လန်ဒန်ဒါဘီ (၂)ပွဲဆက်အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး

လန်ဒန်ဒါဘီ (၂)ပွဲဆက်အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး
Photo: Getty Images
Photo: Getty Images
Published 3 March 2019

ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် (၃)၊ (၄)၊ (၅) နေရာက စပါး၊ မန်ယူ၊ အာဆင်နယ်အသင်းတွေကို တစ်ပွဲလျော့အနေအထားနဲ့ ဆက်လက်ဖိအားပေးနေပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) တနင်္ဂနွေညရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အနောက်လန်ဒန်ဒါဘီပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက အဝေးကွင်းမှာ (၂-၁) ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာလည်း စပါးအသင်းကိုအနိုင်ရခဲ့တဲ့ ချယ်လ်ဆီးအသင်း ဆက်တိုက်ဆိုသလို ဖူလ်ဟမ်အသင်းကိုပါအနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဆိုင်မှုကို အရှိန်ပိုတင်ပေးနိုင်ခဲ့တာပါ။

စနေညပွဲစဉ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဆိုင်ရမယ့် စပါးနဲ့ အာဆင်နယ် သရေကျခဲ့သလို၊ မန်ယူအသင်းအနိုင်ရထားတာကြောင့် ဒီနေ့ပွဲစဉ်ကို အမှားအယွင်းမရှိဖို့ ချယ်လ်ဆီးတို့ သတိကြီးကြီးထားကစားခဲ့ပါတယ်။

နည်းပြ ဆာရီက စပါးအသင်းနဲ့ပွဲ ပွဲထွက်စာရင်းကို အပြောင်းအလဲတွေလုပ်ခဲ့ပြီး ကယ်ပါ၊ ခရစ္စတန်ဆင်၊ အီမာဆင်၊ ဝီလီယံတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

ရာနီရေးရီကိုထုတ်ပယ်ပြီး ချယ်လ်ဆီးကစားသမားဟောင်း စကော့ပါကားကို ယာယီနည်းပြအဖြစ်ခန့်အပ်ထားတဲ့ ဖူလ်ဟမ်အသင်းကလည်း အိမ်ကွင်းမှာအမှတ်ရရှိဖို့အတွက် အကောင်းဆုံးပြင်ဆင်လာခဲ့သလို၊ ချယ်လ်ဆီးအသင်းကိုလည်း အခက်တွေ့အောင ်တုံ့ပြန်နိုင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ ချယ်လ်ဆီးအသင်း ကစားကွက်အသာစီးယူဖို့ကြိုးစားခဲ့ပေမယ့်  ဖူလ်ဟမ်အသင်းရဲ့မာထန်တဲ့တုံ့ပြန်မှုကြောင့် မလွယ်ကူခဲ့ပါဘူး။ 

ချယ်လ်ဆီးအသင်း ဖိအားပေးကစားဖို့ကြိုးစားရင်းနဲ့ပဲ ပွဲချိန်မိနစ် (၂၀)မှာ အဖွင့်ဂိုးရရှိခဲ့ပြီး အက်ဇ်ပီလီကွယ်တာရဲ့ပေးပို့မှုကို ဟီဂွါအင်က ပိတ်သွင်းယူပေးခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက်မှာ ဖူလ်ဟမ်အသင်း ကစားအားတင်ခဲ့လို့ ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းအတွက်ချေပဂိုးကို ပွဲချိန် (၂၇)မိနစ်မှာ ဘာဘယ်လ်ရဲ့ထောင့်ကန်ဘောပေးပို့မှုကနေ လူကပ်ခံထားရခြင်းမရှိတဲ့ ချိန်ဘာစ်က ပြေးပိတ်သွင်းယူပေးခဲ့တာပါ။

ဒါပေမဲ့ ဖူလ်ဟမ်အသင်းရဲ့အပျော်ဟာ (၄) မိနစ်သာခံခဲ့ပြီး (၃၁) မိနစ်မှာတော့ ချယ်လ်ဆီးအသင်း ဒုတိယဂိုးရရှိခဲ့ပါတယ်။ 

ဒီဂိုးကိုတော့ ဟာဇက်ရဲ့ပေးပို့မှုကနေ ကွင်းလယ်လူ ဂျော်ဂျင်ဟို အဝေးကန်ချက်နဲ့လှလှပပသွင်းယူပေးခဲ့တာပါ။

ဒီဂိုးကိုဖန်တီးပေးခဲ့တဲ့ ဟာဇက်အနေနဲ့လည်း ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု (၅၀) ပြည့်ခဲ့ပြီး လမ်းပတ်နဲ့ ဒရော့ဘာနောက်ပိုင်း ချယ်လ်ဆီးအသင်းအတွက် လိဂ်သွင်းဂိုးနဲ့ ဖန်တီးမှု အကြိမ် (၅၀)နဲ့အထက်ရှိတဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ပထမပိုင်းမှာတော့ (၂-၁) ဂိုးနဲ့ပဲပြီးဆုံးသွားခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဖူလ်ဟမ်အသင်း ချေပဂိုးအတွက် ပိုကြိုးစားလာသလို အခွင့်အရေးတွေလည်းရခဲ့ပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား ကယ်ပါ အကောင်းဆုံးပုံစံနဲ့ ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့လို့ ဖူလ်ဟမ်တို့ ချေပဂိုးနဲ့ဝေးခဲ့ရတာပါ။

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဟီဂွါအင်ရဲ့ သေချာပေါက်ဂိုးရနိုင်တဲ့အခြအနေတွေကိုလည်း ဖူလ်ဟမ်ဂိုးသမား ရီကို လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် (၃)၊ (၄)၊ (၅) နေရာက စပါး၊ မန်ယူ၊ အာဆင်နယ်အသင်းတွေကို တစ်ပွဲလျော့အနေအထားနဲ့ ဆက်လက်ဖိအားပေးနေပါတယ်။

Most Read

Most Recent