မန်ချက်စတာနှစ်သင်းစလုံး နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့

မန်ချက်စတာနှစ်သင်းစလုံး နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့
Photos: Getty Images &  Reuters
Photos: Getty Images & Reuters
Published 2 March 2019

ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) စနေညရဲ့ပွဲစဉ်တွေမှာတော့ မန်ချက်စတာမြို့ခံအသင်း (၂)သင်းဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူတို့ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြပါတယ်။

ချန်ပီယံဆုအတွက် အရေးကြီးနေတဲ့ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ဘုန်းမောက်အသင်းကို (၁-၀) ဂိုးနဲ့ ပွတ်ကာသီကာအနိုင်ရခဲ့တာဖြစ်သလို၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးကြီးနေတဲ့ မန်ယူအသင်းကလည်း အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းကို နောက်ကျအနိုင်ဂိုးတွေနဲ့အတူ (၃-၂) ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ မာဆေးဆိုက်ဒ်ဒါဘီ ပွဲစဉ်မတိုင်ခင် ကစားရတဲ့ပွဲဖြစ်တာကြောင့် မန်စီးတီးအသင်းအမှတ်ပေးဇယားထိပ်ဆုံးပြန်ရောက်ဖို့ကြိုးစားခဲ့ပြီး စတာလင်၊ အဂွဲရိုး၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဒေးဗစ်ဆေးလ်ဗားတို့နဲ့ အတူအတောင့်တင်းဆုံးစုဖွဲ့မှုနဲ့ ပွဲထွက်လာခဲ့တာပါ။

ဘုန်းမောက်အသင်းကလည်း အိမ်ကွင်းမှာရမှတ်ရဖို့အတွက် ခံစစ်ကိုကျစ်ကျစ်လျစ်လျစ်စုဖွဲ့ပြီး မန်စီးတီးအသင်းကိုတုံ့ပြန်ခဲ့တာပါ။

ပွဲစကတည်းက မန်စီးတီးအသင်း ကစားကွက်စီးဖို့ကြိုးစားခဲ့ပေမယ့် ဘုန်းမောက်အသင်းက မာမာထန်ထန်နဲ့တုံ့ပြန်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ဂိုးရဖို့ကြိုးစားအားထုတ်မှုတွေကိုလည်း ဘုန်းမောက်အသင်းရဲ့ ခံစစ်နဲ့ ဂိုးသမားတို့အကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့်လည်း ဂိုးတွေစောစောမမြင်ခဲ့ရတာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့လို့ ဒုတိယပိုင်းအစမှာပဲ ဂွါဒီယိုလာဟာ အပြောင်းအလဲတွေလုပ်ခဲ့ပြီး အနိုင်ဂိုးရဖို့ကြိုးစားခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ လူစားဝင်ကစားသမား မာရက်ဇ်က ပွဲချိန် (၅၅)မိနစ်မှာ ဒေးဗစ်ဆေးလ်ဗားရဲ့ပေးပို့မှုကနေ သွင်းယူပေးခဲ့တာပါ။

ဘုန်းမောက်အသင်းကတော့ ပွဲချိန်ကြာလတာနဲ့အမျှ မန်စီးတီးအသင်းကို အဖက်ဖက်ကယှဉ်ဖို့ခက်ခဲ့ပြီး ခံစစ်ပိုင်းမှာပဲ အချိန်ကုန်နေခဲ့ရပါတယ်။

မန်စီးတီးအသင်းနောက်ထပ်ဂိုးရနိုင်တဲ့အခွင့်အရေးတစ်ချို့ရှိခဲ့ပေမယ့် အသုံးချနိုင်ခြင်းမရှိလို့ ပွဲအပြီးမှာတော့ (၁-၀) ဂိုးနဲ့ပဲအနိုင်ရပြီး လီဗာပူးလ်အသင်းရဲ့ပွဲစဉ်မတိုင်ခင်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုတက်လှမ်းနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်း အစောပိုင်းပွဲစဉ်မှာ သရေကျထားလို့ မန်ယူအသင်းကလည်း အိမ်ကွင်းမှာနိုင်ပွဲရရေးအတွက် အစွမ်းကုန်ကြိုးစားသွားခဲ့ပါတယ်။

ဒါပေမဲ့ အဓိက ကစားသမားတွေဒဏ်ရာပြဿနာများနေလို့ မန်ယူအသင်းရဲ့ပွဲထွက်စာရင်းမှာအပြောင်းအလဲတွေရှိခဲ့ပြီး တိုက်စစ်ပိုင်းမှာ လူကာကူ၊ ဆန်းချက်ဇ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ကို တွဲဖက်ခဲ့သလို၊ တွမ်မီနေး၊ ပါရဲရားတို့လို လူငယ်ကစားသမားတွေကို ပွဲထွက်ကစားစေခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းကလည်း အိမ်ရှင်အသင်းကိုအကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပြီး ပွဲချိန်တော်တော်များများမှာ မန်ယူအသင်းကို အခက်တွေ့စေခဲ့တာပါ။

အဖွင့်ဂိုးကိုလည်း ပွဲချိန် (၂၆) မိနစ်မှာ ဆောက်သမ်တန်အသင်းကရရှိခဲ့တာဖြစ်ပြီး အော်စတင်ရဲ့ပေးပို့မှုကနေ ဗာလီရေးက သွင်းယူပေးခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးချိန်မှာ မန်ယူအသင်းချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် ဆောက်သမ်တန်အသင်းရဲ့ မာကျောတဲ့ခံစစ်ကြောင့် ဂိုးရဖို့ခက်နေခဲ့ပါတယ်။

ပထမပိုင်းမှာ (၁-၀) ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာပဲ နောက်ထပ်သွင်းဂိုး (၄) ဂိုးနဲ့အတူ အကြိတ်အနယ်ရှိတဲ့ အခိုက်အတန့်တွေကိုမြင်ခဲ့ရတာပါ။

ပွဲချိန် (၅၃)မိနစ်မှာ မန်ယူအသင်းအတွက် ပါရဲရားက ချေပဂိုးသွင်းယူပေးခဲ့ပြီး (၅၉) မိနစ်မှာပဲ ပါရဲရားရဲ့ပေးပို့မှုကနေ ဆောက်သမ်တန်နဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ လူကာကူက ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒါပေမဲ့ မန်ယူအသင်းရဲ့ဦးဆောင်မှုကို (၇၅) မိနစ်မှာ ဝက်ဒ်ပရောက်က ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းပြီး ဆောက်သမ်တန်အသင်းအတွက် ပြန်လည်ချေပပေးခဲ့ပါတယ်။

သရေရလဒ်ကြောင့် မန်ယူအသင်းအနိုင်ဂိုးအတွက် ကစားအားတင်ခဲ့ပြီး အခွင့်အရေးတွေလည်းရလာခဲ့ပါတယ်။ 

မန်ယူအသင်းအတွက်အဖိုးတန်အနိုင်ဂိုးကိုတော့ (၈၈) မိနစ်မှာ လူစားဝင်ကစားသမား ဖရက်ဒ်ရဲ့ပေးပို့မှုကနေ လူကာကူက ဂိုးဧရိယာအပြင်က အနိမ့်ဘောကန်သွင်းယူပေးခဲ့တာပါ။

ဒီဂိုးဟာ လူကာကူအတွက် ဆောက်သမ်တန်အသင်းဘက်ကို (၉) ဂိုးမြောက်သွင်းယူနိုင်တဲ့ဂိုးလည်းဖြစ်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ မန်ယူအသင်း ပယ်နယ်တီရခဲ့ပေမယ့် ပေါ့ဘာရဲ့ကန်သွင်းမှုကို ဆောက်သမ်တန်ဂိုးသမား အန်ဂတ်ဂန်းကာကွယ်နိုင်ခဲ့လို့ မန်ယူအသင်း ဂိုးတစ်ဂိုးနစ်နာခဲ့ရတာပါ။

ပွဲအပြီးမှာတော့ မန်ယူအသင်းက (၃-၂) ဂိုးနဲ့အနိုင်ရခဲ့ပြီး အာဆင်နယ်ရဲ့သရေရလဒ်ကြောင့် အဆင့် (၄)နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။ 

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

စပါး ၁-၁ အာဆင်နယ်

ဘုန်းမောက် ၀-၁ မန်စီးတီး

ဘရိုက်တန် ၁-၀ ဟတ်ဒါဖီးလ်

ဘန်လေ ၁-၃ ခရစ္စတယ်ပဲလေ့စ်

မန်ယူ ၃-၂ ဆောက်သမ်တန်

ဝုလ်ဗ် ၂-၀ ကာဒစ်ဖ်

လာလီဂါ

အက်စ်ပန်ညို ၃-၁ ဗယ်လာဒိုလစ်

ဗီလာရီးယဲလ် ၁-၂ အလာဗတ်စ်



စီးရီးအေ

အမ်ပိုလီ ၃-၃ ပါးမား

ဘွန်ဒစ်လီဂါ

ရှော်လ်ကေး ၀-၄ ဒစ်ဆယ်ဒေါ့ဖ်

လေဗာကူဆင် ၂-၀ ဖရိုင်းဘတ်

ဖရန့်ဖတ် ၃-၂ ဟော်ဖန်ဟင်မ်

ဟာသာဘာလင် ၂-၁ မိန့်ဇ်

နုရင်ဘတ် ၀-၁ လိုက်ပ်ဇစ်

လိဂ်ချန်ပီယံရှစ်

အက်စတွန်ဗီလာ ၄-၀ ဒါဘီ

ဘရန့်ဖို့ဒ် ၃-၀ QPR

ဟားလ်စီးတီး ၂-၀ ဘာမင်ဂမ်

အစ်ဝစ်ချ် ၁-၂ ရက်ဒင်း

မီဝေါလ် ၁-၃ နောဝစ်ချ်

ပရက်စတန် ၁-၁ ဘရစ္စတိုးလ်စီးတီး

ရော့သာဟမ် ၃-၂ ဘလက်ဘန်း

စတုတ်စီးတီး ၂-၀ နော်တင်ဟမ်

ဆွမ်ဆီး ၂-၀ ဘော်လ်တန်

ဝီဂန် ၀-၀ မစ်ဒယ်ဘရော့

Most Read

Most Recent