စီရော်နယ်လ်ဒိုမှာ ပေါ်တူဂီအသင်းအတွက် အလွန်အရေးကြီးသည့် ကစားသမားဖြစ်သည်ဟု ကန်ဆယ်လို ပြောကြား

စီရော်နယ်လ်ဒိုမှာ ပေါ်တူဂီအသင်းအတွက် အလွန်အရေးကြီးသည့် ကစားသမားဖြစ်သည်ဟု ကန်ဆယ်လို ပြောကြား
Photos: AS & AFP
Photos: AS & AFP
Published 20 March 2019

စီရော်နယ်လ်ဒိုသည် လက်ရွေးစင်အသင်းနှင့် (၉)လကြာကွာဝေးနေသူဖြစ်ပြီး မတ်လ (၁၉)ရက်နေ့က ပေါ်တူဂီအသင်းနှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းခဲ့ကြောင်းသိရသည်။

ပေါ်တူဂီအသင်းနောက်ခံလူ ကန်ဆယ်လိုက အသင်းခေါင်းဆောင်စီရော်နယ်လ်ဒိုမှာ အသင်းအတွက် အလွန်အရေးကြီးသည့်ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၃၄)နှစ်အရွယ်ရှိ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရှုံးထွက် (၁၆)သင်းအဆင့်တွင် ဥရုဂွေးအသင်းကို (၁-၂)ဂိုးဖြင့်ရှုံးနိမ့်ပြီးကတည်းက ပေါ်တူဂီလက်ရွေးစင်အသင်းမှ အနားယူနေသူဖြစ်သည်။

သို့ရာတွင် ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်သည် ယူရို-၂၀၂၀ ခြေစစ်ပွဲများအဖြစ်အိမ်ကွင်းတွင် ယူကရိန်း၊ ဆားဘီးယားအသင်းတို့နှင့် ယှဉ်ပြိုင်မည့် ပေါ်တူဂီအသင်းလူစာရင်းတွေ စီရော်နယ်လ်ဒိုကို ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် လက်ရွေးစင်အသင်းနှင့် (၉)လကြာကွာဝေးနေသူဖြစ်ပြီး မတ်လ (၁၉)ရက်နေ့က ပေါ်တူဂီအသင်းနှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းခဲ့ကြောင်းသိရသည်။

ကန်ဆယ်လိုက '' စီရော်နယ်လ်ဒိုဟာ ဘယ်အသင်းကိုမဆို ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့ကစားသမားပါ။ စီရော်နယ်လ်ဒိုနဲ့အတူ တွဲဖက်ပြီးကစားခွင့်ရတာဟာ ပျော်စရာပါပဲ။ စီရော်နယ်လ်ဒိုဟာ ကျွန်တော်တို့ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်" ဟုပြောကြားခဲ့့သည်။

စီရော်နယ်လ်ဒိုသည် ယခုဘောလုံးရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၆)ပွဲတွင် (၂၄)ဂိုးအထိသွင်းယူပေးထားသလို၊ ပေါ်တူဂီအသင်းအတွက်လည်း (၁၅၄)ပွဲတွင်၊ (၈၅)ဂိုးသွင်းယူထားကာ လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးနှင့် ဂိုးအများဆုံးသွင်းသူ အဖြစ်ရပ်တည်နေသူဖြစ်သည်။

ပေါ်တူဂီအသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များအဖြစ် မတ်လ (၂၂)ရက်နေ့တွင် ယူကရိန်း၊ မတ်လ (၂၅)ရက်နေ့တွင် ဆားဘီးယားတို့ကို အိမ်ကွင်းတွင် ဆက်တိုက်ဧည့်ခံကစားရမည်ဖြစ်သည်။

Most Read

Most Recent