“တိုင်းရင်းသားတွေ ၂၀၁၂ ကနေ အခု ၂၀၁၇ အထိ တဖြည်းဖြည်းနဲ့ လျော့လာတယ်။ အရေအတွက် ရာခိုင်နှုန်းအားဖြင့် အများကြီး လျော့လာတယ်” မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း

“တိုင်းရင်းသားတွေ ၂၀၁၂ ကနေ အခု ၂၀၁၇ အထိ တဖြည်းဖြည်းနဲ့ လျော့လာတယ်။ အရေအတွက် ရာခိုင်နှုန်းအားဖြင့် အများကြီး လျော့လာတယ်” မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း
Published 13 September 2017

မောင်တောဒေသတွင် ဖြစ်ပေါ်နေသည့် ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသခံ ဌာနေတိုင်းရင်းသားများမှာ နေရပ်စွန့်ခွာ ထွက်ပြေးရလျက်ရှိသည်။ သြဂုတ် ၂၅ ရက်က စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များမှာ လက်ရှိတွင် အနည်းငယ် လျော့ကျလာခဲ့ပြီဖြစ်သည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်အား The Daily Eleven သတင်းစာက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။    ။လက်ရှိ မောင်တောဒေသ အနေအထားကို ပြောပြပေးပါခင်ဗျ။

ဖြေ။     ။အောက်တိုဘာ ၉ ရက် ဖြစ်စဉ်ပြီးတဲ့ နောက်မှာ ပြန်လည်ထူထောင်ရေးလုပ်နေတာ မပြီးပြတ်သေးဘူး။ ဒီကာလ အတွင်းမှာပဲ သြဂုတ် ၂၅ ရက်က အောက်တိုဘာ ၉ ရက် ဖြစ်စဉ်ထက် အသက်ပေါင်းများစွာ  အန္တရာယ်ကြီးတဲ့ လှုပ်ရှားမှုတစ်ခုကို အကြမ်းဖက်အဖွဲ့ တွေ လုပ်သွားတယ်။ အဲဒါကြောင့်လည်း ဒေသရဲ့ အခြေအနေဟာလည်း အောက်တိုဘာ ၉ ရက်ဖြစ်စဉ်ရဲ့ ပုံမှန်အခြေအနေကို ရာနှုန်းပြည့်နီးပါး ရောက်အောင်လုပ်လာနိုင်ပြီလို့ သုံးသပ်ရတော့မယ့် အခြေအနေမှာ နဂိုထက်ကြီးတဲ့ အခြေအနေမျိုး ဖြစ်သွားတာ။ လက်ရှိအခြေအနေမှာတော့ လုံခြုံရေး အဖွဲ့အစည်းတွေဟာ အခုအချိန်မှာ ဒေသရဲ့ လုံခြုံမှုအခြေအနေကို ထိန်းချုပ်နိုင်ပြီ။ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်။ လုံခြုံရေးအဖွဲ့အစည်းတွေ သင့်လျော်တဲ့အင်အားနဲ့ နေရာတိုင်းမှာ ဖြန့်ကြက်ထားပြီးဖြစ်တယ်။ အဲဒီအတွက် လုံခြုံမှုနဲ့ပတ်သက်လို့ သိပ်စိုးရိမ်စရာ အခြေအနေ မရှိတော့ဘူးလို့တော့ အကြမ်းဖျင်း သုံးသပ်လို့ရတယ်။ သို့သော် တချို့နေရာတွေမှာတော့ ရှိနိုင်ပါသေးတယ်။ ဒါကိုလည်း လုံခြုံရေး အဖွဲ့အစည်းတွေက ကွက်ပြည့်လုံခြုံမှုပေးနိုင်အောင် ဆက်ပြီးတော့မှ ဆောင်ရွက်နေတယ်။ ဒီလိုဆောင်ရွက်ပေးတဲ့ အတွက်ပဲ  ကျေးရွာတွေမှာ ဒီဖြစ်စဉ်ကြောင့် ထိခိုက်မှုရှိတဲ့ တိုင်းရင်းသား ကျေးရွာတွေမှာရော၊ အစ္စလာမ်ဘာသာဝင် ကျေးရွာတွေမှာရော၊ ဖြစ်စဉ်တစ်ခုဖြစ်ပြီဆို အထိုက်အလျောက်တော့ ထိခိုက်မှုတွေ ရှိကြတယ်။

မေး။    ။ မောင်တောမြို့ ပတ်ဝန်းကျင် ကျေးရွာတွေအတွက်က စားနပ်ရိက္ခာ ထောက်ပံ့မှု အနေအထားနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါ။

ဖြေ။     ။ စားနပ်ရိက္ခာနဲ့ ပတ်သက်လို့လည်း ကျေးရွာတွေအားလုံးမှာ စုရပ်တွေ၊ စုရပ်ရှစ်ခု သတ်မှတ်ပြီးတော့မှ ကားနဲ့ပို့လို့ရတာ ပို့ပေးတယ်။ လက်ဆင့်ကမ်းပို့ပေးတယ်။ လုံခြုံရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့မှ ပို့လို့ရအောင်ပို့ ပေးနေတယ်။ အခုလည်း တချို့လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့နေရာတွေမှာ ရာသီဥတု အခြေအနေအပေါ် မူတည်ပြီးတော့မှ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဦးစီးပြီးတော့မှ ရဟတ်ယာဉ်နဲ့ ချပေးတယ်။ လောလောဆယ်မှာ ကျေးရွာတော်တော်များများကို ရာနှုန်းပြည့်နီးပါး ရောက်သွားပြီ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီးတော့မှ ပိုလျှံတယ်၊ လုံလောက်တယ်လို့ ပြောလို့မရပေမယ့် အခက်အခဲ မရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ အလားတူပဲ ခမောင်းဆိပ်၊ တောင်ပြိုဘက် ဆိုရင်လည်း နောက်ထပ်တစ်ရက် နှစ်ရက် ဆိုလို့ရှိရင် လမ်းကြောင်းအားလုံး ပွင့်လာနိုင်ပြီး   ပျက်စီးသွားတဲ့ တံတားတွေ ပြင်ဆင်နိုင်ပြီး ရာသီဥတုကြောင့် ဖြစ်သွားတဲ့ လမ်းတွေကိုလည်း ဒေသတွင်းမှာရှိတဲ့ ဌာနဆိုင်ရာ အကုန်လုံး ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့မှ ပြင်ဆင်တာတွေ ဆက်တိုက်လုပ်နေပါတယ်။

မေး။    ။ ဂေါ်ဒူသာရ မီးလောင်မှုဖြစ်စဉ်မှာ သတင်းမီဒီယာတွေက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။ အဲဒီဖြစ်စဉ် အပေါ်မှာရော ဘယ်လိုတွေ စီမံဆောင်ရွက်ထားပါသလဲ။ ဆိုလိုချင်တာက မီးရှို့တဲ့ တရားခံကိုရော မိပြီလားခင်ဗျ။

ဖြေ။     ။ သြဂုတ် ၂၅ ရက်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ သတင်းမီဒီယာ အဖွဲ့တွေလည်း ၇ ရက်နေ့ကလာတဲ့ ခရီးစဉ်နဲ့ဆိုရင် ဒုတိယခရီးစဉ်ဖြစ်ပြီး ပထမအကြိမ်ကလည်း အောက်ခြေမှာ အမှန်တကယ် ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကို သတင်းရယူခွင့်ကို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်တို့ ခွင့်ပြုပေးခဲ့တယ်။ နောက်လာတဲ့ သတင်းမီဒီယာ အဖွဲ့တွေအနေနဲ့လည်း မြေပြင်ရဲ့ သတင်းအမှန်တွေကို ရရှိသွားမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ ယူဆပါတယ်။ ဂေါ်ဒူသာရ မီးလောင်မှုဖြစ်စဉ်မှာ ပြည်ပသတင်းမီဒီယာ တစ်ခုကနေပြီးတော့မှ ဒါနဲ့ပတ်သက်ပြီး တော့မှ တိုင်းရင်းသား တချို့ကနေပြီးတော့  မီးရှို့တယ်လို့ သုံးသပ်ပြီးတော့မှ တစ်ဖက်သတ် ရေးသွားတာ ရှိပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ပြောလိုတာက မီးရှို့တယ်ဆိုတဲ့ Document ပြဖို့လိုမယ်။ မီးရှို့ရာမှာ အသုံးပြုတဲ့ပစ္စည်း ကိုင်ဆောင်ထားဖို့ လိုတယ်။ နောက်တစ်ခုက ဒီဧရိယာ အဝန်းအဝိုင်းထဲမှာ ဒီမီဒီယာအဖွဲ့ ဒီမီးရှို့ဖြစ်စဉ်နေရာကို မရောက်ခင်မှာ အလယ်သံကျော် ကျေးရွာကို ရောက်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ မြေပြင်မှာရှိတဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဆီက သတင်းပေးပို့လာတာမှာ သေနတ်သံ ခြောက်ချက် ကြားတယ်လို့ ပြောသွားတာရှိတယ်။ အဲဒီအချိန်နဲ့ ဒီမီဒီယာအဖွဲ့ ရောက်တဲ့အချိန်နဲ့  အချိန်နှစ်နာရီကြားထဲမှာ ကွာဟချက်ရှိတယ်။ ဒီနှစ်နာရီ အတွင်းမှာ သူတို့မီးရှို့ပါတယ်ဆိုတဲ့ လူတွေဒီရွာကို လုပ်နိုင်စရာ အကြောင်းမရှိဘူး။ ဖြတ်သွားဖြတ်လာ မီးလောင်နေတာကို ဝင်ကြည့်ကောင်းကြည့်တာ ဖြစ်ပါလိမ့်မယ်။ မီးရှို့တယ် ဆိုတာကို ဘယ်သူဘယ်ဝါဆိုတာ ကို Document ခိုင်ခိုင်လုံလုံပေးဖို့ လိုလိမ့် မယ်။ မှန်ကန်မှုရှိတယ်ဆိုရင် ကျွန်တော်တို့ကတော့ ထိရောက်စွာ အရေးယူပေးမယ်။ ဒါသည် ဥပဒေအရ လုပ်နေတာဖြစ်တယ်။ ဥပဒေစိုးမိုးရေးရှိအောင် လုံခြုံမှုမရှိတဲ့ နေရာမှာ လုံခြုံမှုရှိအောင်လုပ်ပြီးပြီ။ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေပြီ။ အဲဒီအတွက် တရားဥပဒေစိုးမိုးရေး အတွက်ကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်တဲ့အတွက် ဥပဒေမဲ့ ဆောင်ရွက်ချက် မည်သည့်လုပ်ရပ်မျိုးမဆို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။ မည်သူမဆို အစ္စလာမ်ဘာသာဝင်ရှိတယ်။ ဟိန္ဒူဘာသာဝင်ရှိတယ်။ ရခိုင်တိုင်းရင်းသား တွေရှိတယ်။ အခြားအခြား တိုင်းရင်းသားတွေ ရှိတယ်။ ကျူးလွန်တယ်ဆိုရင် မည်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူမယ်။

မေး။    ။ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်သွားသူတွေကို ဘယ်လိုဆောင်ရွက်မလဲ။

ဖြေ။     ။ ဘင်္ဂလားဒေ့ရှ်ဘက်ကို အစ္စလာမ်ဘာသာဝင်တွေ သွားနေတယ်ဆိုတာ သတင်းမှန်တယ်။ အလားတူ ကျွန်တော်တို့ တိုင်းရင်းသားတွေလည်း သွားနေရတာပဲ။ စိုးရိမ်ကြောက်လန့်မှုဆိုတာ နှစ်ဖက်စလုံးမှာ ရှိတယ်။ သူတို့တင်မဟုတ်ဘူး။ ရခိုင်တိုင်းရင်းသားတွေလည်း စိုးရိမ်လို့ပြေးတာ စစ်တွေထိ ရောက်တယ်။ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးထားပေမယ့် သူတို့ရဲ့ ကြောက်စိတ်ကို ဖြေဖျောက်ဖို့ဆိုတာ ဒီလိုအခြေအနေမျိုးမှာ အလွယ်တကူ ဖြေဖျောက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ သို့သော် ဒီနိုင်ငံ ဒီနယ်မြေ ဧရိယာထဲမှာ ရှိတယ်ဆိုလို့ရှိရင်တော့ ပြန်လည်ထူထောင်ရေးကာလ ကိစ္စရပ်ရောက်တဲ့အခါမှာ သူတို့ကျေးရွာတွေမှာ နေခဲ့တဲ့ဟာတွေ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ကောက်ခံပြီးတော့မှ လိုအပ်တာ ကျွန်တော်တို့ လုပ်ပေးမယ်။ ဒါပေမဲ့ တစ်ဖက်နိုင်ငံကို ကျွန်တော်တို့ ပယောဂမပါဘဲနဲ့ သူ့ဆန္ဒနဲ့သူ သွားတဲ့ဟာဆိုရင် ကျွန်တော်တို့က နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်လည်း ပြောခဲ့ပြီးဖြစ်တယ်။ ကျွန်တော်တို့စိစစ်ပြီး ပြန်လက်ခံမယ်။ ကျွန်တော်တို့နိုင်ငံလည်း အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်တယ်။ ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်လို့ရတဲ့ နိုင်ငံမှ မဟုတ်တာ။ သူ့သဘောနဲ့သူ ထွက်သွားပြီးတဲ့သူတွေကို အလွယ်တကူ လက်ခံပေးရမယ် ဆိုတာတော့ လုံးလုံးမဖြစ်နိုင်ဘူး။

မေး။    ။ မောင်တောကျေးရွာနဲ့ မြို့ပေါ်မှာဖြစ်ခဲ့တဲ့ မီးရှို့မှု ကို ဘယ်သူတွေက လုပ်သလဲ။ အဲဒါတွေနဲ့ ပတ်သက်ပြီး ပြောကြားပေးပါခင်ဗျ။

ဖြေ။     ။ မီးရှို့တဲ့အပိုင်းမှာလည်း ၂၀၁၂ ခုနှစ် အတွင်းမှာ သူတို့တိုင်းရင်းသား ကျေးရွာတွေကို မီးရှို့ခဲ့တယ်။ ဒီနယ်မြေသည် ၂၀၁၂ ခုနှစ် ဖြစ်စဉ်၊ ရဲတပ်ကြပ်ကြီး သတ်ဖြတ်မှုဖြစ်စဉ်၊ ၂၀၁၆ ဖြစ်စဉ်၊ အခု ၂၀၁၇ ဖြစ်စဉ်။ ဖြစ်စဉ် ဖြစ်တိုင်းမှာ ၂၀၁၂ တုန်းကလည်း ကျွန်တော်တို့ တိုင်းရင်းသားတွေ ထွက်ပြေးတယ်။ ၂၀၁၄ မှာလည်း ထပ်ပြေးရတယ်။ ၂၀၁၆ မှာလည်းပြေးရတယ်။ အခု ၂၀၁၇ မှာလည်း ပြေးတယ်။ ပြေးပြေးရင်းနဲ့ ဒီကိုပြန်ဝင်လာ တဲ့အင်အားသည် ၂၀၁၂ တုန်းကရှိတဲ့ အင်အားလောက် ပြန်မလာဘူး။ ဒီလိုမျိုး တစ်စတစ်စ ဒီလိုဖြစ်စဉ်မျိုး ဖန်တီးရင်း ဖန်တီးရင်းနဲ့ ဒီမှာရှိတဲ့ ဌာနေတိုင်းရင်းသား တစ်ယောက်မှ မကျန်တော့ဘူး။ ဒီဖြစ်စဉ်မျိုးထိ သွားနေတဲ့ အနေအထားမျိုးရှိတယ်။ နောက်တစ်ခုက ဒီလိုဖြစ်စဉ်မျိုးဖြစ်ရင် နှစ်ဖက်လုံးမှာတော့ သက်ရောက်မှုရှိတယ်။ ထိခိုက်မှုရှိတယ်။ ထိ ခိုက်မှုရှိတယ်ဆိုတဲ့ အပိုင်းပြောရရင် ၉၈ နဲ့ နှစ်ရာခိုင်နှုန်း။ ၉၈ ယောက်က အစာရေစာ ပြတ်လတ်တယ်ဆိုရင် ဒီဖက်က နှစ်ယောက် ကလည်း အစာရေစာပြတ်လပ်တယ်။ ဒီဖက် က နှစ်ယောက်က စားဖို့အတွက်ရရင် ၉၈ ယောက်ကလည်း သူစားဖို့ရမှာပဲ။ သို့သော် လောက်ငမှုတော့ နှစ်ယောက်ကတော့ လောက်ရင်လောက်မယ်။ ၉၈ ယောက်က တော့အပြည့်အ၀ ရချင်မှရမယ်။ အဲဒီတော့ သူတို့တွေသည် လက်ရှိ အင်အားအရ သူတို့ သည် ၉၈ ရာခိုင်နှုန်းက ဖြစ်နေတယ်။ ဖြစ်နေ တာဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ Image ကလည်း ပြောတာရှိတယ်။ လူနည်းစုလို့ ပြောနေတာရှိတယ်။ လူနည်းစုက စောစောက ၉၈ ရာခိုင်နှုန်းနဲ့ နှစ်ရာခိုင်နှုန်းမှာ မည်သူမဆို ဒါကိုသဘောပေါက်တယ်။ ဒေသတွင်းအနေနဲ့ ကျွန်တော်တို့ ပြောတယ်။ ဒီဒေသတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူပုဂ္ဂိုလ်တွေအားလုံး ဘူးသီးတောင်ဆို ၉၅ ရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်း၊ မောင်တောဆို ၉၈ ရာခိုင်နှုန်းနဲ့ နှစ်ရာခိုင်နှုန်း၊ ဒီနှစ်ရာခိုင်နှုန်းကို လူနည်းစုလို့ မပြောဘဲ ၉၈ ရာခိုင်နှုန်းကို လူနည်းစုလို့ ဘာကြောင့်ပြောတာလဲ။ ဒါတစ်ပိုင်း၊ နှစ်ရာခိုင်နှုန်းကလည်း ထွက်ပြေးနေတယ်။ ၉၈ ရာခိုင်နှုန်းကလည်း ထွက်ပြေးနေတယ်။ ပြေးနေတဲ့အပိုင်းမှာမှ နှစ်ရာခိုင်နှုန်းကို လူနည်းစုလို့ မမြင်ဘဲ ၉၈ ရာခိုင်နှုန်းကိုမှ မြင်လာအောင်လို့ သေချာတာက ၉၈ သည် အများကိန်း ဖြစ်နေတယ်။ ၉၈ သည် ဘယ်လိုနဲ့မှ လူနည်းစုလို့ မြင်စရာ အကြောင်းမရှိဘူး။ ဒုက္ခမဖြစ်ဖြစ်အောင် လုပ်တယ်လို့ပဲ ကျွန်တော်ယူဆတယ်။ ဒီ ၉၈ ရာခိုင်နှုန်းသည် နိုင်ငံတကာရဲ့ အဖိအနှိပ်ခံ လူတန်းစားတစ်ရပ် အနေနဲ့ ရှုမြင်လာအောင် လုပ်တယ်လို့ပဲ ကျွန်တော် ယူဆတယ်။ ဒါပဲ ကျွန်တော်ဒီလိုပဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ၉၈ ရာခိုင်နှုန်းသော လူများသည် NGO အဖွဲ့အစည်းတွေက တောက်လျှောက် ထောက်ပံ့ပေးခဲ့တာတွေပဲ။ UNHCR ဆိုရင် ၁၉၉၂ ကတည်းက ဝင်လာတာ။ နှစ်ပေါင်းကို မနည်းတော့ဘူး။ အဲဒီတုန်းက ဝင်လာတာနဲ့ အခုအခြေအနေကိုကြည့် ဘာထူးခြားမှုရှိလဲ။ ဘာမှထူးခြားမှုမရှိဘူး။ ဒီအတိုင်းပဲ။ အတူတူပဲ။ ထောက်ပံ့နေတုန်းပဲ။ လူဦးရေ တိုးလာတာသာ အဖတ်တင်တယ်။ ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မထူးခြားဘူး။ ထူးခြားတာတစ်ခုက ကျွန်တော်တို့ တိုင်းရင်းသားတွေ ၂၀၁၂ ကနေ အခု၂၀၁၇ အထိ တဖြည်းဖြည်းနဲ့လျော့လာတယ်။ အရေအတွက် ရာခိုင်နှုန်းအားဖြင့် အများကြီးလျော့လာတယ်။ လျော့လာတဲ့အတွက် ရှိပြီးသား လူဦးရေ အင်အားကနေပြီးတော့မှ လူနည်းစုအသွင်ဖြစ်တဲ့ ဖိနှိပ်ခံရပါတယ်ဖြစ်အောင် ပျက်စီးမှု၊ ထိခိုက်မှု၊ နစ်နာမှု၊ သေကျေမှု၊ ဒဏ်ရာရမှု ပိုများအောင်လုပ်တယ်။ ဒီအတွက် ဒီမှာရှိတဲ့ သူတို့ကျေးရွာသည် ဒေသန္တရနှုန်းနဲ့ တွက်ရင် အလွန်ဆုံး ဒီအိမ်တစ်အိမ်သည် တစ်သိန်း မတန်ဘူး။ ဒါပေမဲ့ ပြန်လည်ထူထောင်ရေးကာလမှာ ပြန်လည်ပေးဆပ်ရတာက သူတို့မျှော်လင့်ထားတာထက် ၂၀၁၂ ကနေ အခုထိ ငါးနှစ်တာ ကာလအတွင်းမှာ ဒီလိုအိမ်ကြီးအိမ်ကောင်း ဖြစ်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ ဖိနှိပ်ခံရပါတယ်။ ကျွန်တော်တို့ နှိပ်ကွပ်ခံရပါတယ်။ ကျွန်တော်တို့ အိမ်ကိုမီးရှို့ပါတယ်ဆိုတဲ့ အသွင်သဏ္ဌာန်ရအောင်ယူတာပဲ။ ဒါပဲ ဒီသဘောပဲ။

 

Most Read

Most Recent