အီကာဒီထံမှ အသင်းခေါင်းဆောင်ရာထူးကို အင်တာမီလန် ပြန်လည်ရုပ်သိမ်းပြီး ဂိုးသမား ဟန်ဒါနိုဗစ်ထံ လွှဲပြောင်းပေး

အီကာဒီထံမှ အသင်းခေါင်းဆောင်ရာထူးကို အင်တာမီလန် ပြန်လည်ရုပ်သိမ်းပြီး ဂိုးသမား ဟန်ဒါနိုဗစ်ထံ လွှဲပြောင်းပေး
Published 14 February 2019

အင်တာမီလန်အသင်းသည် တိုက်စစ်မှူး အီကာဒီထံမှ အသင်းခေါင်းဆောင်ရာထူးကို ပြန်လည်ရုပ်သိမ်းပြီး အသင်းဂိုးသမား ဟန်ဒါနိုဗစ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။ 

အစောပိုင်းကတည်းက အသင်းနှင့် စာချုပ်သစ်ကိစ္စ ညှိနှိုင်းမှုအဆင်မပြေဖြစ်နေသည့် အီကာဒီသည် ယခုသတင်းကြောင့်  အသင်းမှထွက်ခွာရန် ရာခိုင်နှုန်းပိုများလာခဲ့သည်။

အီကာဒီ၏အေးဂျင့်အဖြစ် ဆောင်ရွက်နေသူ ဇနီးသည် ဝမ်ဒါနာရာက " သူ့(အီကာဒီ)ကို ဘောလုံးကောင်းကောင်းကစားနိုင်အောင် အသင်းမှာ ကူညီတဲ့သူတစ်ဦးမှ မရှိပါဘူး။ စာချုပ်ကလည်း လက်မှတ်ရေးထိုးဖို့ အလှမ်းကွာဝေးပါသေးတယ်။ သူ့ကို လက်မှတ်ထိုးဖို့စိတ်ဝင်စားနေတဲ့ အသင်းကြီးတချို့ရှိပါတယ်။ အဲ့ဒီထဲမှာ စပိန်ကလပ်အသင်းကြီး(၂)သင်း ပါဝင်နေပြီး ကျွန်မတို့နဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။  နောက်ထပ်ကတော့ အင်္ဂလိပ်တစ်သင်းနဲ့ ပြင်သစ်တစ်သင်းပါပဲ"ဟု မကြာသေးမီကမှ ဖွင့်ဟထားခဲ့သည်။ 

အီကာဒီကိုခေါ်ယူရန်  စိတ်ဝင်စားနေသည့်အသင်းများတွင် ရီးယဲလ်မက်ဒရစ်၊ ချယ်လ်ဆီးတို့ ထိပ်ဆုံးမှ ပါဝင်နေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ 

အီကာဒီ၏စာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၁ ခုနှစ်အထိဖြစ်ပြီး အင်တာမီလန်အသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း (၁၀၀)ဝန်းကျင်ရရှိလျှင် ရောင်းချသွားဖွယ်ရှိနေသည်။ 

(၂၅)နှစ်အရွယ်သာရှိသေးသူ အာဂျင်တီးနားလက်ရွေးစင်မှာ ရက်ပစ်ဝီအန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်ရှုံးထွက်(၃၂)သင်းအဆင့်ပွဲစဉ်အတွက် လူစာရင်းတွင်လည်း ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ဘာစီလိုနာအကယ်ဒမီထွက် အီကာဒီသည် ၂၀၁၃ ခုနှစ်တွင် ဆမ်ဒိုးရီးယားမှ အင်တာမီလန်သို့ ပြောင်းရွှေ့လာသူဖြစ်သည်။

Most Read

Most Recent