အဂွဲရိုး၏သွင်းဂိုး လူကျွံနေပါကတောင်းပန်ကြောင်း ဂွါဒီယိုလာ ပြောကြား

အဂွဲရိုး၏သွင်းဂိုး လူကျွံနေပါကတောင်းပန်ကြောင်း ဂွါဒီယိုလာ ပြောကြား
Photos: AFP
Photos: AFP
Published 18 March 2019

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဆွမ်ဆီးအသင်းအား အနိုင်ရသည့် FA ဖလားပွဲ၌ အဂွဲရိုး၏နောက်ကျသွင်းဂိုးမှာ လူကျွံနေပါက ပြိုင်ဘက်အသင်းအတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် တောင်းပန်လိုကြောင်း ပြောကြားသည်။

မတ် ၁၆ ရက်က လိဂ်ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် FA ဖလား ကွာတားဖိုင်နယ်ပွဲတွင် အိမ်ရှင်အသင်းက ဂရိုင်းစ် (မိနစ် ၂၀၊ ပယ်နယ်တီ)၊ ဆယ်လီနာ (၂၉ မိနစ်) တို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။ 

သို့သော် ၆၉ မိနစ်တွင် ဘာနာဒိုဆေးလ်ဗားက ပထမချေပဂိုး၊ ၇၈ မိနစ်တွင် လူစားဝင်တိုက်စစ်မှူး အဂွဲရိုး၏ ပယ်နယ်တီကန်သွင်းမှု ဆွမ်ဆီးဂိုးသမားနှင့်ထိကာ ဂိုးပြန်ဝင်သွားသဖြင့် ဒုတိယချေပဂိုးရရှိပြီး ၈၈ မိနစ်တွင် ဘာနာဒိုဆေးလ်ဗား၏ ဖြတ်တင်ဘောကို အဂွဲရိုးက ခေါင်းတိုက်၍ အနိုင်ဂိုးသွင်းယူခဲ့သည်။ 

အဂွဲရိုးအနေဖြင့် လူကျွံအနေအထား ဖြစ်နေသော်လည်း ဝေးလ်စ်၌ကျင်းပသည့် ယင်းပွဲတွင် VAR စနစ် အသုံးမပြုသဖြင့်   ပြန်လည်စစ်ဆေးနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ 

သို့ဖြစ်ရာ ဂွါဒီယိုလာက ''အကယ်၍ အဲဒါက ပယ်နယ်တီ ဒါမှမဟုတ် လူကျွံနေတယ်လို့ ပြောလာရင် စိတ်မကောင်းပါဘူးလို့ ဖြေပါရစေ။ ဘာကြောင့် VAR မသုံးလဲဆိုတာ မေးသင့်ပါတယ်။ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရှုံးနိမ့်တာကိုမကြိုက်သလို အဲဒီလိုပုံစံနဲ့လည်း အနိုင်မရချင်ပါဘူး''ဟု ဆိုသည်။

Most Read

Most Recent