာ ဂီတာဖေးအသင်းနှင့်ပွဲမှ မက်ဆီ၏သွင်းဂိုးက မဲအရေအတွက် ၄၅ ရာခိုင်နှုန်းဖြင့် အများဆုံး ရရှိခဲ့ခြင်းဖြစ်သည်။ 

မက်ဆီသည် ယင်းပွဲတွင် မိမိကွင်းဘက်ခြမ်းမှ ပြိုင်ဘက်ဂိုးဧရိယာအထိ  ကစားသမားလေးဦးကို ကျော်ဖြတ်ဆွဲပြေးလာ ပြီး ဂိုးသမားကိုပါ ထပ်မံလိမ်ခေါက်၍ လှလှပပသွင်းယူခဲ့သောကြောင့် အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးအဖြစ်ရွေးချယ် ခံရခြင်းဖြစ်သည်။ 

ယင်းဂိုးမှာ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်၌ အာဂျင်တီးနားနှင့် အင်္ဂလန်ပွဲမှ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ၏သွင်းဂိုးနှင့် တစ်ပုံစံတည်းနီးပါးတူညီနေကြောင်း သိရသည်။

ထို့ပြင် အကောင်းဆုံးသွင်းဂိုးဆု ဒုတိယ နှင့် တတိယနေရာတွင်လည်း မက်ဆီ၏သွင်းဂိုးများကသာ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ၌ ဘီလ်ဘာအိုအသင်းဘက်သို့ သွင်းယူခဲ့သည့် ဂိုးက မဲအရေအတွက် ၂၈ ရာခိုင်နှုန်း၊ ၂၀၁၀- ၂၀၁၁ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘာနေဗျူးကွင်း၌ ရီး ယဲလ်အသင်းဘက်သို့ သွင်းယူခဲ့သည့်ဂိုးက မဲအရေအတွက် ၁၆ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။ 

၂၀၁၆-၂၀၁၇ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် PSG အသင်းအား (၆-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲ နာကျင်အချိန်ပိုတွင် ဆာဂျီရောဘတ်တိုသွင်း ယူသည့် နောက်ဆုံးဂိုးမှာ မဲအရေအတွက် ၁၁ ရာခိုင်နှုန်းဖြင့် စတုတ္ထမဲအများဆုံးရရှိသည်။ 

ဘာစီလိုနာအသင်းသည် အကောင်း ဆုံးသွင်းဂိုးဆုရွေးချယ်ရန် ဝင်ရောက်မဲပေးခဲ့သူ ငါးသိန်းကျော်အနက် နှစ်ဦးကို ရွေးချယ်၍ မေ ၂၅ ရက်တွင် ဆီဗီလာအသင်းနှင့်ကစားမည့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ VIP လက် မှတ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent